Print

ညိုချောလေးတွေ သို့မဟုတ် ဗီတာမင် E နှင့်အသားအရေအလှ

  30-Oct-2016
Preview Image

ဟိုတချိန်တုံးက မန္တလေးစျေးချိုမှာ (တိုးရစ်)အတွဲတခုက ကျွန်တော်တို့အတွဲကို တခုမေးလာတယ်။ လူကဲခပ် ကောင်းပုံရတယ်ခင်ဗျ။ (ဖရု-မားကက်) ဘယ်မှာလဲပေါ့။ ဗမာပြည်မှာက အသီးအနှံစျေးဆိုပြီး(ရန်ကုန်ကလွဲပြီး) သီးခြားရယ်လို့မရှိဘူး မဟုတ်လား။ စျေးတွေမှာ ပစ္စည်းအမျိုးတူတာတွေကို ဆိုင်ချင်းကပ်ရောင်းတဲ့ စနစ်မျိုးလောက်သာ ရှိတာပါ။ စျေးချို အနောက်ဖက်တန်း၊ တောင်ဖက်ထိပ်ဟာ ရာသီအလိုက်ပေါတဲ့ အသီးအနှံတွေ ရောင်းတဲ့နေရာပါ။ တတ်စွမ်းတဲ့ အင်္ဂလိပ်စာ (စပီကင်-စကေးလ်)နဲ့ဘဲ လမ်းညွှန်လိုက်ပါတယ်။ ကျွန်တော်တို့ ရောက်နေကြတာက (စီ)ရုံမို့၊ တောင်ဖက်ကို ကိုက် ၁၀၀ ကျော်လောက် လျှောက်ပါပေါ့။ ဗမာပီပီ သဘောကလည်း အပိုဆောင်း ကောင်းလိုက်ပါသေးတယ်။ အဲ့စျေးတော့ ဆစ်နော်။ အမှန်ဘဲလေ၊ ကျွန်တော်တို့ တိုင်းပြည်မှာက စျေးဝယ်လာသူကို အင်္ဂဝိဇ္ဇာနည်းနဲ့ အကဲခပ်ပြီးသကာလ ရရင်ရသလောက် စျေးဝယ်သူဆီက ဖျစ်ညှစ် ရောင်းချင်တဲ့အကျင့် ရှိတယ်မဟုတ်လား။

အရောင်အသွေးစုံလှတဲ့ အသီးအနှံတွေကိုမြင်ရင် ဆရာဝန်တယောက်မျက်စိနဲ့ဆို ဒါဟာ ဗီတာမင်တွေလို့ဘဲ မြင်တတ်ပါတယ်။ ဗီတာမင်တွေဆိုတာ အသီးအနှံတွေက ရတာလို့ယေဘူယျ ပြောနိုင်တာကိုး။ အမှန်ကတော့ ဒီလိုပြောတာ အတိအကျတော့ မမှန်ပါ။ အသားငါးတွေကလဲ ရတာတွေရှိတယ်ခင်ဗျ။ ကကြီးကနေ အ၊ (အေ-တူ-ဇက်) ဒါမှမဟုတ် (အေ-တူ-ဇိ) ဗီတာမင်တွေထဲက (အီး) အကြောင်းလေး နည်းနည်းပါးပါး ဆွေးနွေး (ရှယ်)ရအောင်လား။

ဗီတာမင် (အီး)ဆိုတာ ဗမာစကားနဲ့ဆို ကြားလို့ သိပ်ကောင်းတာမဟုတ်ပေမဲ့ သူက ရှစ်မျိုးသော ဓါတ်တွေကို စုစည်း ခေါ်တာမို့ ခေသူ မဟုတ်ပါ။ ဗီတာမင်တွေကို အဆီမှာပျော်ဝင်တာနဲ့ ရေမှာ ပျော်ဝင်တာဆိုပြီး၊ နှစ်မျိုးခွဲရာမှာ သူက အဆီမှာ ပျော်သတဲ့။ (အေ)နဲ့ (ဒီ)လိုပါဘဲ။ ဒါ့ကြောင့် ဆီထုတ်လို့ရတဲ့ အစားအစာတွေမှာ ပါတယ်။အစေ့အဆံတွေ၊ အသီးအရွက်တွမှာ ပါပါတယ်။ နေကြာစေ့၊ မြေပဲ၊ ပဲပုပ်စိ၊ အာရပ်နိုင်ငံတွေက ထွက်တဲ့ (အလာမုန်း)၊ သံလွင်ဆီ၊ ဒါတင် ဘယ်ကမလဲ၊ သင်္ဘောသီး၊ မုံညင်းစိမ်း၊ မုံညင်းဖြူ၊၊ ခရမ်းချဉ်သီးတို့မှာလဲ ပါတယ်။ (ဘရူကိုလီ) ခေါ် မုံလာပွင့်စိမ်း၊ (ပေါ့ပိုင်-သည်-ဆေးလ်လား) ကာတွန်းထဲက (စပင်းနတ်ရှ်)ခေါ်တဲ့ ဟင်းနုနွယ်ရွက်တွေမှာ ပါတယ်။

ရုပ်ရှင်-တီဗွီ ကြည့်ရင်း နေကြာစေ့လှော်စားတာက အမှိုက်ရှုတ်ပြီး နုတ်ခမ်းနီ ပျက်တတ်ပေမဲ့ ဗီတာမင်(အီး)ပါလို့ ကောင်းပါတယ်။ (ကျွန်တော်က နေကြာစေ့ရောင်းသူ မဟုတ်ပါ။)

အမှန်တော့ ဗီတာမင်(အီး) နည်းတဲ့ရောဂါဆိုတာ အရှားသားပါ။ အဆီကို စုပ်ယူနိုင်စွမ်း မရှိတဲ့အခြေအနေ၊ မွေးတုန်းက ကိုယ်အလေးချိန် မပြည့်ရင်၊ အူမှာ ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။

ဗီတာမင်မှန်သမျှ မရှိမဖြစ်လိုပေမဲ့ နည်းနည်းဆိုရတယ်။ လူစားတဲ့ အစာတွေမှာ ပါတာမို့ အဆန်းကြီးမဟုတ်ပါ။ အခုရေးတာတွေထက် ပိုပြီး ဆေးရောင်းတဲ့ ကုမ္ပဏီတွေကြော်ညာတာတိုင်း သွားတော့မယုံလေနဲ့။ အဲ့့့ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင်(အီး)များရင်လဲ မကောင်းပြန်ဘူး။ ဆေးပညာအရပြောရရင် တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုသင့်ဘူး။ အသက်ငယ်ရင်ငယ်သလို နည်းနည်းဘဲ လိုတာပါ။

ဗီတာမင်(အီး)နဲ့ပတ်သက်လို့ သိပ်မသေချာသေးတာတွေ အတော်ရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်၊ ကင်ဆာ (အစာအိမ်ကင်ဆာ၊ အမျိုးသမီးရင်သားကင်ဆာ၊ အမျိုးသမီးအူမကြီးကင်ဆာ၊ ယောက်ျား ဆီးကြိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊) စတာတွေကို ကောင်းစေတယ်ဆိုတာက သုတေသန အဆင့်မှာသာ ရှိပါသေးတယ်။ နောက်ပြီး မျက်စိအတွင်းတိမ်အတွက် အကျိုးများစေတယ်လို့ ဆိုပါတယ်။

သေချာတာကတော့ နေရောင်ထဲမှာပါတဲ့ အန္ကရာယ်ပေးတတ်တဲ့ ခရမ်းလွန်ရောင်ခြည်(ယူဗွီ-လိုက်)ကို ကာကွယ်ရာမှာ သူက ကောင်းပါတယ်။ ဒါ့ကြောင့် ကောင်းခြင်းငါးဖြာထဲက အသားအရေ၏ ကောင်းခြင်းကို လိုချင်သူ အမျိုးသမီးများက သဘောကျကြတယ် မဟုတ်ပါလား။

အမျိုးသမီးတွေအတွက် ကောင်းတာတွေ ရှိပါသေးတယ်။ ၀က်ခြံ၊ ရင်သားကင်ဆာ၊ ရင်သားအကြိတ်၊ သွေးဆုံး လက္ခဏာတွေ၊ ကိုယ်ဝန်ရှိချိန်မှာ သွေးတိုးတာ၊ မွေးလမ်းကြောင်း ရောင်တာတွေမှာလဲ ကောင်းစေပါသေးသတဲ့။

ဗီတာမင်(အီး)ရော (အေ)ရောဟာ အသားအရေကို ကောင်းစေပါတယ်။ နှစ်မျိုးလုံးက အဆီမှာ ပျော်ဝင်တာမျိုးတွေမို့ ဆီရှားတဲ့အရပ်၊ ဆီမစားတတ်တဲ့အရပ်က လူတွေအတွက် သတိထားသင့်တယ်။ ဆီ-အဆီကို ရှောင်တိုင်း မကောင်းပါ။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ (ကြက်ဆူဆီ မပါ) ပေါလှတဲ့အရပ်က အညာသူ၊ အညာသားတွေဟာ ညိုချောတွေဖြစ်ကြတာ မဆန်းပါ။

ညိုချောဆိုတာ အသားရောင် ညိုပေမဲ့ ထိတွေ့တဲ့အခါ ချောမွေ့တာကို ဆိုတာပါ။ ဟုတ်ပါတယ်နော့်။

 

Healthcare.com.mm

Ref:Dr kyawtint



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18