Print

ဆံပင်ရှည်သူများအတွက် ဆောင်းရာသီ ဆံသားထိန်းသိမ်းနည်းများ

  15-Dec-2017
Preview Image


ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ရုံသာမဟုတ်ပါဘူး။ ဆံသားနဲ့ဦးရေပြားတွေလည်း ခြောက်သွေ့နေစေပါတယ်။ အထူးသဖြင့် ဆံပင်အရှည်ထားသူတွေမှာ ဆံပင်အဖျားတွေ ခြောက်သွေ့တာမျိုးနဲ့ ဦးရေပြားဘောက်ထတာမျိုး၊ အဆီပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆောင်းတွင်းကာလမှာအဖြစ်များတဲ့ ပြဿနာတစ်ခုက ဆံသားအရောင်မွဲခြောက်ပြီး တောက်ပြောင်မှုမရှိဖြစ်တတ်ပါတယ်။ ဆံပင်ရှည်တဲ့သူတွေ အနေနဲ့ဆံသားကို ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင်တော့ ဆံသားအဖျားတွေကနေ စတင်ပျက်စီးလာတတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဆံသားပျောက်စီးမှုကင်းပြီး ကောင်းမွန်လှပတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်စေဖို့ ဖော်ပြပါ ဆံသားထိန်းသိမ်းနည်းတွေက သင့်ကို ကူညီပါလိမ့်မယ်။


ဆီသုံးပြီးဆံသားထိန်းသိမ်းနည်း

ဆံသားတွေနူးည့ံပျော့ပျောင်းရှင်သန်စေဖို့အတွက် အရေးပါတာကတော့ အာဟာရပြည့်ဝဖို့ပါပဲ။ ဆံသားရဲ့ အရင်းကနေ စတင်ပြီး အာဟာရတွေပြည့်ဝနေပါမှ ဆံဖျားအထိ ကျန်းမာလှပနေမှာပဲဖြစ်ပါတယ်။ ဆံသား အရင်းကနေ အဖျားအထိ ကျန်းမာနေစေဖို့ သံလွင်ဆီ၊ အုန်းဆီစတဲ့ အဆီတွေက အာဟာရတစ်မျိုးလို အားအင်ဖြစ်စေပါတယ်။ ဆံသားအရင်းကနေ အဖျားအထိ ကျန်းမာနေစေဖို့ ဆီးတစ်မျိုးတော့ မဖြစ်မနေသုံးဖို့လိုပါတယ်။


Tip 

တစ်ပတ်ကို နှစ်ကြိမ်လောက်ဆီတစ်မျိုးသုံးပြီး ဆံသားနဲ့ဦးရေပြားပေါ်မှာ လိမ်းပေးပါ။


ခေါင်းလျှော်ခြင်းဖြင့် ဆံသားထိန်းသိမ်းနည်း

ညစ်ပေနေပြီး သန့်ရှင်းမှုပုံမှန်မလုပ်တဲ့ ဦးရေပြားနဲ့ဆံသားဟာ ဘယ်လိုမှဖွံ့ဖြိုးမှုမရှိနိုင်ပါဘူး။ သန့်ရှင်းတဲ့ ဆံသားထိန်းသိမ်းမှုကလည်း အရေးပါလှပါတယ်။ ဆောင်းရာသီမှာ အေးတာကြောင့် ခေါင်းလျှော်ဖို့အချိန်ဆွဲနေပြီး သင့်ဆံသားတွေညစ်ပေတာမျိုး မဖြစ်ပါစေနဲ့။ ခေါင်းလျှော်ချိန်မှာလိုက်နာသင့်တဲ့ အချက်တွေကို သေချာလိုက်နာပြီး ပုံမှန်ခေါင်းလျှော်ပေးဖို့လည်း လိုပါတယ်။


Tip

သန့်ရှင်းရမယ်ဆိုပေမယ့် နေ့တိုင်းလိုလို ခေါင်းလျှော်စရာတော့ မလိုပါဘူး။ တစ်ပတ်သုံးကြိမ်ထက်တော့ ခေါင်းမလျှော်ပါနဲ့။ ဆံသားတွေခြောက်သွေ့စေပါတယ်။ ရေနွေးမသုံးဘဲ သဘာဝရေအေးကိုသာသုံးပြီး ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို အများကြီးမသုံးပါနဲ့။


ပျေားဆေးသုံးပြီး ဆံသားထိန်းသိမ်းနည်း

ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေးသုံးဖို့လိုပါတယ်။ ဆံပင်ပျော့ဆေးက ဆံသားတွေပျော့ပျောင်းနေစေပြီး ခေါင်းဖြီးချိန်မှာလည်း ဆံသားကျွတ်တာကို သက်သာစေပါတယ်။ ဆံသားခြောက်သွေ့မှုကင်းပြီး ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်နိုင်စွမ်းရှိပါတယ်။ နေလောင်၊ အပူလောင်ထားတဲ့ ဆံသားတွေနဲ့ ဓာတုဗေဒပစ္စည်းတွေ ထိထားတဲ့ ဆံသားတွေအနေနဲ့ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေးမဖြစ်မနေသုံးပေးဖို့ လိုပါတယ်။


Tip

ဆံပင်ပျော့ဆေးမသုံးဘဲ ဘယ်တော့မှခေါင်းမလျှော်ပါနဲ့။ ပျော့ဆေးမသုံးဘူးဆိုရင်တောင် သဘာဝပျော့ဆေးအဖြစ် အိမ်မှာ ပြုလုပ်လို့ရပါတယ်။ ကြက်ဥ၊ ဘီယာ စတာတွေကို ခေါင်းလျှော်ပြီးလို့ ခေါင်းပေါ်မှာ ပေါင်းထားပေးရင် ပျော့ဆေးလိုပဲ အာနိသင်ရှိစေပါတယ်။ ခေါင်းမလျှော်ခင် ဦးရေပြားနဲ့ဆံသားတွေ ဆီအရင်ဆုံးလိမ်းထားလိုက်ပါ။ ခေါင်းလျှော်တိုင်း မသုံးဖြစ်ရင်တောင် တစ်ပတ်တစ်ကြိမ်လောက်တော့ မဖြစ်မနေသုံးပါ။


မှန်ကန်သောခေါင်းဖြီးခြင်းဖြင့် ဆံသားထိန်းသိမ်းနည်း

ဆောင်းတွင်းကာလမှာ ဆံသားတွေခြောက်သွေ့နေစေတာကြောင့် ခေါင်းဖြီးတာကိုလည်း သတိထားဖို့လိုပါတယ်။ ဘီးသွားစိတ်ကျယ်တဲ့ ဘီးအမျိုးအစားသုံးပြီး ခပ်ဖွဖွဖြီးဖို့လိုပါတယ်။ အတင်းခုတ်ချပြီး ခေါင်းဖြီးတာကြောင့် ဆံသားတွေ ကျိုးပျက်စေနိုင်ပါတယ်။ ရေစိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့။ ရေကူးကန်ထဲကို ဆင်းချိန်မှာ ခေါင်းစွပ်သုံးပြီးမှ ရေထဲဆင်းပါ။


Tip

ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ဆံသားတွေကို ကိုင်တွယ်ဖြီးသင်ပြီး သပ်ရပ်စွာစည်းနှောင်ထားပါ။ လေအရမ်းတိုက်လို့ ဆံသားတွေပွရောင်းနေချိန်မှာ လက်ချောင်းတွေသုံးပြီး ဆံသားကို အရင်ရှင်းလင်းပြီးမှ ဘီးမဲ့ ခေါင်းဖြီးပါ။


ဗီတာမင်အီးသုံးပြီး ဆံသားထိန်းသိမ်းနည်း

လွန်ခဲ့တဲ့နှစ်များစွာကတည်းက လေ့လာမှုတွေအရ ဗီတာမင်အီးဟာ ဦးရေပြားနဲ့ ဆံသားအတွက် အရေးပါလွန်းတဲ့ အာဟာရတစ်မျိုးပဲဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါကြောင့် ခန္ဓာကိုယ်လိမ်းတဲ့ လိုးရှင်းတွေနဲ့ ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည်၊ ပေါင်းဆေးစတာတွေမှာ ဗီတာမင်အီးကို ထည့်ပြီး အသုံးပြုခဲ့ကြပါတယ်။ ဗီတာမင်အီးမှာ အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး သင့်ကိုနုပျိုကျန်းမာနေစေဖို့လည်း ကူညီပေးပါတယ်။ နောက်ပိုင်းကာလတွေမှာ ဗီတာမင်အီးအဆီကိုလည်း ဦးရေပြားနဲ့ဆံသားတွေအတွက် အသုံးပြုခဲ့ကြပါတယ်။


Tip

ဗီတာမင်အီးအဆီကို ဦးရေပြားပေါ်မှာလိမ်းပြီး လက်ချောင်ထိပ်လေးတွေနဲ့ သွေးလည်ပတ်မှုအတိုင်း နှိပ်နယ်ပေးပါ။ ဆံသားတွေဖွံ့ဖြိုးစေပြီး ဆံပင်ကျွတ်တာကိုလည်း ကာကွယ်နို်င်ကာ ဆံသားအသစ်တွေလည်း ပြန်ပေါက်စေနိုင်ပါတယ်။


အစားအစာဖြင့် ဆံသားထိန်းသိမ်းနည်း

မှန်ကန်တဲ့ အစားစားသုံးမှုနည်းစနစ်ကလည်း သင့်ဆံသားကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။


Tip

• ပရိုတင်းကြွယ်ဝတဲ့အစားအစာနဲ့ အစေ့အဆန်တွေကို မှီဝဲပါ။ သီဟိုဋ္ဌ်စေ့နဲ့အုန်းသီးက ဆံသားဖွံ့ဖြိုးစေပါတယ်။

• ဗီတာမင်မျိုးစုံပါဝင်တဲ့ ဖြည့်စွက်အားဆေးတစ်မျိုးမှီဝဲပါ။

• အသီးအနှံ့နဲ့ ဟင်းသီးဟင်းရွက်များများစားပါ။ ဆီကြော်စာနဲ့ အဆင်သင့်အစားအစာတွေ လျှော့စားပါ။


Credit: ယမင်းသူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18