Print

ဗျောက်ပျောက်ချင်လား

  21-Jun-2019
Preview Image

          လူတိုင်း တစ်ချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာဦးရေပြား ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာပါ။ အင်္ဂလိပ်လို Dandruff လို့ သုံးတယ်။ Anti- dandruff shampoo ဆိုတာ ဗောက်ပျောက် ခေါင်းလျှော်ရည် ကို ခေါ်တာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဗောက်ထနေကြတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစ်လေ့ရှိတယ်။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေပါ။ ဟော်မုန်း၊ အစားအသောက်နဲ့ ရာသီဥတု အပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါတယ်။

 

         ယေဘုယျအားဖြင့် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုပေါက်အရွယ်မှာ စဖြစ်ပြီး လူလတ်ပိုင်ကျော် အရွယ်အထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားမှုက သိသိသာသာ လျော့ကျလာတယ်။ အဆီဂလင်း ထုတ်လုပ်မှုနည်းသွားလို့ ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းတစ်ရပ်ပါ။ အပူအစပ်၊ အချို၊ အငန်ကြိုက်သူတွေဟာ သူများထက် ပိုဖြစ်နိုင်ပါတယ်။ အရက်၊ ဘီယာစတာတွေကလည်း ဗောက်ထစေနိုင်တဲ့ အကြောင်းအရာထဲ ပါတယ်။ အေအိုင်ဒီအက်စ်ရောဂါနဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထတတ်တယ်။

  

        ဗောက်ထသူ အများစုကို လေ့လာကြည့်ရင် ဆောင်းရာသီမှာ ပိုမိုဖြစ်ပွားလေ့ ရှိတယ်။ လေထုစိုထိုင်းစ နည်းပါးမှုက ဆံသားနဲ့ ဦးရေပြားက ပိုမိုခြောက်သွေ့စေတယ်။ ရလဒ်ကတော့ ဆဲလ်ဟောင်းတွေ ကွာကျတာနဲ့ ဗောက်ထလာတာပါ။ ဆောင်းရာသီမှာဖြစ်တဲ့ ဗောက်ဖတ်တွေက အဖြူရောင်သာ များတယ်။ အိပ်ရေးမဝတာနဲ့ ခုခံအားနည်းတာကလည်း ဗောက်ထနိုင်တယ်။ Soriasis ဆိုရီအေးဆစ် အရေပြားရောဂါ ၊ နှင်းခူရောဂါရှိသူတွေဟာ သူများထက်ဗောက်ထနိုင်ခြေ ပိုများသူတွေဖြစ်ကြတယ်။

ထပ်လက်ညှိုးထိုးရမှာက အလေ့အကျင့်ပါ။ နေ့တိုင်းခေါင်းလျှော်တာလည်း ကောင်းတဲ့ အလေ့အကျင့်မျိုးတော့မဟုတ်ဘူး။ အရေပြားအဆီဂလင်းကို ပိုအလုပ်ပေးလို့ ဗောက်ပိုထလာတယ်။ အာဟာရချို့တဲ့မှုကလည်း အကြောင်းအရာတစ်ရပ်အနေနဲ့ ပါဝင်နေပြန်တယ်။ သွပ်ဓာတ်၊ ဗီတာမင်ဘီနဲ့ အိုမီဂါသရီး ချို့တဲ့သူတွေ ဟာ သူများထက် ဗောက်ထနိုင်ချေ ပိုများပါတယ်။


          ဗောက်ထသူအများစုဟာ သူများထက် ဆဲလ်လွှာကွာကျမှု ပိုများလို့ ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ ဦးရေပြား ခြောက်သွေ့မှု ၊ Seborrheic Dermatitis အရေပြား ရောဂါ၊ မှိုပိုး စတာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ Seborrheic Dermatitis ဆိုတာ အဆီထုတ်လုပ်မှုများရာက ဦးရေပြားရောင်ရမ်းတဲ့ ရောင်ရမ်းတဲ့ ရောဂါတစ်မျိုးပါ။ ဒီအရေပြားရောဂါက Malassezia တစေးမှိုပိုးတစ်မျိုးနဲ့ ဆက်စပ်နေတာ သိလာကြတယ်။ ဒီမှိုပိုးက ဦးရေပြားက ထွက်တဲ့ အဆီကို စားသုံးပြီးရင် ပိုမိုပေါက်ဖွားလေ့ရှိတယ်။ ပေါက်ဖွားလာတဲ့ မှိုကြောင့် ဦးရေပြားက စတင် ရောင်ရမ်းလာတယ်။


ရောင်ရမ်းမှုကြောင့် ဆဲလ်လွှာတွေ တဖြည်းဖြည်း ပျက်စီးလာပြီး ဆဲလ်တွေပိုထွက်လာတယ်။ အပေါ်ယံ ဆဲလ်သေတွေနဲ့ ဦးရေပြားကထွက်တဲ့ အဆီရောစပ်တဲ့အခါ ဗောက်ဖတ်လေးတွေ ဖြစ်လာပါတယ်။ Seborrheic Dermatitis ကြောင့် ဖြစ်တဲ့ ဦးရေပြားက ရောင်နေမယ်၊ ရဲနေမယ်၊ ယားယံနေမယ်၊ အဖြူ သို့မဟုတ် အဝါအဖတ်လေးတွေ ကပ်ညှိနေတာ ရှိတတ်တယ်။ ဝါတာက Sebum အဆီ ထုတ်လုပ်မှု များလို့ ဖြစ်တယ်။

 

         အရေပြား ခြောက်သွေ့သူတွေကလည်း ဗောက်ထနိုင်ပါတယ်။ အရေပြားဆဲလ်တွေ ခြောက်သွေ့ ပျက်စီး ကွာကျရာက ထွက်တဲ့ ဗောက်ဖတ်မှန်သမျှ အဖြူရောင်သာရှိမယ်။ ခပ်သေးသေးအဖတ်ကလေးတွေ ဦးရေပြားနဲ့ ပခုံးမှာ ကပ်ညှိနေတတ်တယ်။ ယားယံမှု ရှိနိုင်ပေမယ့် Seborrheic Dermatitis လောက် မဆိုးပါ။ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးတွေကြောင့်လည်း ဗောက်ထတာ ရှိနိုင်တယ်။ ဓာတ်မတည့်ရာက ဖြစ်တယ်။

  

        ဗောက်ပျောက်အောင် ကုရတော့မယ်ဆိုရင် အချက်နှစ်ချက်ကို အရင်ကြည့်ရတယ်။ ပထမအချက်က အသက်အရွယ်ပါ။ ဒုတိယအချက်က ဗောက်ထတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက်ဆိုးနေသလဲ။ ဒီအချက်တွေပေါ် အခြေခံပြီး ကုမှ ဗောက်ပျောက်မှာ ဖြစ်ပါတယ်။ လူအများစုဟာ မှိုပိုးကြောင့် ဖြစ်တယ်ယူဆပြီး မှိုပိုးသတ်ဆေးတွေ တွင်တွင်သုံးကြတယ်။ သို့သော် လက်တွေ့မှာတော့ မပျောက်ကင်းကြဘူး။ ဘာ့ကြောင့်လဲ။ ကုသနည်းမမှန်ကန်လို့ပါ။ တကယ်တမ်း ဖြစ်စေတဲ့ အကြောင်းရင်းကိုရှာပြီး ကုမှသာ ဗောက်ပျောက်မှာ ဖြစ်ပါတယ်။

 

         ဗောက်အတွက် အသုံးများတဲ့ ခေါင်းလျှော်ရည် သုံးမျိုးရှိပါတယ်။ Ketoconazole, Selenium Sulphide နဲ့ Zinc Pyrithione ခေါင်းလျှော်ရည် တွေဖြစ်တယ်။ Ketoconazoleu မှိုပိုးသတ်တဲ့ ဆေးတစ်မျိုးပါ။ လိမ်းဆေး၊ သောက်ဆေး၊ ခေါင်းလျှော်ရည် စသည်ဖြင့် ပုံစံအမျိုးမျိုး လာတယ်။ ခေါင်းလျှော်ရည် တစ်မျိုးတည်းနဲ့ မရရင် လိမ်းဆေးထပ်ထည့်ရဦးမယ်။ ဒါမှမရသေးရင် သောက်ဆေးလိုပါတယ်။ Selenium sulphide က ဦးရေပြားအဆီ ထုတ်လုပ်မှုကို လျှော့ချပေးတဲ့ဆေးဖြစ်ပါတယ်။ ဗောက်အဝါဖတ်တွေပါရင် Seleniumu Sulphide ပါတဲ့ ခေါင်းလျှော်ရည်က ပိုကောင်းတယ်။ Seleniumu အဆီ ထုတ်လုပ်မှုကို လျော့ချနိုင်တယ်။ ဆာလဖာကတော့ ဗက်တီးရီးယားနဲ့ မှိုပိုးကို သတ်နိုင်တယ်။ နောက်ဆေးတစ်မျိုးကတော့ Melassezia မှိုပိုးကိုနိုင်တဲ့ Zinc Pyrithione ခေါင်းလျှော်ရည်တွေ ဖြစ်ပါတယ်။ သတိပြုရမှာက ဗောက်ပျောက် ခေါင်းလျှော်ရည်တွေ သုံးတဲ့အခါ ဦးရေပြားပေါ် အနည်းဆုံး ငါးမိနစ်ထားရမယ်။ ဒါမှ အရေပြားက ကောင်းကောင်းစုပ်ယူနိုင်ရမယ်။ အာနိသင်လည်း ရှိမယ်။ ပြီးမှ ခေါင်းလျှော်ရည်လိုက်ပါ။ ခေါင်းလျှော်တဲ့အခါ ဆံသားကို အတင်းပွတ်ဆွဲတာမျိုး မလုပ်သင့်ဘူး။ စက်ဝိုင်းပုံ ခပ်ဖြည်းဖြည်းသာ လိမ်းသင့်တယ်။

 

         ဗောက်ပျောက် ခေါင်းလျှော်ရည်အချို့မှာ coal tar နဲ့ Salicylic acid တွေ ပါတာတွေလည်း ရှိပါသေးတယ်။ coal tar ဆိုတာ ကတ္တရာစေးပါတဲ့ ဆိုးဆေးတစ်မျိုး ဖြစ်တယ်။ သူ့သဘာဝက မှိုပိုးကို နိုင်တယ်။ ပြဿနာက ခေါင်းမှာ ရေရှည် စွဲမသုံးသင့်ဘူး။ ဆံသားကို ပျက်ဆီးစေတယ်။     


Salicylic acid ကတော့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်တယ်။ ဆောင်းရာသီလို ကာလမျိုးမှာ Salicylic acid ပါတာ မသုံးသင့်ဘူး။ ဗောက်ဖတ် ပိုဆိုးလာနိုင်တာ တွေ့ရတယ်။ လိမ်းဆေးသုံးတဲ့အခါ သက်သာသည်ထိ နေ့စဉ် သုံးသင့်တယ်။ သက်သာသွားရင် သုံးတဲ့ အကြိမ်အရေအတွက် ပြန်လျော့ဖို့လည်း လိုတယ်။ ဗောက်ကုရာမှာ ဘယ်ဆေးက အကောင်းဆုံးလဲ ပြောမရပါဘူး။ လူနာပေါ် အခြေခံပြီး ကုရတာမျိုး ဖြစ်ပါတယ်။ ဗောက်အတွက် သဘာဝဆေးနည်း နှစ်မျိုး ရှိပါတယ်။ လက်ဖက်ဆီ Tea Tree Oil နဲ့ လက်ဖက်စိမ်း Green Tea  ကို အသုံးပြုတာဖြစ်ပါတယ်။ လက်ဖက်ဆီထဲမှာ Australian Tea Tree ကရတဲ့ အဆီက သိပ်ကောင်းတယ်။ သဘာဝအားဖြင့်ကို မှိုပိုးနဲ့ ဗက်တီးရီးယားပိုးတွေကို နှိမ်နင်းနိုင်တယ်။ ဝက်ခြံမှာ သုံးတာနဲ့ အမျိုးအစားတူတယ်။ ပါဝင်မှုပြင်းအားများတာကြောင့် အရေပြားခြောက်သွေ့တာ ၊ ဓာတ်မတည့်တာ ရှိနိုင်တယ်။ ဒီလိုဖြစ်ရင် ဆက်မသုံးပါနဲ့ ။ သို့သော် ရှန်ပူမှာ အများစုမှာတော့ လက်ဖက်ဆီရဲ့ပြင်းအား Concentration ကိုသိသိသာသာ လျှော့ချထားပါတယ်။ လူတိုင်းသုံးစွဲနိုင်အောင် ထုတ်ထားတာမို့ပါ။ နောက်နည်းတစ်မျိုးက ပိုလီဖီနော ကြွယ်ဝတဲ့ လက်ဖက်စိမ်းပင်ဖြစ်ပါတယ်။ ဂျော်ဂျီယာ ဆေးကောလိပ်အဆိုအရ လက်ဖက်စိမ်း Green Tea ဟာ ဗောက်အတွက်သာမက ဆိုရီအေးဆစ်အရေပြား ရောဂါအတွက်ပါ အသုံးပြု နိုင်တယ်လို့ ဆိုပါတယ်။

 

         ဗောက်ပျောက်ဖို့ သိပ်မလွယ်ကူပါဘူး။ သို့သော် ဒီရောဂါက ကုသဖို့ အခက်ကြီးထဲမှာလည်း မပါဝင်ဘူး။ စနစ်တကျကုရင် ပျောက်နိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ သန့်ရှင်းရေးကို အလေးထားပြောဆိုနေကြတာလည်း ရာနှုန်းပြည့်တော့ မမှန်သေးဘူး။ နေ့စဉ် ခေါင်းလျှော်ရင် ဗောက်ကို ပိုဆိုးလာနိုင်သေးတယ်။ နောက်ပြီး မြင်သမျှ ရှန်ပူတွေ အရမ်းကာရောသုံးနေတာလည်း မဟုတ်သေးဘူး။ တချို့ရှန်ပူတွေမှာ စတီးရွိုက်အပြင်းစားတွေ ပါနေတတ်တာမို့ ရိုးရိုးဗောက်မှာ သုံးရင် ပိုဆိုးလာနိုင်တယ်။ ဒီအချက်တွေတော့ သတိပြုစေချင်တယ်။ ဗောက်သဘောက မကြာခဏ ဖြစ်တတ်ပါတယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတစ်မျိုးတည်း အမြဲသုံးစွဲခြင်းဟာ ရေရှည်အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခါလိုက်ပြီး လိုသလို ပြောင်းသုံးရမယ်။ ဘယ်လိုသုံးမလဲဆိုတာ ရောဂါတစ်ခုချင်း အနေအထားပေါ်သာ မူတည်တယ်။ ကုတဲ့ဆရာဝန်ကလည်း ဒီအပိုင်းမှာ ကျွမ်းကျင်နေဖို့ လိုပါတယ်။ မှိုပိုးတစ်ခုလည်း လက်ညှိုးထိုးပြီး မှိုပိုးသတ်ဆေး ထိုင်ပေးနေရုံနဲ့ သက်သာမှာ မဟုတ်ပါ။ နောက်ထပ်ထည့်သွင်းစဉ်းစားရမှာက အာဟာရ ဓာတ်ချို့တဲ့မှုပါ။ ဇင့်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဘီဓာတ်တွေလည်း လိုနိုင်ပါသေးတယ်။ အစိုဓာတ်နည်းရင် အိုမီဂါသရီးပါတာတွေ ထပ်တည့်ရဦးမယ်။ ဗောက်ကို မကုဘဲထားရင် ဆံပင်ကျွတ်နိုင်တယ်။ ထပ်ပြောင်နိုင်တယ်။ ကုတ်ပါများရင် ဦးရေပြား ပိုးဝင်တာထိ ဖြစ်လာနိုင်တယ်။ ဆရာဝန်နဲ့သေချာ ကုဖို့လိုပါတယ်။

 

         မွေးကင်းစ ကလေးတွေမှာ ဖြစ်တဲ့ Cradle Cap ဦးရေပြား ရောင်တာကလည်း အဖြစ်များတယ်။ အသက်တစ်နှစ်အောက် အဖြစ်များတယ်။ Seborrheic Dermatitis အမျိုးအစားထဲ ပါတယ်။ မွေးကင်းစအရွယ် ဦးရေပြားမှာ ခပ်ထူထူ၊ ခပ်ကြီးကြီး အဝါဖတ်တွေ အကွက်လိုက်ဖြစ်တာမျိုးကို ခေါ်တာပါ။ ပုံမှန်အားဖြင့် ကုဖို့မလိုဘဲ အသက်ခြောက်လအတွင်း သူ့ဘာသာ သက်သာတယ်။ စိုးရိမ်နေတဲ့ မိဘများအနေနဲ့ Baby Mild Shampoo သို့မဟုတ် Baby Oil ,Olive Oil , Coconut Oil စသည်ဖြင့် ဆီတစ်မျိုးမျိုးကို နေ့စဉ် အသုံးပြုရုံနဲ့ လုံလောက်ပါတယ်။

   

       ဗောက်ကို ကာကွယ်ဖို့ အရေးကြီးတဲ့အချက် ငါးချက် ရှိပါတယ်။ ဒီအချက်တွေသေချာလိုက်နာရမယ်။

၁။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်သာ ခေါင်းလျှော်ပါ။ နေ့စဉ် မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။

၂။ ခေါင်းလျှော်ပြီးတဲ့အခါ Hair Gel တွေ၊ Spray တွေမသုံးပါနဲ့။ အဆီဂလင်း နဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။

၃။ နေ့စဉ် ခေါင်းဖြီးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးရေပြားအခြေက ထွက်လာတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှုက ဗောက်ထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။

၅။ ဗောက်ထသူတွေအနေနဲ့ မကြာခဏ နေရောင်ပြသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကို သက်သာစေတယ်။ အပြင်ထွက်တိုင်း ဦးထုပ် မမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်လာတဲ့ ချွေးနဲ့ အစိုဓာတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ ဖြစ်ပါတယ်။

Credit : ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18