Print

အလှအပအတွက် ဘိုတောက်စ် (Botox)

  08-Dec-2017
Preview Image

အလှအပဆိုင်ရာဆေးပညာ (Aesthetic Medicine) မှာ အများဆုံး တွေ့ရတဲ့ စကားလုံးကတော့ ဘိုတောက်စ် (Botox) ပါ။ အသက်ရလာလို့ ပေါ်လာတဲ့ အရေးအကြောင်းတွေဟာ အိုမင်းရင့်ရော်ခြင်းရဲ့ သင်္ကေတတွေပါ။ အရေးအကြောင်းကို အမြန်ဆုံးပျောက်ကင်းနိုင်တဲ့ဆေးတစ်မျိုးရှိပါတယ်။ ဘိုတောက်စ်ဆိုတာ ဆေးတစ်မျိုးရဲ့ နာမည်တစ်ခုပါ။ Clostridium botulinum လို့ခေါ်တဲ့ ဗက်တီးရီးယားတစ်မျိုးက အဆိပ် (toxin) တစ်မျိုး ထုတ်ပါတယ်။ အဲဒီအဆိပ်ကို သန့်စင်ပြီး ဆေးအနေနဲ့ သုံးပါတယ်။ 


ဘိုတောက်စ်အလုပ်လုပ်ပုံ

 မျက်နှာမှာ ကြွက်သားတွေရှိပါတယ်။ အရပြေားနဲ့ တွယ်ဆက်နေတယ်။ ကြွက်သားညှစ်ရင် မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာတယ်။ ကြွက်သားမှာရှိတဲ့ အာရုံကြောတွေက ဓာတုပစ္စည်းထုတ်ပြီး ကြွက်သားမျှင်တွေကို ကျုံ့စေဆန့်စေတာပါ။ ဘိုတောက်စ်ဆေး ထိုးလိုက်တဲ့အခါ အာရုံကြောကထုတ်တဲ့ ဓာတုပစ္စည်းကို ပိတ်ဆို့လိုက်တာကြောင့် ကြွက်သားကျံု့ဆန့်တာ နည်းသွားတယ်။ အဲဒီနည်းနဲ့ အရေးအကြောင်းတွေ လျော့သွားတာပါ။ 


ဘိုတောက်စ်ထိုးပုံ

 ပုလင်းထဲက ဆေးမှုန့်ကို မီးရေနဲ့ရောပြီး အပ်အသေးစားတွေနဲ့ ထိုးရတာပါ။ ဦးစွာ မျက်နှာကို သန့်စင်ပြီး ထုံဆေးလိမ်းပါတယ်။ ဆရာဝန်က ပြံုးခိုင်းတာ၊ မျက်မှောင်ကျံု့ခိုင်းတာ၊ ရယ်ခိုင်းတာတွေ လုပ်ခိုင်းပြီး အရေးအကြောင်း ပေါ်လာတဲ့နေရာတွေ၊ ထိုးချင်တဲ့နေရာတွေကို အမှတ်မှတ်ပါတယ်။ ပြီးမှဆေးထိုးပါတယ်။ နည်းနည်းစူးတာခံစားရပါတယ်။  ၂-၃ ရက်လောက်ကြာရင် အာနိသင်စပြပြီး အပြည့်ရဖို့ တစ်ပတ်ခန့်ကြာပါတယ်။ အရေးအကြောင်းတွေ နည်းလာတာတွေ တွေ့လာရမှာပါ။


အာနိသင်ဘယ်လောက်ခံပါသလဲ

 ဆေးညွှန်းစာရွက်မှာ ဘိုတောက်စ်ဆေးအာနိသင်က (၃) လမှ (၆) လခံတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လူအလိုက် အာနိသင် ကွဲပြားမှုရှိပါတယ်။ ကျွန်တော့်အတွေ့အကြံုအရ (၆) လနှင့် (၁) နှစ်ကြား ခံပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆေးအာနိသင် လျော့လာပြီး အရေးအကြောင်းတွေ ပြန်ပေါ်လာမှာပါ။ ဒါကြောင့် ဆေးပြန်ထိုးဖို့ လိုပါတယ်။


အမေးများတဲ့ မေးခွန်းတစ်ခု

 မေးကြတာက “ ဆေးအာနိသင်လျော့သွားရင် ပြန်ပေါ်လာတဲ့ အဲဒီအရေးအကြောင်းတွေဟာ ယခင်ဆေးမထိုးခင်ကထက် ပိုဆိုးပြီး ပိုမိုအိုမင်းသွားတယ်ဆိုတာ ဟုတ်လားဆရာ” ဆိုတဲ့မေးခွန်းပါ။ 

 အဖြေက “ မဟုတ်ပါဘူး ” အသားအရေဆိုတာ တစ်နေ့တစ်ခြားပိုမို အိုမင်းလာနေတာပါ။ ဇရာကိုဘယ်သူမှ မတားနိုင်ပါဘူး။ ဘိုတောက်စ်ကတော့ (၆) လနှင့့် တစ်နှစ်ကြား ခဏဖုံးကွယ်ပေးထားပါတယ်။ ပြန်ပေါ်လာတဲ့အခါ ယခင်ရှိပြီးသားအပြင် ထပ်ကြီးလာတဲ့ အသက် (၁) နှစ်စာပါ ထပ်ပေါင်းလိုက်တော့ ပိုများလာတယ်လို့ ထင်ချင်စရာဖြစ်တာပါ။ 


ဘေးထွက်ဆိုးကျိုးရှိနိုင်လား

 ရှိနိုင်ပါတယ်။ နည်းစနစ် မှန်မှန်ကန်ကန်ထိုးဖို့ လိုပါတယ်။ အများဆုံးတွေ့ရတာကတော့ ထိုးတဲ့နေရာမှာ သွေးခြည်ဥတာပါ။ ရက်အနည်းငယ်ကြာရင် ပျောက်သွားမှာပါ။ လူတချို့မှာ ဆေးထိုးပြီး ခေါင်းကိုက်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးနှင့် သက်သာသွားမှာပါ။ ဆေးက အခြားကြွက်သားထဲမှာရောက်သွားလို့ မျက်ခွံတွဲတာ၊ မျက်လုံးဖွင့်ရခက်တာဖြစ်တတ်ပါတယ်။ အဲဒါအတွက် ဆရာဝန်ကို ပြန်ပြဖို့လိုမှာပါ။ ဖြစ်နိုင်ခြေနည်းပေမဲ့ သိထားသင့်တာက အသက်ရှူလို့မရတာပါ။ ဆေးက သွေးထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲရောက်၊ အဆုတ်ကြွက်သားတွေ အားနည်းတာပါ။ အဲဒါအရေးပေါ်အခြေအနေဖြစ်ပြီး နီးစပ်ရာ ဆေးရုံကို အမြန်သွားရောက်ကုသရမှာပါ။ 


ဘိုတောက်မထိုးသင့်တဲ့သူတွေ

 ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ အာရုံကြောရောဂါရှင်တွေ၊ အစာမျို၊ ရေမျိုရခက်တဲ့ ရောဂါရှိသူတွေဟာ ဘိုတောက်စ်ထိုးလို့ မရပါဘူး။ မျက်နှာ၊ မျက်ခုံး၊ မျက်လုံး၊ ကြွက်သားရောဂါ ပြဿနာတစ်ခုခုရှိသူတွေ၊ မျက်နှာခွဲစိတ်ထားသူတွေ၊ လွန်ခဲ့တဲ့ (၄) လအတွင်း ဘိုတောက်စ်ထိုးထားသူတွေဟာလည်း ဆေးမထိုးခင် ဆရာဝန်ကို ကြိုတင်ပြောပြထားသင့်ပါတယ်။


Credit: ဒေါက်တာစိုးဝင်းဦး

အရေပြားအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18