Print

လှဖို့အတွက် တစ်လပဲ အချိန်ပေးပါ

  19-Apr-2019
Preview Image

အလှကြိုက်တဲ့မေတို့ရေ . . .

ရက်သတ္တပတ် (၄) ပတ်ဆိုတဲ့ အချိန်လေး (၁) လအတွင်း မေတို့အသွင်အပြင်ကို လှဖို့ အချိန်ပေးလိုက်ရင် တစ်သက်တာလုံး အမြဲလှပနေနိုင်တယ်လို့ ပြောရင် ယုံပါ့မလား။

တကယ်တော့ ဒါဟာ စိန်ခေါ်မှု တစ်ခုပါဘဲ။ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေကို တဖြည်းဖြည်းချင်း ပြောင်းလဲလိုက်ရုံနဲ့ တစ်နေ့ပြီးတစ်နေ့ လှပချောမွေ့မှုက ကိုယ့်ဆီကို ရောက်လာမယ်လို့ ယုံကြည်ဖို့တော့ လိုပါတယ်။ ပြောင်းလဲရမယ့် ကိုယ့်ရဲ့ နေ့စဉ်အလှအပ ကိစ္စတွေကို အပိုင်းလိုက်ခွဲပြရရင်. . .

(၁) Skincare (အသားအရေစောင့်ရှောက်ထိန်းသိမ်းခြင်း)

(၂) Hair & Nail Care (ဆံပင်နဲ့ ခြေသည်း၊ လက်သည်း ပြုပြင်ခြင်း)

(၃) Makeup (မိတ်ကပ်)

(၄) Lifestyle (ဘဝနေထိုင်မှုပုံစံ) ဆိုပြီးရှိပါတယ်။

အချက်အလက်အားဖြင့် ပြန်ခွဲပြရရင် ရက်သတ္တ (၁)ပတ်မှာ ပါတဲ့ ၇ ရက် နဲ့ ၄ ခါဆို တော့ (၂၈) ရက် ရှိပါတယ်။ အချက် (၂၈) ရက်နဲ့တင် အလှတရားက ကိုယ့်ဆီ ရောက်လာမှာမို့ မပျက်မကွက် လုပ်ဖို့တော့ အချိန်ကလေး ပေးပေးပါ။


Skincare (အသားအရေထိန်းသိမ်းခြင်း)

အသားအရေကို တစ်နေ့ (၂)ကြိမ် သန့်စင်ပေးပါ။

အသားအရေကို အမျိုးသမီးတိုင်း တစ်နေ့ (၁) ကြိမ်နှုန်းတော့ သန့်စင်ကြတာချည်းပါပဲ။ မနက်မိုးလင်းရင် ပထမဆုံး လုပ်ရမယ့်အလုပ်လို့ အမျိုးသမီးတိုင်းသိကြပေမယ့် တစ်နေကုန် မိတ်ကပ်တွေ၊ ဖုန်မှုန့်တွေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်တဲ့ ဘက်တီးရီးယားတွေ ကပ်ငြိလာတဲ့ မျက်နှာကိုတော့ ပြန်လည်သန့်စင်ဖို့ ညဘက် မျက်နှာသစ်ပေးတဲ့ အလုပ်ကို သိပ်မလုပ်ချင်ကြပါဘူး။ အမှန်ကတော့ မနက်ကလိုပဲ ညဘက်မှာ နောက်တစ်ကြိမ် မျက်နှာကို သန့်စင်ရပါမယ်။


Skincare product တစ်ခု ပုံမှန်လိမ်းပေးပါ။

Double Cleansing လုပ်ပြီးသွားတဲ့ မျက်နှာလေးပေါ်ကို Essence မလိမ်းချင်ရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ Anti-Aging Product (သို့) ရေဓာတ်ပါဝင်တဲ့ Hydration Product တစ်မျိုး လိမ်းပေးပါ။


Scrubbing လုပ်ပေးဖို့ လိုပါတယ်။

အသားအရေ ကြေးချွတ်ကိရိယာ (Exfoliator) လေးတွေ ဆောင်ကာ အသားအရေကို ကြေးချွတ်ခြင်း (Scrubbing) လုပ်ပေးပါ။ အသားအလွန်အမင်း ခြောက်သူတွေနဲ့ ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေကတော့ Exfoliator မသုံးဘဲ နူးညံ့တဲ့ ဓာတုပစ္စည်း ဖြစ်တဲ့ Salicylic Acid ပါတဲ့ Peels တွေ ကပ်ပေးပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ Mechanical Exfoliation Method တွေ သုံးထားတဲ့ Scrub သို့ Cleansing Brush ကိုသုံးပေးပါ။


အသားအရေညိုမွဲခြင်းကို တားဆီးပါ။

မျက်နှာအသားအရေဟာ နေ့စဉ်ဘဝမှာ အသုံးပြုတဲ့ Skincare တွေက ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့အခါ ရာသီဥတု ပြင်းထန်စွာ ပြောင်းလဲသွားခြင်း၊ အာဟာရမပြည့်ဝတဲ့ စားသောက်ပုံနဲ့ လေထု ညစ်ညမ်းမှုတို့ကြောင့် ညိုမွဲကာ အသားခြောက်လာတတ်ပါတယ်။

ဒီလိုတွေ မဖြစ်ရအောင် အစားအသောက်ကို စနစ်တကျ စားပေးပါ။ ပြီးသွားရင် ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါဝင်တဲ့ ဗီတာမင်စီပါ Boosting Moisturizer တစ်မျိုးသုံးပေးခြင်းဖြင့် အသားအရေ ညိုမွဲမှုကို တားဆီးပေးပါ။


Suncream လိမ်းပေးပါ

နေပူပူ၊ မိုးရွာရွာ၊ အေးခဲနေပါစေဦး။ မိုးလင်းတာနဲ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ Suncream ကို ရေချိုးပြီးပြီးချင်း မျက်နှာနဲ့ လည်ပင်းကို ပုံမှန်လေး လိမ်းပေးပါ။ ဒီရိုးရှင်းတဲ့ အကျင့်ကလေးကိုပဲ ပုံမှန်လုပ်ပေးရင် နေရောင်ကြောင့်ဖြစ်တဲ့ အရွယ်မတိုင်မီ အိုမင်းခြင်း၊ နေလောင်နာနဲ့ အရေပြားကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။


ဝက်ခြံကို ဆိတ်တာ၊ ဆွတာ မလုပ်ပါနဲ့။

မျက်နှာမှာ ဝက်ခြံတစ်လုံးလောက် ပေါက်လာရင်ကို လူတွေ အတော်မနေတတ်ပါဘူး။ စမ်းလိုက်၊ မှည့်ပြီထင်ကာ ဆွတာတွေ လုပ်တတ်ပါတယ်။ ဒါဟာ ဝက်ခြံတွေ ပွားသွားစေတဲ့ အဓိကအချက်ဖြစ်တာကြောင့် ဝက်ခြံပေါက်ရင် သူ့ကို သွားမထိဘဲ မေ့ထားပေးပါ။ Acne patch လေးတွေ၊ အိမ်တွင်းကုထုံးဆို သွားတိုက်ဆေးလေးတို့ထားတာမျိုးလောက်ပဲ လုပ်ကာ သူ့ဘာသာ မှည့်ပြီး ပေါက်ထွက်သွားပါစေ။


ထိပ်ခေါင်းမည်း ဝက်ခြံတွေ ညှစ်တဲ့အခါ သတိထားပါ။

နှာခေါင်း၊ နဖူးနဲ့ မေးစေ့ တစ်ဝိုက်မှာအထူးဖြစ်တတ်တဲ့ ထိပ်ခေါင်းမည်း ဝက်ခြံတွေကို လက်နဲ့ ညှစ်ထုတ်တာဟာ အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။အခုဆိုရင် Black Head Pores တွေအတွက် သီးသန့်ထုတ်တဲ့ Clear Kit တွေ ပေါ်နေတာမို့ ဖြစ်နိုင်ရင် လက်နက်ကိရိယာအကူအညီနဲ့ ဖယ်ထုတ်ရှင်းလင်းပါ။


Masks တွေဆောင်ထားပါ။

အသားခြောက်ပြီး မည်းခြင်း (Dull) နဲ့ ခရီးသွားစဉ် ပတ်ဝန်းကျင်လေထု၊ အပူနဲ့ ဖုန်ကြောင့် အသားအရေမျာ ရေဓာတ်ခန်းခြောက်ခဲ့ရင် ကုစားပေးနိုင်လို့ Mask ဆိုတဲ့ မျက်နှာကပ်ခွာတွေရဲ့ အကူအညီယူပါ။ ခရီးသွားစဉ်မှာတော့ ညဘက် အိပ်ချိန်ကပ်ပေးပါ။ ပုံမှန်ဆိုရင်တော့ နှစ်ပတ်တစ်ကြိမ်နှုန်းလောက် အိပ်ခါနီးမှာ ကပ်ပါ။ မနက်နိုးထလာချိန် အသားအရေဟာ အနားရခြင်း၊ အသစ်ပြန်ဖြစ်ခြင်းတို့ကြောင့် တောက်ပ စိုဝင်းနေပါလိမ့်မယ်။


Eye Screen လိမ်းပါ

မျက်လုံးအောက်ဘက် ဧရိယာတစ်ဝိုက်က သွေးကြောတွေ ကျယ်ကာ ရေဝင်ရင် မျက်လုံးက ဖောင်းမို့နေတတ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ မျက်ဝန်းဧရိယာကို ကာကွယ်ပေးသလို သွေးကြောတွေ ကျဉ်းသွားကာ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ဖို့ Eye Cream တစ်မျိုးလောက်ကို အမြဲတမ်း လိမ်းပေးပါ။


အသားအရေ လန်းဆန်းစေဖို့ အမြဲ ဂရုထားပါ။

အသားအရေက အပြင်တွေ ထွက်ရလွန်းရင် နေပူ၊ လေပူ ထိလွန်းရင် ခြောက်သွေ့ပြီး ပူစပ်စပ်ဖြစ်လာပါတယ်။ ဒီလိုအခါမျိုးတွေမှာ သွားလေရာအိတ်ထဲ Facial Mist တစ်ဘူးလောက် ဆောင်ကာ အသားအရေ လန်းဆန်းဖို့လိုလာပြီထင်တဲ့ အချိန်တိုင်း ဖြန်းပေးပါ။


Hair & Nailcare

ဆံပင်အရောင်ကို အသစ်အဆန်း အမြဲထားပါ။

ဆံပင်ပုံစံပြောင်းရမှာ အဆင်မပြေတဲ့အခါ ကိုယ့်ရုပ်သွင်ကို တစ်မျိုးလေး ကြည့်ကောင်းလာစေမှာက ဆံပင်အရောင်ပဲဖြစ်ပါတယ်။ ဆံပင်အရောင်ကို တစ်ခေါင်းလုံး မပြောင်းဖြစ်ဘဲ Highlights ဖောက်ကြည့်ပါ။ သူများအမြင်ရော ကိုယ့်စိတ်ထဲမှာပါ ဒီအပြောင်းအလဲလေးက အသစ်အဆန်းဖြစ်နေပါလိမ့်မယ်။


Lather Shampoo ကို ဆံပင်ကြမ်းသူများ ဆောင်ထားပါ။

ဆံပင်က အုံထူသလို ကြမ်းတမ်းမှုလည်း ရှိနေရင် Leather Shampoo ကို ဆောင်ထားပါ။ လက်ခုပ်နှစ်ဖက်ထဲ Shampoo ထည့်ပြီး ခေါင်းထဲထည့်ကာ နှိပ်နယ်ပေးပါ။ နှိပ်တဲ့အခါ အနောက်ဘက်ကနေ စတင်ပြီး ရှေ့ဘက်ကို ဆွဲယူလာပါ။ ပြီးမှ ရေဆေးချပြီး ပဝါနဲ့ ပေါင်းထားပါ။ အနည်းငယ် ခြောက်သွေ့သွားမှ Conditioner ထည့်ပေးပါ။


Deep Condition လုပ်ပေးပါ။

ဆံပင်သားမှာ ထိခိုက်ပျက်စီးမှုတွေ များလွန်းနေရင်တော့ Hair Mask အုပ်ကာ Deep Condition လုပ်ပေးသွားပါ။ အဖျားနှစ်ခွနဲ့ ခြောက်သွေ့ညိုမွဲ မှုတွေများနေရင်တော့ တစ်ပတ်ကို (၂) ကြိမ်နှုန်း လုပ်ပေးသွားပါ။


ပျက်စီးနေတဲ့ဆံပင်အဖျားတွေကို ကုစားပေးပါ။

မကြာခဏ ဆံပင်ကို အပူနဲ့ ဓာတုပစ္စည်းတွေ တင်ပါများရင် အဖျားနှစ်ခွတွေနဲ့အတူ ဆံပင်အဖျားတွေက ကြွပ်ဆတ်နေပါလိမ့်မယ်။ ဒီလိုဆံပင်မျိုးအတွက် ကယ်ရာတင် (Keratin) လို့ ပျက်စီးမှုကို ပြုပြင်နိုင်တဲ့ အာဟာရဓာတ်၊ ဆံသား နူးညံ့ စိုပြည်စေဖို့ Camelina (ဖယောင်းပန်း) နဲ့ Macadamia (မက္ကာဒေမီးယား) အဆီတွေပါဝင်တဲ့ Smoothing Balm တွေ လိုပါတယ်။ အသုံးပြုပုံကတော့ ဆံပင်စိုနေစဉ် ဆေးထည့်ကာ ဘီးနဲ့ ဖြီးပြီး လေမှုတ်ပုံသွင်းပေးပါ။


အဖျားနှစ်ခွတွေကို ပုံမှန် ရှင်းထုတ်ပေးပါ။

ပုံမှန် (၁၅)ရက် တစ်ကြိမ်လောက် ဆံပင်အဖျားတွေကို တိပေးသွားရင် ဆံပင်အဖျားနှစ်ခွတွေကို ရှင်းထုတ်ပစ်ရာ ရောက်သလို ကျန်းမာတဲ့ ဆံသားလည်း ဖြစ်လာစေပါတယ်။


လက်သည်းခြေသည်းကို အထူးဂရုစိုက်ပေးပါ။

လက်သည်းခြေသည်းညှပ်တဲ့အခါ ပုံစံကျန လှပစေဖို့ မညှပ်မီ အနှိပ်ဆီ တစ်မျိုးကို လက်နဲ့ခြေထောက်ကို လိမ်းပေးပါ။ ပြီးမှညှပ်ပါ ။ ပုံမှန်အားဖြင့်လည်း ဗီတာမင်အီးနဲ့ ဗာဒံစေ့ဆီတို့ကို လက်သည်း ကျန်းမာရေးကောင်းတာ အားရှိပြီး အလွယ်တကူ မကျိုးပဲ့နိုင်တဲ့ အာနိသင်လည်း ရရှိစေတဲ့အဆီတွေ လိမ်းပေးပါ။


Makeup

ချောမွေ့တဲ့ အသွင်အပြင် ဖြစ်နေအောင် ဂရုစိုက်ပါ

ဘယ်အမျိုးသမီးကမှ မိတ်ကပ်လိမ်းပြီးရင် ကိတ်တစ်ထပ်တင်ထားသလို သိပ်သည်းနေတာမျိုး မကြိုက်ကြပါဘူး။ ဒါကြောင့် Makeup ဝယ်ရင် Gel Type ဝယ်ပါ။ Gel Type ဟာ အသားတင်းပြီး ချောမွတ်တဲ့ အသွင်အပြင်ဖြစ်စေပါတယ်။ လိမ်းတဲအခါ (၂) ထပ်လိမ်းဖို့လိုပါတယ်။ ပထမတစ်ထပ်က အသားအရောင်ညှိခြင်းနဲ့ ဝက်ခြံဖု ဖုံးကွယ်တဲ့ သဘောဖြစ်ကာ ဒုတိယ တစ်ထပ်ကတော့ အပြီးသတ် လိမ်ခြင်းပဲဖြစ်ပါတယ်။


နှုတ်ခမ်းနီကို ဂရုတစိုက်ဆိုးပါ

အသားအရေမွဲပြီး ခြောက်သွေ့တဲ့ ပြဿနာတွေအတွက် နှုတ်ခမ်းနီရောင်က ကူညီပေးနိုင်ပါတယ်။ စိုပြီးအဆီပါသလို တောက်ပတဲ့ နှုတ်ခမ်းနီအရောင်တစ်ရောင်ဟာ လိမ်းထားတဲ့ မိတ်ကပ်ကို ပိုကြွလာစေသလို နုပျိုမှုကိုလည်း ဆောင်ကျဉ်းပေးနိုင်ပါတယ်။ မျက်ခုံးခြယ်သတတ်မှုက အခရာပါ။

အခုအချိန်မှာ မျက်ခုံးမွှေးအပြားကြီးကြီးကို အဖျားပိုင်းတိတိရိရိ ပုံစံလေးသွင်းထားတဲ့ ပုံစံလေး ခေတ်စားပါတယ်။ ဒါကြောင့် မျက်ခုံးကို အဲဒီလို ပုံဖော်ချင်ရင် Brow pencil၊ Brow powder နှစ်မျိုးလုံး လိုအပ်ပါတယ်။

ဦးစွာ Brow Powder ကို မျက်ခုံးအောက်ဘက် အလယ်နေရာကနေ အရောင်အနုလေးနဲ့ ပုံဖော်တဲ့သဘော ခြယ်သပါ။ ပြီးရင်တော့ ကျဲပါးနေတဲ့ နေရာတွေ ကို ခဲတံနဲ့ အရောင်သွင်းပြီး ဖြည့်ပေးပါ။ ပြီးမှ အပေါ်ကနေ ပေါင်ဒါမှုန့်လေး ထပ်တင်ပါ။ အဖျားကိုတော့ ခဲတံနဲ့ ပုံဖော်ပြီးမှ ပေါင်ဒါမှုန့် လိုက်ဖြည့်ပေးပါ။


Eyeliner ဆိုတာ မိတ်ကပ်ရဲ့ လျှို့ဝှက်ချက်ပါ

မိတ်ကပ် ပါလေကာလိမ်းတဲ့နေ့ (သို့) အချိန်မရလို့ Step by step မိတ်ကပ်မခြယ်သနိုင်ချိန် Eyeliner ကို ခပ်ပါးပါးတစ်ကြောင်းတည်းဆွဲပါ။ အရောင်က အညိုနဲ့ အနက်ပဲ သုံးပါ။ တစ်ခါတစ်ရံ မိတ်ကပ်ကို အပြည့်လိမ်းပေမယ့် Eye Makeup မပြင်ချင်ရင် အဲဒီအစား Eyeliner ကိုအပြားကြီးကြီး ထူထူဆွဲပေးပါ။


တောက်ပပြီး အဆီများတဲ့ပုံစံတွေ မလုပ်ပါနဲ့။

ပူနွေးစိုစွတ်ပြီး ဖုန်များတဲ့ အာရှနိုင်ငံတွေမှာ Shine Makeup ဟာ အဆင်မပြေပါဘူး။ မှိန်ပြီး သိပ်သည်းတဲ့ Matte Makeup မှသာ အပူကြောင့် အဆီပြန်တာတွေ၊ မိတ်ကပ်သား ပျော်ကျပြီး အဆီတွေထင်ကာ ဝက်ခြံဖုတွေကို မဖုံးနိုင်တာတွေ ဖြစ်တတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် Shine Free ပဲ အမြဲဖြစ်အောင် ဂရုစိုက်ပေးပါ။


Life Style

အစားအသောက်စားတဲ့အခါ ဆင်ခြင်ပါ။

အမျိုးသမီးတွေအတွက် အလှအပဘက်မှာရော ကျန်းမာရေးအတွက် အထူးအသုံးဝင်တဲ့ အရာကို ညွှန်ပေးရင် ဗီတာမင်စီဓာတ်နဲ့ Linoleic Acid ပဲ ဖြစ်ပါတယ်။ ရှောင်ရမှာက သဘာဝမဟုတ်တဲ့ အချိုတွေပဲဖြစ်ပါတယ်။ ဒီအချိုတွေဟာ အသားအရေတည်ဆောက်မှုရဲ့ အဓိကပစ္စည်းတွေဖြစ်တဲ့ Elastin နဲ့ Collagen Molecules တွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် အသားအရေက လျော့တွဲပြီး အရေးအကြောင်းတွေ ပေါ်လာပါတော့တယ်။ ဒါကြောင့် Sugar ဆိုတဲ့ သကြားဓာတ်ကို အလွန်အမင်း မစားသင့်သလို အချိုတွေ အစားများသွားပြီဆိုတာနဲ့ အိုမင်းမှု ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေပါဝင်တဲ့ မုန်လာဥနီ၊ ဘလူးဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်ရွက်ထူရွက်လိပ်အရွက်များနဲ့ ဆယ်လ်မွန်ငါးကို များများလေးပြန်စားပေးပါ။


သွားလေးတွေ ဖြူအောင် စတော်ဘယ်ရီသီး အကူအညီယူပါ။

ဝါဖန့်ဖန့်ဖြစ်နေတဲ့ သွားတွေ သဘာဝအတိုင်း ဖြူသွားအောင် စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေကာ သွားတွေအပေါ် ပုံပေးပါ။ (၅) မိနစ်လောက်အထိ သွားတိုက်သလို စတော်ဘယ်ရီသီးတွေနဲ့ ဟိုဒီပွတ်ပြီးမှ သွားတိုက်ဆေးသုံးပြီး သွားတိုက်ပေးပါ။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid ဟာ သွားမှာ ပေတဲ့ အညစ်အကြေးတွေကို ခွာချပစ်နိုင်တာကြောင့် သွားဖြူသွားတာပဲ ဖြစ်ပါတယ်။


များများအိပ်လေ၊ များများလှလေ

အလှအပနဲ့ အိပ်စက်ခြင်းဟာ ထပ်တူအမြဲကျပါတယ်။ ညဘက်တွေမှာ အသားအရေ ဆဲလ်တွေဟာ သူတို့မှာ ထိခိုက်ထားသမျှ အကုန်ပြန်ပြုပြင်တာကြောင့် စောစောအိပ်လိုက်မယ်ဆိုရင် စောစော ပြင်ဆင်နိုင်ပါလိမ့်မယ်။

လေ့လာဆန်းစစ်ထားတာတွေ အရလည်း မျက်ခွံတွေ ပိတ်ချိန် နည်းပါးခြင်းဟာ မျက်အိတ်တွေ တွဲကျလာခြင်း၊ မျက်သားနီရဲရောင်ရမ်းခြင်း၊ မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းတွေ ဖြစ်လွယ်ခြင်း ဆိုတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။


အားကစားလုပ်ဖို့ အချိန်ယူပါ

နှလုံး ပုံမှန်လေးခုန်နေမှ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းမှာပါ။ ဒါဟာ အသားအရေ ကျန်းမာရေးအတွက်လည်း အိုကေလို့ ပြောလို့ ရသွားပါပြီ။ စူးစမ်းမှုတစ်ခုအနေနဲ့ ပုံမှန် အားကစားလေ့ကျင့်သူတွေကို စနစ်တကျ အကဲဖြတ်ကြည့်တဲ့အခါ အားကစားမှာမှ High Intensity Exercise (ပြင်းထန်လွန်ကဲတဲ့ အားကစားနည်း) တွေ လုပ်တိုင်း လူသားကြီးထွားဖွံ့ဖြိုးမှုနဲ့ ဆိုင်တဲ့ ဟော်မုန်းတွေ တိုးလာပါတယ်။ဒီဟော်မုန်းတွေဟာ အိုမင်းမှုကင်းဝေးခြင်းဆိုတဲ့ အကျိုးရလဒ်တွေဖြစ်စေတာကြောင့် အရေးအကြောင်းဖြစ်ခြင်းနဲ့ အိုမင်းပြီး တွဲကျတဲ့ အသားအရေဖြစ်ပေါ်မှု မရှိတော့ပါဘူး။


ရေများများသောက်ပေးပါ။

အမြဲပန်းနုရောင်လွှမ်းတဲ့ အသားအရေဖြစ်နေဖို့ ဆိုရင် ရေများများသောက်ပေးဖို့ပဲ အထူးလိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝစွာ ရှိနေတဲ့ အသားအရေဟာ အသားစိုအိကာ တင်းနေခြင်း၊ အရေးအကြောင်းမပေါ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ ရေအနည်းဆုံး (၈)ခွက်သောက်ပေးပါ။ ရေချည်းသက်သက် အော်ဂလီဆန်နေရင် ရေထဲမှာ သံပရာ၊ ရှောက်၊ ဂရိတ်ဖရု နဲ့ သခွားတို့ကို ဗီတာမင်စီပါ အသီးအနှံတွေ ရောထားတဲ့ Detox water ကိုစမ်းကြည့်ပါ။


သွားကြားအညစ်အကြေးတွေ အတွက် Floss လုပ်ပေးပါ

Floss ဆိုတာ သွားကြားက အညစ်အကြေးတွေကို ကြိုးကလေးသုံးကာ ဖယ်ရှားပစ်ခြင်းပဲဖြစ်ပါတယ်။ Floss လုပ်ခြင်းဖြင့် သွားကျန်းမာရေးကောင်းစေပါတယ်။

သွားမတိုက်မီ Floss လုပ်ပေးခြင်း အကျင့်ရှိခဲ့ရင် သွားအပေါ်ယံလွှာမှာ လာကပ်တဲ့ ဗက်တီးရီးယားတွေ၊ သွားချေးတွေ ကင်းဝေးစေကာ သွားတိုက်တဲ့အခါ Fluoride ကိုသွားတွေ ပိုပြီး စုပ်ယူလာနိုင်အောင် အကူအညီ ပေးပါတယ်။


Stress မဝင်အောင် ဂရုစိုက်ပါ

Stress ဆိုတာ ခန္ဓာကိုယ်မှာ ရှိသမျှ ရောဂါအတော်များများရဲ့ အစလို့ ဆိုနိုင်ပါတယ်။ Stress ဝင်လာရင် အသားကို ရောင်ရမ်းနေစေတဲ့ ဝက်ခြံ၊ ဂျွတ်ပွေး နဲ့ ဆိုးရွားတဲ့ ပန်းရောင်မျက်နှာလို့ တင်စားတဲ့ Rosacea ဆိုတဲ့ ဝက်ခြံတွေ ပိုပြီးဖြစ်လာပါတယ်။

ဒါကြောင့် Stress မဝင်အောင် ဂရုစိုက်နေထိုင်သင့်သလို စိတ်ထဲမှာ လေးလံတာတွေရှိတာနဲ့ ယောဂကျင့်တာ၊ ရွရွပြေးတာ စသဖြင့် ချွေးထွက်စေတဲ့ အပေါ့စား လေ့ကျင့်ခန်းတွေ ယူပါ။

ဒါကတော့ (၁)လအတွင်းမှာတင် မေတို့အသွင်အပြင်ကို အမိုက်စားဖြစ်အောင် ကူညီပေးနိုင်တဲ့ အချက်အလက်တွေပါပဲ။ လက်တွေ့ကျင့်သုံးကြည့်ရင်း ပျိုမေတွေ လှသထက် လှလာနိုင်ကြပါစေ။


Credit : ချစ်နှင်းဝေဝေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18