Print

ကိုယ်ပေါ်မှာ ထွက်တဲ့ ဝက်ခြံ

  22-Jun-2019
Preview Image

          ဝက်ခြံဆိုတာ ခံရခက်တဲ့ အရေပြားပြဿနာ တစ်မျိုးပါ။ အလှပျက်စေလို့ ဘယ်သူမှ ဝက်ခြံ မပေါက်ချင်တာပါ။ ဝက်ခြံဆိုရင် မျက်နှာပေါ်မှာသာပေါက်တယ်လို့ မထင်ပါနဲ့။ ခန္ဓာကိုယ်မှာလည်း ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ နောက်ကျောနဲ့ ပေါင်၊ တင်ပါး တစ်ဝိုက်တွေမှာ ဝက်ခြံပေါက်တတ်ပါတယ်။ အများဆုံးပေါက်တဲ့ နေရာကတော့ နောက်ကျောနဲ့ ရင်ဘတ်တစ်ဝိုက်ပေါ့။


ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်း

          ဝက်ခြံရဲ့ အဓိကပြဿနာကတော့ အရေပြားကနေ အဆီထွက်များရာကနေ စတင်တာပါ။ မွေးညင်းအိတ်ငယ်တွေမှာ ထွက်လာတဲ့အဆီတွေ စုပေါင်းပြီး အပြင်က ဖုန်မှုန့် ၊ အညစ်အကြေးတွေနဲ့ ဗက်တီးရီးယား တွေ ပေါင်းစုမိပြီး ဝက်ခြံထွက်လာပါတယ်။

          အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေမှာ ချွေးပေါက်ကျယ်တဲ့အခါ ဝက်ခြံပေါက်ဖို့ ပိုပြီး ရာခိုင်နှုန်းများတာပေါ့။ အများအားဖြင့် အပူချိန်ပြင်းပြီး ပူနွေးစိုစွတ်တဲ့ နေရာဒေသနဲ့ ရာသီဥတုမှာဆိုရင် ဝက်ခြံက ပိုပေါက်တတ်ပါတယ်။ အဆီအိတ်လို့ခေါ်တဲ့ Sebaceous Follicles ကနေ အစပြုလို့ ဝက်ခြံအများဆုံး ပေါက်တတ်ပါတယ်။ အင်္ကျ ီကျပ်ကျပ်နဲ့ ဘော်လီအင်္ကျ ီကြိုးကျပ်ကျပ်ဝတ်တတ်တဲ့သူတွေမှာဆိုရင် အရေပြားပတ်တိုက်အားများလို့ ကိုယ်ပေါ်မှာ ပေါက်တဲ့ဝက်ခြံကို ပိုဆိုးစေတတ်ပါတယ်။ အမျိုးသမီး  များထက် အမျိုးသားများဟာ ခန္ဓာကိုယ် မှာ ဝက်ခြံ ပိုပေါက်တတ်ကြပါတယ်။ ဒါကလည်း ဟောမုန်းနဲ့ သက်ဆိုင်လို့ပါပဲ။ ဝက်ခြံပေါက်ပြီးရင်လည်း ကြီးမားတဲ့ဝက်ခြံကြောင့် အမာရွတ်တွေ ထင်ကျန်နေတတ်လို့ ရုပ်ပိုင်းဆိုင်ရာ အကျည်းတန်မှုကို ဖြစ်စေတယ်လေ။


နောက်ဆက်တွဲဆိုးကျိုးများ

          ကိုယ်ပေါ်မှာပေါက်တဲ့ ဝက်ခြံရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ မသန့်တဲ့ လက်နဲ့ မကြာခဏ ကုတ်ဖဲ့ထိုးဆွမိတာကြောင့်၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာကြောင့် ၊ အစားအသောက်အနေအထိုင် မဆင်ခြင်တာကြောင့် စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရိုးရိုးဝက်ခြံကနေ ဝက်ခြံကြီး ၊ ဝက်ခြံပုန်း၊ ဆင်ဝက်ခြံ စတဲ့ ဝက်ခြံပြဿနာတွေ ဆက်တိုက်ခံစားရပြီး နောက်ဆုံးမှာတော့ ခန္ဓာကိုယ် အရေပြားမှတစ်ဆင့် ရောဂါပိုး ကူးစက်ခံရပြီး သွေးအဆိပ်တက်ခြင်း(Septiceamia) ဝင်ကာ ချမ်းတုန်၊ ဖျားနာပြီး ပြင်းထန်ဆိုးရွားတဲ့ အခြေအနေမျိုး ကျရောက်လာလျှင် အသက်အန္တရာယ်ပေးသည်အထိ ဖြစ်လာတတ်ပါတယ်။


ကိုယ်ပေါ်မှာ ဝက်ခြံပေါက်တတ်တဲ့သူတွေ

          မျက်နှာမှာသာမက ကိုယ်ပေါ်မှာပါ ဝက်ခြံပေါက်တတ်တဲ့ သူတွေကတော့

-       ဆယ်ကျော်သက်အရွယ် ဟော်မုန်းအပြောင်းအလဲ များသူတွေ

-       အဆီပြန်တတ်တဲ့ အသားအရေရှိပြီး ချွေးပေါက်ကျယ်သူတွေ

-       တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းသူတွေ

-       ကိုယ်ဝန်ဆောင်မိခင်တွေ

-       ဟော်မုန်းဆေး သောက်နေရသူတွေ

-       ကိုယ်ခံအားဖိနှိပ်ဆေး မှီဝဲ နေရသူတွေ

-       အပူချိန်လွန်ကဲတဲ့ အရပ်ဒေသ ၊ နေရာဝန်းကျင် မှာ နေထိုင်ရသူတွေပဲ ဖြစ်ပါတယ်။


ဝက်ခြံ ကုသဆေးဝါးများ

          ဝက်ခြံကို သက်သာစေတဲ့ ဆေးဝါးတွေကတော့

1.    Benzoyl Peroxide

2.    Glycolic acid

3.    Salicylic acid

4.    Isotretinoin

5.    Tetracycline စတဲ့ ဆေးဝါးများအပြင် ပိုးဝင်ကူးစက်ခံရတဲ့ ဝက်ခြံတွေအတွက် အရေပြားဆရာဝန်များက သင့်လျော်ရာ ပဋိဇီဝပိုးသတ်ဆေးများကိုလည်း ပေးတတ်ပါတယ်။ ဝက်ခြံပေါက်လာတဲ့အခါ ဝက်ခြံ ကို အကင်းသေပျောက်သည်အထိ သေချာကုသဖို့ လိုပြီး တတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်များနဲ့သာ ပြသတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဝက်ခြံပေါက်တဲ့အခါ ထပ်မံပြန့်ပွားမှု မရှိအောင် ဝက်ခြံပေါက်တဲ့နေရာကို သန့်သန့်ရှင်းရှင်းထားဖို့လည်း လိုပါတယ်။ ဝက်ခြံပေါက်သွားရင်ဖြစ်စေ၊ ဝက်ခြံကို ထိုးဆွမိတဲ့အခါမှာဖြစ်စေ ဝက်ခြံပေါက်တဲ့နေရာကို သန့်စင်အောင် Beta- lodine ဒါမှမဟုတ် အနာသန့်စင်ဆေးရည်များနဲ့ သန့်စင်ဆေးကြောပြီး ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ အရေပြားလိမ်းဆေးတွေကို လိမ်းပေးနိုင်ပါတယ်။ အနာကို ကိုင်တွယ်တဲ့အခါ လက်သန့်ရှင်းဖို့ အရေးကြီးတာကြောင့် မကိုင်တွယ်မီ နဲ့ ကိုင်တွယ်ပြီးချိန်မှာ သင့်လက်ကို သေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။

Credit : သွန်းသော်တာ (B.N.Sc)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18