Print

ဆံပင်မကျွတ်အောင် ကာကွယ်စေကြောင်း နည်းလမ်းကောင်း

  26-Nov-2019
Preview Image

          လူတိုင်းဟာ မိမိရဲ့ ဆံကေသာကို နက်မှောင်သန်စွမ်းလှပစေချင်ကြပေမယ့် စိတ်ဖိစီးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေစားသောက်တာ၊ မှားယွင်းတဲ့ဘဝနေထိုင်မှုပုံစံနဲ့ တခြားအကြောင်းအမျိုးမျိုးတွေကြောင့် ဆံပင်ကျွတ်ပြီး ဆံပင်တွေပါးလာတာကြောင့် မိမိရဲ့ ရုပ်ရည်ရူပကာနဲ့ ဥပဓိရုပ်ကိုပါ ထိခိုက်လာပါတော့တယ်။ လူတွေဟာ နေ့တိုင်း ဆံပင်နည်းနည်းပါးပါး ကျွတ်တာဟာ သဘာဝဖြစ်ပါတယ်။


          ဒါပေမယ့် ဆံပင်ကျွတ်ပြီး ဆံပင်အသစ်ပြန်မပေါက်ဘဲ ဆံပင်တွေ ကျွတ်မြဲ ဆက်ကျွတ်နေရင်တော့ ဒီပြဿနာကို လေးလေးနက်နက် ဂရုတစိုက် ဖြေရှင်းဖို့ လိုလာပါပြီ။ သင့်အနေနဲ့ ဆံပင်ကျွတ်ပြီး ဆံပင်တွေကျဲပါးလာတဲ့ ပြဿနာကို ဆေးဝါးမှီဝဲပြီးကုသဖို့ ရွေးချယ်နိုင်ပေမယ့် ဒီလိုဆေးဝါးတွေ မှီဝဲပြီး မကုသခင် အိမ်မှာတင် သဘာဝအတိုင်း ဆံပင်ကျွတ်တာကို တားဆီးကာကွယ်နိုင်မယ့် လွယ်ကူထိရောက်တဲ့ နည်းလမ်းကောင်းတွေနဲ့ အရင်စမ်းပြီး ကုသကြည့်နိုင်ပါတယ်။


သင့်တော်တဲ့ ဆံပင်ကို ထိန်းသိမ်းရေးပစ္စည်းတွေကိုသာသုံးပါ

          ဈေးကွက်မှာ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးအမျိုးအစားတပုံတပင်ကြီးကို အလွယ်တကူ ဝယ်ယူလို့ရပေမယ့် ဒီဟာတွေအားလုံးက သင့်အနေနဲ့ ဝယ်ယူအသုံးပြုဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ ပထမအချက်အနေနဲ့ သင့်ဦးရေပြား အမျိုးအစားကို အရင်ဆုံး သိရှိနားလည်ထားဖို့လိုပြီး သင့်တော်မယ့် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေကို ရွေးချယ်ဝယ်ယူအသုံးပြုပါ။

          ဈေးကွက်မှာ ဆံပင်ကျွတ်တဲ့ ပြဿနာတွေအတွက် အထူးသီးသန့် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေကို ဝယ်ယူနိုင်လို့ စမ်းပြီးသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် အပြင်းစား ဓာတုပစ္စည်းတွေ အများကြီးပါတဲ့ ခေါင်းလျှော်ရည်တွေက သင့်ရဲ့ ဆံပင်တွေကို ပျက်စီးစေနိုင်တာကြောင့် ဒီလိုခေါင်းလျှော်ရည်မျိုးတွေကို ရှောင်ကြဉ်သင့်တယ်။ ဓာတုပစ္စည်းတွေ အများကြီးပါတဲ့ ခေါင်းလျှော်ရည်တွေက သင့်ရဲ့ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေတာကြောင့် ဆံပင်အဖျားတွေ နှစ်ခွကွဲပြီး ဆံပင်တွေ ကျွတ်နိုင်ပါတယ်။


လက်ဖက်ခြောက်စိမ်း

          လေ့လာမှုတချို့အရ ဦးရေပြားပေါ်ကို လက်ဖက်စိမ်း လက်ဖက်ရည်ကြမ်းရည်နဲ့ ပွတ်လိမ်းပြီး နာရီဝက်လောက် ဒီအတိုင်းဆက်ထားပြီးမှ ခေါင်းကိုဆေးကြောပစ်လိုက်ရင် ဆံပင်ကျွတ်တာကို တားဆီးကာကွယ်နိုင်အောင် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ သင့်အနေနဲ့ လက်ဖက်ခြောက်စိမ်း အိတ်ကလေးနှစ်အိတ်ကို ခွက်တစ်ခွက်ထဲမှာ ရေနွေးပူပူနဲ့ စိမ်ထားပြီးတော့ ဆေးသွားရင် ဦးရေပြားပေါ်ကို လိမ်းကျံဖို့ လိုပါတယ်။ နာရီဝက်ကြာရင်တော့ ခေါင်းကို ဆေးကြောပစ်လိုက်ပြီး ခေါင်းလျှော်လိုက်ရင် ဆံပင်ကျွတ်တာကို ကာကွယ်တားဆီးနိုင်ပါတယ်။


စိတ်ဖိစီးမှု မဖြစ်အောင် ရှောင်ကြဉ်ပါ

          စိတ်ဖိစီးမှုဟာ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆီးချိုသွေးချို၊ အဝလွန်တာ၊ လေဖြတ်တာနဲ့ ဆံပင်ကျွတ်တာတွေအပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့ လူအတော်များများဟာ ပုံမှန်အနေနဲ့ ဆံပင်ကျွတ်လေ့ရှိပါတယ်။

          ဒါကြောင့်မို့လို့ ဆံပင်မကျွတ်ချင်ဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဖိစီးမှုမဖြစ်အောင် ရှောင်ကြဉ်ဖို့လိုပါတယ်။ သင့်အနေနဲ့ ယောဂသင်တန်းတက်တာ၊ တရားထိုင်တာ၊ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နေတာနဲ့ သင့်ကို ပျော်ရွှင်စိတ်ချမ်းမြေ့စေတာတွေမှန်သမျှကို လုပ်ဖို့လိုပါတယ်။


ရေစိုနေတဲ့ဆံပင်ကို ခေါင်းမဖြီးပါနဲ့

          ဆံပင်တွေဟာ ရေစိုနေတဲ့အခါမှာ ခိုင်ခံ့မှုအနည်းပါးဆုံးဖြစ်တယ်ဆိုတာ သင်သိချင်မှသိပါလိမ့်မယ်။ အဲဒီအခြေအနေမျိုးမှာ သင့်ရဲ့ဆံပင်တွေကို ခေါင်းဖြီးမိရင် ဆံပင်အရင်းက မွေးညင်းအိတ်ကလေးတွေ အလွယ်တကူ အားနည်းသွားစေတာကြောင့် ဆံပင်တွေကျွတ်လာလိမ့်မယ်။

          ဒါကြောင့် ဆံပင်တွေကို ရေကောင်းကောင်းခြောက်သွားမှသာ ခေါင်းဖြီးသင့်ပါတယ်။ နောက်ပြီးတော့ ဆံပင်လေမှုတ်စက်နဲ့ အပူပေးပြီး ဆံပင်ခြောက်အောင် လုပ်တာကိုလည်း ရှောင်ကြဉ်သင့်ပြီး သဘာဝအတိုင်း ဆံပင်ကို သူ့ဘာသာခြောက်သွားအောင်ထားပါ။


ကြက်ဥက ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်

          ကြက်ဥမှာ ပရိုတင်း အသားဓာတ်ကြွယ်ဝစွာပါတာကြောင့် ဆံပင်တွေကို သန်စွမ်းထူထဲစေပါတယ်။ သင့်အနေနဲ့ ကြက်ဥတချို့ကို အနှစ်ရည်ဖြစ်အောင် ခလောက်ပြီး ဆံပင်တွေ အထူးသဖြင့် ဦးရေပြားပေါ်မှာ နှံ့အောင်လိမ်းကျံထားဖို့ လိုပါတယ်။ အဲဒီလို လိမ်းကျံပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမှ ရေနဲ့ ဆေးကြောပစ်လိုက်ပါ။

          သင်ရဲ့ဆံပင်တွေဟာ အရမ်းလိုအပ်နေတဲ့ ပရိုတင်းအသားဓာတ်တွေကို ကောင်းကောင်းရရှိသွားတာကြောင့် ဆံပင်တွေကို နက်မှောင်ပြောင်းလက်ပြီး ထူထဲကျန်းမာသန်စွမ်းလာပါလိမ့်မယ်။


ဗီတာမင်ဓာတ်တွေကို မှီဝဲပါ

          ဗီတာမင်ဓာတ်တွေဟာ ခန္ဓာကိုယ်တစ်ကိုယ်လုံးအတွက် လိုအပ်သလို သင့်ရဲ့ ဆံပင်တွေအတွက်လည်း လိုအပ်ပါတယ်။ ဗီတာမင်အီးဟာ သွေးလည်ပတ်စီးဆင်းမှု တိုးတက်ကောင်းမွန်လာအောင် အထောက်အကူပြုပြီး ဗီတာမင်စီက ဆံပင်ကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့ သံဓာတ်ကို စုပ်ယူရာမှာ အထောက်အကူပြုပါတယ်။

          ဗီတာမင်ဒီကတော့ ဆံပင်မွေးညင်းအိတ်အသစ်ကလေးတွေဖြစ်လာစေပါတယ်။ နောက်ပြီးတော့ သင့်အနေနဲ့ ဆံပင်တစ်သျှူးတွေကြီးထွားလာပြီး ပျက်စီးသွားတဲ့ ဆံပင်တစ်သျှူးတွေကို ပြုပြင်ပေးတဲ့အခါမှာ မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍကနေပါတဲ့ ဇင့်ဓာတ်ကို မေ့ထားဖို့လည်း လိုပါတယ်။


သင်ရဲ့ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးပါ

          သင့်ရဲ့ဦးရေပြားကို ဆီခပ်နွေးနွေးနဲ့ ပုံမှန်နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုလျော့နည်းသက်သာအောင် အထောက်အကူပြုရုံတင်မကဘူး။ သွေးလည်ပတ်စီးဆင်းမှုကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါကြောင့် သင့်ရဲ့ ဆံပင်မွေးညင်းအိတ်ကလေးတွေကို ကြီးထွားသန်စွမ်းလာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ဗောက်ထတာနဲ့ ဦးရေပြားမှာ ရောဂါပိုးစွဲကပ်တာ စတဲ့ပြဿနာတွေကို ပျောက်ကင်းသွားအောင်လည်း အထောက်အကူပြုနိုင်ပါတယ်။ အဲဒီပြဿနာတွေအတွက် အကောင်းဆုံးအသုံးပြုနိုင်တဲ့ ဆီတွေကတော့ အုန်းဆီ၊ နှမ်းဆီနဲ့ ဗာဒံဆီတွေ ဖြစ်ပါတယ်။

          အထိရောက်ဆုံး အသုံးပြုနိုင်အောင် အုန်းဆီနဲ့ ဗာဒံဆီနှစ်မျိုးကို ဆတူရောပြီး ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး ဦးရေပြားတစ်ခုလုံးကို နှံ့အောင် လိမ်းပြီးတော့ နှိပ်နယ်ပေးပါ။

Credit : ဝင်းစိုးနိုင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18