Print

Face Cream ကိုဘာကြောင့်သုံးစွဲသင့်လဲ

  29-Jun-2019
Preview Image

          လွန်ခဲ့သော ရာစုနှစ်များကပင် Face Cream သုံးစွဲခြင်းမျိုး စတင်ခဲ့ပါတယ်။ ဒါ့အပြင် Face Cream သည် အသက်အရွယ်တိုင်း၊ အရေပြားအမျိုးအစား အားလုံးတိုင်းအတွက် မသုံးလျှင်မဖြစ်သော အရေပြားထိန်းသိမ်းသည့် ကုန်ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းကို အသုံးပြုခြင်းအားဖြင့် အရေပြားကို ကျန်းမာပြီး ကြည့်ကောင်းလာစေကာ အစိုဓာတ်ကိုလည်း ရရှိစေနိုင်ပါလိမ့်မယ်။ အရေပြားအခြေအနေပေါ်မူတည်ပြီး

၁။ အစိုဓာတ်ပေးနိုင်သော Moisturizer ကဲ့သို့သော Face Cream

၂။ ရေဓာတ်ကို ထိန်းထားပေးသော Face Cream

၃။ Anti- aging ကဲ့သို့သော အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်သော Face Cream

၄။ အရေပြားကို နူးညံ့စေသော Face Cream နှင့်

၅။ အရေပြားဆဲလ် အဟောင်းများကို ဖယ်ရှားပေးပြီး အသား အသစ်ဖြစ်လာစေသော Face Cream ဟူ၍ Face Cream အမျိုးမျိုးရှိသည့်အတွက် မိမိနှင့် သင့်လျော်ရာတစ်မျိုးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ မည်သို့သော အာနိသင်ရှိတဲ့ အမျိုးအစားပင်ဖြစ်စေကာမူ အရည်အသွေးပြည့်မီတဲ့ ဓာတ်ပစ္စည်းတွေပါဝင်တဲ့အတွက် အသုံးပြုပါက အကျိုးရှိစေမှာ အမှန်ပါ။ အဲဒီ Face Cream တွေ အားလုံးက အရေပြားကို နူးညံ့ပြီး တင်းတင်းရင်းရင်းရှိစေပါလိမ့်မယ်။

          အဲဒီ Face Cream တွေမှာ ပါဝင်နိုင်တဲ့ ဓာတ်ပစ္စည်းတွေကတော့ ပျားရည်၊ ပျားဖယောင်း၊ ဗီတာမင်များ၊ တွင်းထွက်များ၊ သံလွင်ဆီ၊ ဗာဒံဆီ၊ ဂရေဆလင်၊ တစောင်းလက်ပက်၊ သိုးမွေးမှရသည့် အဆီ၊ ကြက်ဆူဆီနှင့် ရေနံမှဖြစ်သည့် ဆီခဲ စသည်တို့ပင်ဖြစ်သည်။

 

မိမိအရေပြားနဲ့ အသင့်လျော်ဆုံးသော Face Cream ကို ဘယ်လိုရွေးချယ်မလဲ။

          ဒီလိုရွေးချယ်ရာမှာ အရေးအကြီးဆုံးကတော့ မိမိဟာ ဘယ်လိုအသားအရေ ပိုင်ရှင်ဖြစ်သလဲဆိုတဲ့ အချက်ရယ် ၊ မိမိအရေပြားမှာ ဘာတွေလိုအပ်နေတာလဲဆိုတဲ့ အချက်တွေကို သိထားဖို့လိုပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မိမိဟာ ခြောက်သွေ့တဲ့ အရေပြားဆိုပါစို့။ အဲဒါဆိုရင် အရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး အမွှေးပါဝင်မှုမရှိတဲ့ Face Cream မျိုးကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် အဆီပြန်ပြီး အဖုအပိမ့်ရှိတဲ့ အရေပြားဆိုရင်တော့ ပိုနေတဲ့အဆီကို စုပ်ယူပေးနိုင်ပြီး အဆီအများအပြားထွက်ရှိမှုကိုပါ ထိန်းချုပ်ပေးနိုင်တဲ့ Face Cream မျိုးကို အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Face Cream နှင့် Moisturizer တို့ရဲ့ ကွဲပြားချက်တစ်ခုကို ပြောလိုပါတယ်။ ယေဘုယျအားဖြင့် Face Cream တွေဟာ Moisturizer တွေထက် ပျစ်ပြီးထူကာ အရေပြားကိုလည်း ပိုမိုကောင်းမွန်စေတဲ့ အာနိသင်ရှိပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် Face Cream ဟာ အရေပြားကို အစိုဓာတ်ပေးနိုင်ရုံတင်မကဘဲ အရေပြားမှာ လိုအပ်နေတဲ့ ဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ Moisturizer ကတော့ အရေပြားကို အစိုဓာတ်ပေးရုံပဲ တတ်နိုင်ပါတယ်။ သို့သော်လည်း အဆိုပါနှစ်မျိုးစလုံးဟာ အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ပတ်ဝန်းကျင်ရှိ ပိုးမွှားများကိုလည်း ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတာချင်းကတော့ အတူတူပါပဲ။ Face Cream အသုံးပြုခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ -


၁။ အရေပြားကို နေ၊ လေနဲ့ အအေးဒဏ်တို့မှ ကာကွယ်ပေးနိုင်ခြင်း

၂။ အရေပြားကို အာဟာရဓာတ်များ ဖြည့်တင်းပေးခြင်း

၃။ အရေပြားကို အစိုဓာတ်ပေးခြင်း

၄။ အရေပြားကို သက်သောင့်သက်သာ ဖြစ်စေခြင်း

၅။ အရေပြား၏ အသွေးအဆင်းကို တိုးတက်ကောင်းမွန်စေခြင်း

၆။ သဘာဝအလျောက် အစိုဓာတ်လျော့နည်းမှုကို လျှော့ချပေးခြင်း

၇။ အရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၈။ မိတ်ကပ်မလိမ်းမီ အောက်ခံအဖြစ်အသုံးပြုနိုင်ခြင်း

၉။ အရေပြားခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

၁၀။ အရေပြားကို နူးညံ့စေခြင်းတို့ပဲ ဖြစ်ပါတယ်။

Face Cream ကို ဒီလိုအသုံးပြုမယ်


အဆင့်(၁) မျက်နှာပြင်သန့်စင်ခြင်းနဲ့ Toner ကိုအသုံးပြုခြင်း

          ပထမဦးစွာ မျက်နှာပြင်ကို သန့်စင်ပေးပါ။ ပြီးလျှင် မိမိအရေပြားနှင့် သင့်လျော်သော တိုနာ (Toner) ကို မဖြစ်မနေလိမ်းပေးပါ။ တိုနာရည်ခြောက်သွားအောင် မိနစ်အနည်းငယ်လောက်ထားပေးပါ။ ပြီးမှ Face Cream ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။


အဆင့်(၂) Face Cream လိမ်းကျံခြင်း

          Face Cream အနည်းငယ်ခန့်ကို လက်ချောင်းထိပ်ဖျားဖြင့် ယူပြီးမျက်နှာပြင်ပေါ် လိမ်းပေးပါ။ ထိုသို့လိမ်းရာတွင် မျက်လုံးထဲသို့ မဝင်ပါစေနှင့်။ မျက်နှာပြင်အလယ်ဘက်နေရာမှစတင်၍ အပေါ်သို့ပင့်ကာဖြင့် လိမ်းရပါမည်။ အတင်းပွတ်ဆွဲခြင်းမျိုးမလုပ်ပါနှင့်။ Face Cream လိမ်းပြီးချိန်တွင် မျက်နှာပြင်တွင် အဆီများဖြစ်နေပါက Tussue စတစ်ခုဖြင့် အသာဖိကပ်ပေးပါ။


အဆင့်(၃) လည်ပင်းကို မေ့မထားပါနှင့်

          Face Cream (သို့) Moisturizer ကို လည်ပင်းနေရာကိုပါ လိမ်းကြံပေးရန် မမေ့သင့်ပါ။ လည်ပင်းအောက်မှ အထက်ဘက်သို့ ပင့်တင်၍ လိမ်းပေးပါ။

Credit : ဧကမ္ဘာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18