Print

အဆီဖုလေးတွေ ပျောက်ကင်းချင်လား

  30-Aug-2019
Preview Image

          ဒီရက်ပိုင်း မျက်နှာအဆီဖုလေးတွေ လာပြတဲ့မိန်းကလေးတွေများတယ်။ ပုံမှန်အားဖြင့် အဆီဖုလေးတွေဟာ အဆီဂလင်းများလို့ သို့မဟုတ် အဆီဂလင်းတွေ ကျယ်သူတွေမှာ ပိုတွေ့ရတယ်။ တကယ်တော့ အဆီဂလင်းဆိုတာ အလွန်သေးငယ်တယ်။ မျက်စိနဲ့ မမြင်ရဘူး။ ဒါပေမယ့် အဆီအိတ်မှာ ဖုန်၊ ပိုးမွှား၊ ဆဲလ်သေ စတာတွေနဲ့ ပေါင်းစပ်ရင် အဆီဖုလေးတွေ ဖြစ်လာလိမ့်မယ်။ အဆီဖုလေးတွေက ဝက်ခြံလိုရဲမနေဘူး။ အဖြူရောင်ရှိတယ်။ ဆဲလ်သေတွေ ပါနေတာမို့ နည်းနည်းမာနိုင်တယ်။ အရွယ်အစားက တစ်မီလီမီတာမှ သုံးမီလီမီတာလောက်သာရှိတယ်။ အစုလိုက်ဖြစ်တာထက် ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက် ဖြစ်တာများတယ်။

          အဆီအဖုလေးတွေဟာ ဟော်မုန်းအပြောင်းအလဲမြန်တဲ့ မိန်းကလေးတွေမှာ ပိုဖြစ်လေ့ရှိတယ်။ ရာသီဥတု၊ အစားအသောက်စတာတွေနဲ့ ဆိုင်တာများတယ်။ သကြား၊ အချိုဓာတ်ကဲတဲ့ အစားအစာ၊ ဆိုဒါပါတဲ့ ဖျော်ရည်၊ အဆီအဆိမ့်၊ ဆီကြော်စာ စတာတွေကြောင့် ဖြစ်တယ်။ အိပ်ရေးပျက်တာ၊ အစားမမှန်တာကနေ ပိုဆိုးစေတယ်။ အဆီဖုလေးတွေက ပိုးဝင်ရင် ဝက်ခြံအဆင့်ထိ ဖြစ်နိုင်တယ်။ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမယ့် မျက်နှာအလှကို ပျက်စီးစေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူး။ အဲလို မဖြစ်အောင် ဘယ်လို လုပ်မလဲ။ တစ်ဆင့်ချင်း ဖော်ပြပေးပါမယ်။


ပထမအဆင့်

          မျက်နှာကို တစ်နေ့ နှစ်ကြိမ်သစ်ပါ။ မျက်နှာသစ်ဆပ်ပြာ အပျော့စားသုံးပါ။ အထဲမှာ အဆီပြန်ခြင်းကို သက်သာစေတဲ့ Retinol ပါရင် ပိုကောင်းတယ်။ Retinol ဆိုတာ ဗီတာမင်အေပါတဲ့ ဝက်ခြံ ပျောက်ဆေးတစ်မျိုးလည်း ဖြစ်တယ်။ ဒါပြင် Benzoyl Peroxide, Sulfur နဲ့ Salicylic Acid ပါတဲ့ မျက်နှာသစ်ဆေးတွေလည်း ကောင်းတယ်။ မျက်နှာသစ်ဆေးလိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးသင့်တယ်။ လိမ်းရင်းနဲ့ အပေါ် တဖြည်းဖြည်း တက်သွားပါ။ ပြီးရင် စက္ကန့် ၃၀ ကြာအောင် ထားပြီးမှ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပါ။ မျက်နှာသစ်ပြီးရင် သန့်စင်တဲ့အဝတ်နဲ့ သုတ်ပါ။ ပထမအဆင့် ပြီးပါပြီ။


ဒုတိယအဆင့်

          မျက်နှာသစ်တိုင်း တိုနာ Toner ကို ဂွမ်းစနဲ့ တို့ပြီး မျက်နှာအနှံ့ လိမ်းပေးသင့်တယ်။ ဒီလိုပြုလုပ်ခြင်းက မျက်နှာပေါ် ဗက်တီးရီးယား၊ ဆဲလ်သေကင်းစင်စေပြီး အဆီထုတ်လုပ်မှုကို လျော့နည်းသွားစေမယ်။ တိုနာ Toner ရွေးချယ်တဲ့အခါ Alcohol free ဖြစ်တာကိုသာ ရွေးချယ်သုံးစွဲရမယ်။ ဒါကို အထူးသတိထားပါ။ အမွှေးရနံ့ပါတာ လုံးဝမသုံးသင့်ပါဘူး။ Antioxidants နဲ့ Exfoliants အာနိသင်ပါရင် ပိုကောင်းတယ်။ တိုနာသုံးပြီးတဲ့အခါတိုင်း အစိုဓာတ်ထိန်း Moisturizer တစ်မျိုးမျိုးထပ်သုံးရမယ်။ Moisturizer ရွေးတဲ့အခါ တစ်ခြား ဘာအာနိသင်မှ မပါတဲ့ အစိုဓာတ်ထိန်းဆေး သီးသန့်သာ ရွေးချယ်သုံးသင့်တယ်။ Moisturizer က တိုနာကြောင့် ဖြစ်လာတဲ့ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးလိမ့်မယ်။


တတိယအဆင့်

          အဆီပြန်တဲ့ အသားအရေအတွက် အသုံးဝင်တဲ့ Azelaic Acid လို ဆေးမျိုးလိမ်းပေးသင့်တယ်။ ဆေးက အဆီဂလင်းထုတ်လုပ်မှုကို တားဆီးပေးမယ်။ ဒါတင်မက ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ Proprionobacterium Acnes နဲ့ Staphylococcus Epidermidis ဘက်တီးရီးယားပိုးမွှားတွေကိုပါ ကာကွယ်ပေးမယ်။ ဒီဆေးလိမ်းတဲ့အခါ သတိထားစရာတွေ ရှိတယ်။ ဆေးကဆရာဝန်ညွှန်ကြားချက်လိုတယ်။ သုံးစွဲရမယ့်အချိန်ကာလ၊ အတိုင်းအတာ တစ်ယောက်နဲ့တစ်ယောက်မတူပါ။ ညစဉ်လိမ်းရတယ်။ အပေါ်က ဘာမှထပ်မသုံးရဘူး။ အသားအရေခြောက်သွေ့တာ၊ အရေပြားကွာတာ ဖြစ်နိုင်တယ်။ ပူစပ်ပူလောင်ရှိတတ်တယ်။


စတုတ္ထအဆင့်

          ကျားဟော်မုန်း Androgen များရင် ဟော်မုန်းညှိတဲ့ဆေး တွေပါလိုပါတယ်။ ဥပမာ Diane (Cyproterone and Ethinyl Estradiol) လို ဆေးမျိုးတွေက အဆီပြန်ခြင်း ကင်းစေပြီး ဝက်ခြံမထွက်အောင် ကာကွယ်ပေးတယ်။ မျက်နှာတစ်ပြင်လုံး ဖြစ်သူတွေမှာ ဝက်ခြံပျောက်ဆေး Accutane (Isotretinoin) လို ဆေးမျိုးလည်းလိုပါတယ်။ ဆေးက ဘေးထွက်ဆိုးကျိုးများလွန်းလို့ အထူးကုဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်မှာသာ သောက်ရတယ်။ ဆေးအကြောင်း နားလည်ကျွမ်းကျင်တဲ့ ဆရာဝန်သာ ကိုင်ရမယ်။ ဆရာဝန်ရဲ့ အနီးကပ်ကြည့်မှုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် မသုံးသင့်ဘူး။ ခြောက်လအတွင်း ကိုယ်ဝန်လည်းမယူရဘူး။ ကလေးကို ထိခိုက်စေမယ်။ တခြားဆိုးကျိုးတွေလည်း အများကြီးရှိသေးတယ်။


ပဉ္စမဆင့်

          ဒါမှမသက်သာရင် နောက်ဆုံးနည်းလေဆာပစ်လို့ ရတယ်။ ဒီနည်းကို Photodynamic Therapy လို့ခေါ်ပါတယ်။ အရည်တစ်မျိုးလိမ်းပြီး လေဆာကြောင့် အဆီဂလင်းထုတ်လုပ်မှုကို လျော့နည်းစေတယ်။ အရမ်းကြီးတဲ့ အဆီဖုတွေမှာ ဒီနည်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမကောင်းပါ။ ပြန်ပေါ်လာနိုင်သေးတယ်။ အဆီဂလင်းရောင်ရာက ပိုကြီးလာပြီး အဖုအပိမ့်ဖြစ်တဲ့အခါ Acetic Acid လို အက်ဆစ်အပြင်းစားမျိုး သုံးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ အဖုအပိမ့်ထွက်တဲ့ အရေပြားကို ၁၀ ရက်အတွင်း ကွာကျစေတယ်။


ကာကွယ်ခြင်း

          အဆီဖုလေးတွေ မဖြစ်အောင် အစားအသောက်နဲ့ အနေအထိုင် ဂရုစိုက်ရမယ်။ အဆီဖုလေးတွေဟာ အချိုစားသုံးမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။ အချို့ဓာတ်ကဲတဲ့အစားအစာ ၊ နွားနို့၊ ထောပတ်၊ ချီးစ် စတာတွေ ရှောင်ပါ။ ကစီဓာတ် တတ်နိုင်သမျှလျှော့သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်မသောက်သင့်ပါ။ ဆီကြော်စာနဲ့ အာလူးကြော် လုံးဝရှောင်ပါ။ နောက်သတိထားရမှာတစ်ခုက အနေအထိုင်ဖြစ်ပါတယ်။ မျက်နှာအဆီဖုရဲ့ ၃၀ ရာခိုင်နှုန်းဟာ နေရောင်နဲ့တိုက်ရိုက် ထိတွေ့မှုကြောင့်ဖြစ်တယ်။ ဒါ့ကြောင့် အပြင်သွားတဲ့အခါ နေကာလိမ်းဆေး SPF 30 အထက်ပါတယ် ရွေးချယ်ဖို့လိုပါတယ်။ သို့သော် နေလောင်ကာတစ်မျိုးတည်း မရသေးဘူး။ အပေါ်က အစိုဓာတ်ကို ထိန်းပေးမယ့် Moisturizer ဆိုတာ တစ်ခါထပ်လိမ်းရမယ်။

          အနှစ်ချုပ်လိုက်ရင် မျက်နှာအဆီဖုတွေ ကင်းစင်စေဖို့ Retinol ပါတဲ့ မျက်နှာသစ်ဆေး Face Wash တစ်မျိုး၊ သန့်စင်တဲ့မျက်နှာသစ်ပဝါ Clean Towel၊ ဂွမ်း Cotton Balls၊ တိုနာ Toner၊ အစိုဓာတ်ထိန်းဆေး Oil-free Moisturizer၊ Azelaic Acid လိမ်းဆေးတစ်မျိုးမျိုးနဲ့ နေလောင်ကာလိမ်းဆေး Sunscreen SPF – 30 လိုအပ်ပါတယ်။

          အားလုံးထက်ပိုအရေးကြီးတဲ့အချက်က Cosmetics ပစ္စည်းတွေကို သေသေချာချာနည်းမလည်ဘဲ လျောက်မဝယ်သင့်ပါဘူး။ အခန့်မသင့်ရင် အဆီဖုတွေက မပျောက်နိုင်တော့ဘဲ ပိုဆိုးလာတတ်တယ်။ ဒါနဲ့ပတ်သက်လို့ အရေပြားဆရာဝန် Paula Begoun ပြောတာလည်း မှတ်သားချင်စရာ။

          “ကျွန်တော့် အတွေ့အကြုံ အရ ဝက်ခြံ၊ အဆီဖုပေါက်သူရဲ့ ထက်ဝက်ခန့်ဟာ ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတွေသုံးစွဲမိရာက ဖြစ်နေကြတယ်။ ဒီတော့ ကျွန်တော်မပါဘဲ Cosmetics ကောင်တာတွေ ခင်ဗျားတို့ ယောင်လို့တောင် ခြေဦးမလှည့်မိစေနဲ့” တဲ့။

          ကဲ . . . ဒီတော့ Cosmetics ဝယ်မယ် စိတ်ကူးရင် အရေပြားအကြောင်းနားလည်တဲ့ ဆရာဝန်တစ်ယောက်အနားခေါ်ပြီး ရှော့ပင်ထွက်ကြပေါ့ဗျာ။


Credit: ဒေါက်တာအေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18