Print

ဆယ်ကျော်သက် ပျိုမေတို့ အတွက် အလှအပ ထိန်းသိမ်းနည်း (၁ဝ)ချက်

  30-Oct-2016
Preview Image

ဆယ်ကျော်သက်အရွယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ အလှအပတွေ ဖွံ့ဖြိုးတဲ့အချိန်၊ အသိဉာဏ် ဗဟုသုတတွေ ဖွံ့ဖြိုးတဲ့အချိန်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူမတို့ရဲ့အလှအပကို မည်သို့မည်ပုံ ထိန်းသိမ်းခြင်းအားဖြင့် အမြဲတမ်းလှနေစေနိုင်မလဲဆိုတာ စူးစမ်းကြည့်ကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ မှန်ကန်တဲ့ အလှအပထိန်းသိမ်းနည်းကို သိရှိပြီး မှန်ကန်တဲ့ နည်းလမ်းများနှင့်ထိန်းသိမ်းနေမှသာ လှပသော မိန်းကလေး တစ်ယောက်အဖြစ် ရပ်တည်နိုင်ကြမှာပါ။

အလှအပထိန်းသိမ်းတယ် ဆိုတဲ့နေရာမှာလည်း ဦးခေါင်းတစ်မျိုးတည်း၊ မျက်နှာတစ်မျိုးတည်း စသည်ဖြင့် ထိန်းသိမ်းလို့အကျိုးထူးမည်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး နည်းစနစ်ကျကျ ထိန်းသိမ်းနိုင်မှသာ အများနည်းတူ လှပသော မိန်းကလေးအဖြစ် လူပုံအလယ်မှာ ဝင့်ကြွားနိုင်မှာဖြစ်သည့်အတွက် ယခုတစ်ပါတ် News Watch ဂျာနယ်ရဲ့ အလှအပနှင့် ကျန်းမာရေး ကဏ္ဍကနေ မိန်းကလေးများ အမြဲလိုက်နာသင့်တဲ့ အလှအပထိန်းသိမ်းနည်းကို တင်ဆက်ပေးလိုက်ရပါတယ်။

ယခုဖော်ပြလိုက်တဲ့ အလှအပထိန်းသိမ်းနည်းကို ဆယ်ကျော်သက် မိန်းကလေးများသာမက အသက်အရွယ်မရွေးလိုက်နာကျင့်သုံးကာ လှပပြီး ကျန်းမာသန့်ရှင်းသော အမျိုးသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ကြမှာပါ။

၁။ မျက်နှာသစ်ပါ

နေ့စဉ်နေ့တိုင်း မျက်နှာကို သက်ဆိုင်ရာဆပ်ပြာ(သို့မဟုတ်) မျက်နှာသစ်ဆေးများဖြင့် ဆေးကြောသန့်စင်ပေးခြင်းနှင့် မိမိတို့လိမ်းချယ်ထားခဲ့တဲ့ မိတ်ကပ်များကို ဖယ်ရှားပေးတဲ့အကျင့်ကောင်းကိုမွေးမြူရပါမယ်။ မိတ်ကပ်လိမ်းခြယ်လျက်သား အိပ်ရာဝင်လိုက်ခြင်းမျိုး လုံးဝမလုပ်သင့်ပါဘူး။ တတ်နိုင်သမျှ မိမိတို့၏ အိမ်ကိုပြန်ရောက်လျှင် ပြန်ရောက်ချင်း မိတ်ကပ်များကို စင်ကြယ်စွာ ဆေးကြောပစ်ပြီး မိမိတို့၏အသားရည်ကို လေဝင်လေထွက် ရရှိအောင်ပြုလုပ်ပေးပါ။ ဆေးကြောတဲ့အခါမှာလည်း မျက်နှာ၏အရေပြားကို ကုတ်ဖဲ့ခြင်းမျိုးမပြုလုပ်ဘဲ ညင်သာစွာပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ မိတ်ကပ်အတူတကွ သုံးစွဲခြင်းမပြုလုပ်ပါနဲ့

ဆယ်ကျော်သက်အရွယ် မိဘများကလည်း ပိုက်ဆံအလုံအလောက်မပေး၊ မိမိတို့ကလည်း မိတ်ကပ်ကောင်းကောင်း သုံးချင်ကြတဲ့ ဆယ်ကျော်သက် မိန်းကလေးအများစုဟာ မိတ်ကပ်များကို တစ်ဦးနှင့်တစ်ဦး အတူတကွသုံးစွဲကြပါတယ်။ ၎င်းကဲ့သို့အတူတကွသုံးစွဲခြင်းဟာ ဘတ်တီးရီးယားများ တိုးပွားစေနိုင်ပြီး မျက်နှာအရည်ပြားပေါ်တွင် မလိုလားအပ်တဲ့ ယားယံမှုနှင့် ပြဿနာများကြုံတွေ့လာနိုင်တာကြောင့် မိတ်ကပ်တစ်ဘူးတည်း သုံးစွဲခြင်း ကိုရှောင်ရှားသင့်ပါတယ်။

၃။ သဘာဝအလှကို မြတ်နိုးပါ

မိတ်ကပ်နှင့်အခြား ဓါတုပစ္စည်းအခြေပြု အလှပဆိုင်ရာပစ္စည်းများကို မလွဲသာလို့သာ သုံးစွဲရကြပေမယ့် တတ်နိုင်သလောက် သဘာဝ အတိုင်းလှပတဲ့ မိမိရဲ့ အလှအပကို မြတ်နိုးတန်ဖိုးထားရကြပါမယ်။ ခန္ဓာကိုယ်သို့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းနည်းနိုင်သမျှနည်းအောင် ထိတွေ့မှုပြုလုပ်ပေးလေလေ မိမိရဲ့အလှအပကို အန္တရာယ်ကင်းကင်း ထိန်းသိမ်းနိုင်လေလေ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်း များကို ကြာရှည်သုံးစွဲပါက မိမိတို့ရဲ့ ခန္ဓာကိုယ်အရည်ပြားများတွင် အဆိပ်အတောက်ဓါတ်များ စုစည်းခွင့်ပေးသလိုဖြစ်သွားပြီး အန္တရာယ်ရှိလာနိုင်တာကြောင့် တတ်နိုင်သမျှ သဘာဝ ပစ္စည်းများမှ ထုတ်ယူထားသော ပစ္စည်းများကို သုံးစွဲသင့်ပါတယ်။

၄။ ချိုးရေ ကိုသတိပြုပါ

မိမိတို့ရဲ့ ချိုးရေ ကိုသတိထားပါ။ နေ့စဉ်ပုံမှန်ရေချိုးကြပေမယ့် မိမိတို့နေ့စဉ်ချိုးနေ တဲ့ရေဟာ သန့်ရှင်းမှုရှိမရှိ နှင့် မိမိတို့နှင့် ကိုက်ညီမှုရှိမရှိဆိုတာ အင်မတန်အရေးကြီးပါတယ်။ ချိုးရေဟာ ခန္ဓာကိုယ်အသားရည် ရေဓါတ်ခန်းခြောက်ခြင်းမှာ အရေးပါသလို အခြားသောနေရာများမှာလည်း အထူးအရေးပါတာကြောင့် ဂရုပြုသင့်ပါတယ်။ ရေနွေးပူကို ဆားအနည်းငယ်ခတ်ပြီး မိမိတို့ရဲ့ ချိုးရေ အဖြစ်အသုံးပြုပါက အကျိုးထူးခြားချက်ကို သိရှိလာပါလိမ့်မယ်။

၅။ မိမိတို့နှင့်ကိုက်ညီသော အဝတ်အစားများကိုဝတ်ဆင်ပါ

မိန်းကလေးတစ်ယောက် လှပနေဖို့ဆိုတာ သူတို့ ဝတ်ဆင်တဲ့ အဝတ်အစားပေါ်မှာ အများကြီး မူတည်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါ့အပြင် မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံဟာ သူတို့ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်စေတယ်လို့ လူတွေကယူဆထားတာကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်နှင့်လိုက်ဖက်ညီမယ့် အဝတ်အစားများကို ဝတ်ဆင်ကြဖို့အရေးကြီးပါတယ်။ မိမိတို့နှင့် လိုက်ဖက်တဲ့အဝတ်အစားဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများကိုအလွန်အကျူး ဖော်ချွတ်စရာ မလိုအပ် သလို အရမ်းကျပ်လှသည့် Skinny လို့ခေါ်တဲ့အဝတ်စားများကို အမြဲတစေ မဝတ်ဘဲ နေရာတကာသို့ သွားလာနိုင်တဲ့အဝတ်အစားများကိုရွေးချယ်သင့်ပါတယ်။

၆။ ဆံပင်ကို သန့်ရှင်းပါ

ဆံပင်ကို သန့်ရှင်းအောင် ပြုလုပ်ပါဆိုတဲ့နေရာမှာ မိန်းကလေးအများစုက ခဏခဏ ခေါင်းလျှော်ရမယ် လို့တွေးရင်တော့ မှားသွားပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက်ခေါင်းလျှော်ရင် မိမိတို့အတွက်လုံလောက်သလဲဆိုတာ သိကြမှာဖြစ်ပြီး အကြိမ်အရေအတွက်များစွာခေါင်းလျှော်မယ်ဆိုရင်တော့ ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ အကြိမ်အရေတွက်များစွာ ခေါင်းလျှော်ခြင်းရဲ့ဆိုးကျိုးအဖြစ် ဆံသားများကို အကာအကွယ်ပြုရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဦးရည်ပြားမှ အဆီများ ခန်းခြောက်စေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။ တစ်ဖက်မှာလည်း ကြာရှည်ခေါင်းမလျှော်ဘဲ အဆီဓါတ်များပြားသော ဦးရည်ပြားအဖြစ် ဖြစ်ခွင့်ပြုထားမယ်ဆိုရင်တော့ ယားယံခြင်းနှင့် အခြားရောဂါဝေဒနာဆိုးများကို ဖြစ်စေနိုင်တာကိုလည်း သတိမူသင့်ပါတယ်။

၇။ လက်သည်းများကို ဂရုစိုက်ပါ

လက်သည်းများကို ဂရုစိုက်ဖို့ဆိုတာ အလှပြင်ဆိုင်အထိသွားပြီး Nail Art တွေရေးဆွဲပေး ဖို့အထိမလိုအပ်ပါဘူး။ လက်သည်းများ ရှည်နေပါက ပုံမှန်ညှပ်ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ပေးပြီး လိမ်းချယ်ထားသည့် လက်သည်းနီများ ပျက်ပြယ်နေပါက အသစ်ချယ်သပေးမှုကို ပြုလုပ်ပေးရုံနှင့်တင် လုံလောက်ပါတယ်။ လက်သည်းနီများ ကြာရှည်ခံနိုင်ဖို့ကိုတော့ အလွှာကြည်တစ်ထပ် သုတ်လိမ်းကာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ လက်သည်းများကို သံပရာရည်အတွင်းသို့ စိမ်ပေးခြင်းအားဖြင့် လက်သည်း ကျန်းမာရေးကို မြှင့်တင်နိုင်ကြပါတယ်။

၈။ ဆံပင်များကို အလွန်အမင်း အရောင်ဆိုးခြင်းမပြုလုပ်ပါနှင့်

ဆံပင်ဆိုးခြင်းဟာ မိမိရဲ့ ဆံပင်ပုံစံနှင့် စတိုင်ကိုပြောင်းလဲနိုင်ပြီး စတိုင်ကျလှပနိုင်သော်လည်း တစ်ဖက်မှာ မိမိတို့ရဲ့ ဆံပင်ကျန်းမာရေးကို များစွာထိခိုက်နိုင်သည်ကိုတော့ သတိပြုသင့်ပါတယ်။ ဆံပင်ဆေးဆိုးခြင်းကို ခဏခဏပြုလုပ်ပါက ဦးရေပြားအတွင်းသို့ ဓါတုပစ္စည်းများရဲ့ သက်ရောက်မှုများကြောင့် ဆံပင်ကျွတ်ခြင်းနှင့် မိမိတို့ရဲ့ သဘာဝ ဆံပင်အရောင်ကိုကျွတ်စေနိုင်တကြောင့် ဆံပင်ဆေးဆိုးခြင်းကို တတ်နိုင်သမျှ အကြိမ် အရေအတွက်နည်းအောင်နှင့် အကြောင်းကြောင်းကြောင့် ဆေးဆိုးရမည်ဆိုပါကလည်း အန္တရာယ်ကင်းသော ဆိုးဆေးများကိုသာအသုံးပြုသင့်ပါတယ်။

၉။ နှုတ်ခမ်းနှင့် မျက်စိ ကိုလည်းလိုက်ဖက်အောင်လိမ်းချယ်ပါ

မျက်နှာကို မိတ်ကပ်လိမ်းချယ်ထားပါက မျက်လုံးနှင့် နှုတ်ခမ်းကိုလည်း မိမိတို့လိမ်းချယ် ထားသော မိတ်ကပ်အရောင်နှင့် လိုက်ဖက်မှုရှိအောင် လိမ်းချယ်ဖို့အလွန် အရေးကြီးပါတယ်။ နှုတ်ခမ်းနီအရောင်နှင့် မျက်လုံးအရောင်တို့ဟာ မိမိတို့လိမ်းချယ်ထားသောမိတ်ကပ်အရောင်ထက်ပိုမိုတောက်ပနေပါက တစ်ပါးသူအမြင်မှာ တင့်တယ်မည် မဟုတ်တာကိုလည်း သတိပြုသင့်ပါတယ်။

၁ဝ။ မိတ်ကပ်ကို အလွန်အကျွံလိမ်းချယ်ခြင်းမပြုရန်

ဆယ်ကျော်သက်မိန်းကလေးအများစုဟာ သူမတို့ကို မိတ်ကပ်ပမာဏ အနည်းငယ်သာ လိမ်းချယ်ရန် တိုက်တွန်းပါက စိတ်ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် အသက်ရွယ်ကြီးလာပါကလည်း ၎င်းစိတ်ဆိုးတတ်တဲ့ အကျင့်မှာပြောင်းလဲသွားမှာမဟုတ်ဘဲ မိန်းကလေးအများစုကို မိတ်ကပ်အနည်းငယ်သာလိမ်းရန် တိုက်တွန်းပါက အနည်းနှင့်အများ စိတ်ဆိုးတတ်ကြစမြဲပါ။ အမှန်တကယ်မှာတော့ မိတ်ကပ်များကို အလွန်အကျွံ လိမ်းချယ်ခြင်းဟာ အခြားလူများကို သင့်အနေဖြင့် မိတ်ကပ်ကိုအလွန်အကျွံ လိမ်းချယ်တတ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် သိစေရုံအပြင် ဘာကောင်းကျိုးမှ မဖြစ်ထွန်းစေပါဘူး။ ယနေ့ခေတ် မိန်းကလေးအများစုဟာ သူမတို့ရဲ့ မိတ်ကပ်၊ ပေါင်ဒါ နှင့် eye liner တို့ရဲ့အောက်က အလှအပတွေကို မေ့လျော့နေကြပါတယ်။

 

Healthcare.com.mm

Ref:

News Watch(စောင့်ကြည့်သတင်းဂျာနယ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18