Print

အသားဖြူချင်သူများအတွက် သဘာဝနည်းလမ်းများ

  30-Oct-2016
Preview Image

အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။

အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။

သဘာဝဖြစ် အသားဖြူနည်းများ

သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ စျေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ အသားဖြူနည်း

လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

နေပူလောင်အတွက်

နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဖြစ် အသားဖြူ Lotion

သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင်ရွှန်းလဲ့ လာပါလိမ့်မယ်။

အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

ရှောင်ကြဉ်ရမည့် အချက်များ

အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကို သိပြီးမှ အသားအရေ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။

Healthcare.com.mm

Ref: Myawady News

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18