Print

အာဟာရနှင့် အရေပြားအကြောင်း

  27-Aug-2019
Preview Image

အရေပြားကောင်းဖို့အတွက် ဘယ်လိုဗီတာမင်တွေကို ဖြည့်စွက်သောက်သုံးသင့်ပါသလဲ။

          ဘယ်ဟာမှ မလိုပါဘူး။ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ် စတာတွေပါဝင်တဲ့ ပုံမှန်အာဟာရမှာ ဗီတာမင်တွေ ပါဝင်ပြီးသားပါ။ ဗီတာမင်တွေဟာ အရေပြားဆဲလ်တွေရဲ့ ဇီဝကမ္မရုပ်ဖြစ်စဉ်အတွက် အလွန်အရေးပါပါတယ်။ ဒါပေမယ့် နေ့စဉ်လိုအပ်တဲ့ပမာဏကို စားသုံးတဲ့အစာအာဟာရထဲက လုံလောက်စွာရနိုင်တာမို့ သက်သက်ဖြည့်စွက်သောက်ဖို့ ယေဘုယျအားဖြင့် မလိုအပ်ဘူး။ နေ့စဉ်လိုအပ်တဲ့ ပမာဏထက် များစွာပိုလျှံစွာ သောက်သုံးမိရင် အရေပြားရော၊ အခြား ခန္ဓာကိုယ်အင်္ဂါတွေအတွက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တယ်ဆိုတာကို သိထားပေးပါ။ ဒီလိုဆိုပေမယ့်လည်း ဗီတာမင်တွေထဲကမှ ဗီတာမင် A,C,E သုံးမျိုးကတော့ “အရေပြား ဗီတာမင်” လို့ ခေါ်နိုင်မယ်ထင်တယ်။ အရေပြားကောင်းချင်ရင် ဒီဗီတာမင်သုံးမျိုး လုံလောက်ပေါကြွယ်ဝတဲ့အစာနဲ့ သစ်သီးဝလံတွေ စားပေးဖို့ လိုပါတယ်။

 

ဗီတာမင် A,C,E တွေအကြောင်း ထပ်ရှင်းပြပေးပါ။

          ဗီတာမင်အေဆိုတာ အရေပြားအလွှာတွေစိုပြည်ဖို့ ပြုပြင်ပေးတာပါ။ အသားအရေပျက်စီးရင် ဘယ်လိုနေသလဲ၊ အသားခြောက်မယ်။ အဖတ်တွေကွာမယ်။ အရောင်မွဲမယ်။ ဒါတွေကို ပြုပြင်ဖို့ ဗီတာမင်အေလိုတယ်။ လိမ္မော်သီး၊ မုန်လာဥနီစတာတွေမှာ ဗီတာမင်အေ အများကြီးပဲ။ အစိမ်းရောင်သစ်သီးဝလံတွေ၊ ဥတွေ၊ နို့ စတာတွေမှာလည်း အများအပြားပါဝင်တယ်။

          နေရောင်ဒဏ်ကို ကျော်လွှားဖို့ ဗီတာမင်စီလိုတယ်။ ဗီတာမင်စီကောင်းတယ်ဆိုတာ လူတိုင်းသိတယ်။ သင့်အရေပြား နေရောင်ခြည်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ဖို့ ဗီတာမင်စီလိုတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာကိုလည်း ပြုပြင်ပေးတယ်။ နေဒဏ်၊ အပူဒဏ်၊ ဓာတ်တိုးပစ္စည်းကြောင့် အရေပြားထဲက ကော်လာဂျင်၊ အီလပ်စတင်အမျှင်တွေ ပြတ်ကုန်တယ်။ အရေပြားတွန့်တာဖြစ်စေတယ်။ ဒါတွေကို ဗီတာမင်စီက လျော့ကျစေတာ၊ ကာကွယ်ပေးတာပါ။

ချဉ်တဲ့အသီးတွေမှာ အဓိကပါဝင်တယ်။ သဘောၤသီး၊ ကီဝီသီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင်စီရှိတယ်။ အေနဲ့ စီအပြင် နောက်ထပ်ကျန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဗီတာမင်အီးပါ။ အရေပြားပျက်စီးမှုရဲ့ အဓိကလက်သည်ဖြစ်တဲ့ နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ အဲဒါအပြင် အရေပြားရောင်ရမ်းတာကိုလည်း လျော့ကျစေတယ်။ ခန္ဓာကိုယ်ခုခံမှုစနစ်ကိုလည်း အားဖြည့်ပေးတယ်။ အခွံမာသီး (Nuts) တွေ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ အစိမ်းရောင်အရွက် စတာတွေမှာ အဓိကပါဝင်တယ်။

 

ဗီတာမင်အပြင် အခြားအရေပြားအတွက် လိုအပ်တာတွေကိုလည်း ရှင်းပြပါ။

          ဆီလီနီယမ်၊ ကိုအင်ဇိုင်း Q10 စတဲ့ ဓာတ်တွေ၊ ရေလုံလုံလောက်လောက် သောက်ပေးခြင်း၊ အိုမီဂါအဆီဓာတ်၊ လက်ဖက်ရည်ကြမ်း စတာတွေဟာလည်း အရေပြားကျန်းမာရေးအတွက် လိုအပ်တာတွေပါ။

          ဆီလီနီယမ် (Selenium) ဆိုတာ သတ္ထုဓာတ်တစ်မျိုးဖြစ်ပြီး အရေပြားဆဲလ်တွေကို Free radicals ခေါ် ဘေးထွက်ပစ္စည်းတွေရဲ့ဒဏ်က ကာကွယ်ပေးတယ်။ အမဲသား၊ ဆယ်လမွန်ငါး၊ ကမာ၊ မှို၊ အခွံမာ၊ အစေ့တွေမှာ များစွာပါဝင်တယ်။

          ကိုအင်ဇိုင်း Q10 က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအကောင်းစားပါ။ ဆဲလ်တွေအလုပ်လုပ်ရာက ထွက်လာတဲ့အမှိုက်တွေ၊ ဓာတ်တိုးဓာတ်တွေကို အမှိုက်သိမ်းသလို ရှင်းပေးတယ်။ အသည်း၊ ဆယ်လမွန်နဲ့ တူနာငါးတွေ၊ ဂျုံစေ့တွေမှာ ပါဝင်တယ်။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီဖြစ်တဲ့ အိုမီဂါအဆီဓာတ်ဟာ အရေပြားအတွက်လည်း ကောင်းတယ်။ ငါးအဆီတွေမှာ အဓိကပါဝင်တယ်။ သံလွင်ဆီ၊ လျှော်စေ့ဆီတွေမှာလည်း ပါဝင်တယ်။ အရေပြားနူးညံ့ချောမွေ့စေပြီး အသားခြောက်တာ၊ အရောင်မညီတာ လျော့စေတယ်။ လက်ဖက်ရည်ကြမ်း Green Tea ဆိုတာ အရေပြားအတွက် နတ်ပေးတဲ့အာဟာရပါ။ အရေပြားရောင်ရမ်းမှုကို လျော့ကျစေတယ်။ ဒီအင်အေပျက်စီးမှုကို ပြုပြင်ပေးတယ်။ နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်။ အသားအရေပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးပါတယ်။

 

အဆီများတဲ့အစားအစာ

အဆီများတဲ့အစားအစာ စားရင် အရေပြားအဆီ ပိုပြန်လာမလား။

          အများစုထင်ကြတာက အဆီများတာစားရင် အသားအရေ အဆီပိုပြန်မယ်ဆိုတာပဲ။ ဒါပေမယ့် အမှန်က အဆီစားများတာနဲ့ အဆီပြန်တာ ပတ်သက်မှုမရှိဘူး။ အရေပြားအပေါ်လွှာမှာ အဆီအိတ်ကထွက်တဲ့အဆီနဲ့ ချွေးအိတ်ကထွက်တဲ့ ချွေးငွေ့၊ ရေငွေ့ရောနေတာကို အဆီပြန်တယ်လို့ ခေါ်တာ။ တကယ်လို့ စိုထိုင်းဆများရင် ချွေးက ရေငွေ့မပြန်ဘူး။ မခြောက်လွယ်ဘူး။ ဒါကြောင့် ပူအိုက်စွတ်စိုရင် ကပ်စီးစီးနဲ့ အဆီပြန်တာ ဖြစ်ပါတယ်။ အဆီအိတ်တွေက အဆီထွက်တာဟာ ဟော်မုန်းဓာတ်ပေါ်မှာ မူတည်တာပါ။ အစာပေါ်မှာ မူမတည်ပါဘူး။

 

ဗီတာမင်ချို့တဲ့ခြင်းနဲ့ အသားခြောက်ခြင်း

ဗီတာမင်ချို့တဲ့ရင် အသားခြောက်စေတယ်ဆိုတာ ဟုတ်ပါသလား။ ဗီတာမင်အေသောက်ပေးရင် အသားခြောက်တာ ပျောက်တယ်လို့ ကြားဖူးလို့ပါ။

          လူကောင်းတွေမှာ အသားခြောက်တာရဲ့ အခြခံအကြောင်းရင်းက အရေပြားအစိုဓာတ်လျော့နည်းသွားလို့ပါ။ ဒီလိုခြောက်တာကို ပျောက်အောင်ဗီတာမင်ဖြည့်စွက်သောက်ပေးလို့ ရမှာမဟုတ်ပါဘူး။ ဗီတာမင်တွေချို့တဲ့ရင် အရေပြားရော၊ အခြားကိုယ်အင်္ဂါတွေမှာပါ ပြဿနာဖြစ်နိုင်ပါတယ်။ အငတ်ဘေး၊ အလွန်အမင်းအစားရှောင်တာ၊ ရောဂါဖြစ်ပွားတာတွေမှာ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေကြောင့်ဆိုရင်တော့ တတ်ကျွမ်းတဲ့သူကို ပြသကုသမှုခံယူရပါတယ်။ ဗီတာမင်အေကို “အရေပြားဗီတာမင်” လို့ ယူဆတာကြောင့် အသားခြောက်ရင် ဗီတာမင်အေချို့တဲ့တာလို့ထင်တာပါ။ အမှန်တော့ မဟုတ်ပါဘူး။ တကယ်ဆိုရင် ဗီတာမင်အေ အလွန်အကျွံသောက်သုံးရင် ခန္ဓာကိုယ်မှာ Hypervitaminosis A ခေါ်တဲ့ ပြဿနာတောင် ဖြစ်စေနိုင်ပါသေးတယ်။ နေ့စဉ် ဗီတာမင်အားဆေးသောက်တာနဲ့တော့ ဘယ်သူမှ ပြဿနာမဖြစ်ကြပါဘူး။ ဒါပေမယ့် တကယ်လိုအပ်မှသောက်တာ ကောင်းပါတယ်။

Credit: ဒေါက်တာ စိုးဝင်းဦး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18