Print

ဆောင်းလေအေးအေးနဲ့အတူ

  20-Nov-2017
Preview Image


ဆောင်းမှာတိုက်တဲ့ ဆောင်းလေအေးအေးတွေက သင့်အရေပြားကို အစိုဓာတ်နှင့် ရေဓာတ်ခန်းခြောက်စေလို့ အသားခြောက်တတ်ပါတယ်။ ဆောင်းလေအေးကို မတိုက်နဲ့လို့ တားလို့မရပေမယ့် အသားခြောက်တဲ့ ပြဿနာကိုတော့ မဖြစ်အောင် ကြိုလုပ်ထားလို့ရပါတယ်။ 


ဆောင်းရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာ

• ဦးရေပြားခြောက်သွေ့မှုကြောင့် ဗောက်ထလာမယ်။

• မျက်နှာအသားအရေ (အထူးသဖြင့် နှာခေါင်းတစ်ဝိုက်) နီရဲကြမ်းတမ်းပြီး ယားယံမှုကို ခံစားရတတ်တယ်။ 

• လက်ဖဝါးတွေ ကြမ်းတမ်းပြီး အရေခွံလဲတယ်လို့ခေါ်တဲ့ အရေပြားကွာကျမှုတွေ ဖြစ်လာမယ်။ 

• ခြေသလုံးမှာ အရေပြားခြောက်သွေ့မှုကြောင့် ပက်ကြားအက်တွေဖြစ်လာပြီး ယားယံမှုကို ခံစားရတတ်တယ်။ 


ဒီပြဿနာအားလုံးရဲ့ အခြေခံအကြောင်းတရားက အသားအရေခြောက်သွေ့ခြင်းကြောင့်ဖြစ်ပါတယ်။ ဆောင်းရာသီမှာ အသားခြောက်တာနဲ့အတူ ယားယံခြင်းပြဿနာကို ခံစားရပြီး ယားလို့ ကုတ်မိရာက နောက်ဆက်တွဲဖြစ်လာတဲ့ အရေပြားပြဿနာတွေအနေနဲ့ နှင်းခူ၊ ယားနာ၊ ပိုးဝင်ရောင်ရမ်းနာတွေကို ဆက်ခံစားရတတ်ပါတယ်။ အသက်အရွယ်ကြီးလာ တာကလည်း အရေပြားရဲ့ အစိုဓာတ်နဲ့ ရေဓာတ်ကို ခန်းခြောက်စေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးစ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားပိုခြောက်တတ်ပါတယ်။ နောက်ပြီး ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းရောဂါ၊ အာဟာရချို့တဲ့ခြင်း ပြဿနာနဲ့ သွေးတိုးရောဂါတွေကလည်း အသားခြောက်စေတဲ့ ပ့ံပိုးအကြောင်းအရာတွေပါပဲ။ 


အသားခြောက်ခြင်းအတွက် အကောင်းဆုံးကုထုံးကတော့ အသားချောဆီ တစ်မျိုးမျိုး၊ အစိုဓာတ်ထိန်းဆေး တစ်မျိုးမျိုး (moisturizer) ကို နေ့တိုင်းလိမ်းပေးရမှာပါ။ ရေဓာတ်ပြည့်ဝနေစဖို့ ရေများများသောက်ပေးဖို့လည်း လိုပါတယ်။  အသားအနည်းငယ်ခြောက်သူအတွက် အဆီပါဝင်မှုအသင့်အတင့်ရှိသော  အသားလှဆီလိမ်းပေးရုံဖြင့် လုံလောက်မှုရှိပြီး အသားအရမ်းခြောက်သူများအတွက် vaseline ကဲ့သို့သော အဆီဓာတ်ပါဝင်မှုများတဲ့ အလှဆီများသုံးစွဲသင့်ပါတယ်။ အသားခြောက်လွန်းလို့ နှင်းခူ၊ ယားနာဖြစ်ပြီး အရေပြားပိုးဝင်ရောင်ရမ်းတာ ဖြစ်နေရင်တော့ စတီးရွိုက်ပါဝင်တဲ့ လိမ်းဆေးများ လိမ်းပေးရပါမယ်။ စတီးရွိုက်ပါဝင်တဲ့ အရေပြားလိမ်းဆေးတွေက သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင်ဘေးမို့ မိမိသဘောအရ ကိုယ့်ဟာကိုယ် သုံးစွဲတာမျိုးမလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ 


Credit: သွန်းသော်တာ (B.N.Sc)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18