Print

မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့လျှင် မိမိအနေဖြင့် လူနာကို မည်သို့ကူညီဆ...

  30-Dec-1899
Preview Image

ရှေးဦးစွာ ဆောင်ရန်ရှောင်ရန်အချက်များ
 

(၁) မိမိအတွက် အန္တရာယ်ကင်း၊ မကင်း အရင်စစ်ဆေးပါ။ ပြီးနောက် အခြားလူများကို ထိခိုက်ဒဏ်ရာရ၊ မရ စစ်ဆေးပါ။


- အသံတိတ်နေသော၊ လှုပ်ရှားမှုနည်းသော လူကို အရင်ဆုံးရှာဖွေပါ။ အသက်မရှူနိုင်သော၊ ထိခိုက်ဒဏ်ရာကြီးစွာ ရနေသော လူဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။
- အသံထွက်နိုင်သော၊ အော်ဟစ်နေသော လူများသည် အနည်းဆုံး အသက်ရှူနိုင်ပြီး၊ အသံပေးနိုင်သော အခြေအနေ ဖြစ်နိုင်ပါတယ်။
- အကယ်၍ သတိရှိနေတယ်ဆိုလျှင် အမည်ဘယ်လို ခေါ်လဲ အရင်ဆုံးမေးကြည့်ပါ။ ထိုအချိန်တွင် သတိကောင်းစွာ ရှိ၊ မရှိကို ခန့်မှန်းနိုင်မှာ ဖြစ်သလို ဆေးရုံရောက်လျှင် ထိုအချိန်မှ သတိရှိခြင်း အခြေအနေနှင့် လက်ရှိအခြေအနေ နှိုင်းယှဉ်ပြီး ဦးနှောက်ကို ထိခိုက်မှု ရှိခြင်း၊ မရှိခြင်း ထည့်သွင်း စဉ်းစားမှု ပြုလျှင် အသုံးဝင်နိုင်ပါတယ်။

(၂) အကူအညီတောင်းပါ။ အနီးပတ်ဝန်းကျင်ရှိ လူများကို ဝိုင်းဝန်းပြီး လူနာကို ဆေးရုံ သို့ရောက်ရန် ပို့ဆောင်ပေးပါ။ (သို့) အရေးပေါ် ဆေးရုံကားကို ခေါ်ပါ။

(၃) နှာခေါင်းနား၊ပါးစပ်နားတွင် ပါးကိုကပ်၍၊ (သို့) လက်ချောင်းကိုထား၍ အသက်ရှူမရှူ စစ်ဆေးကြည့်ပါ။ ရင်ဘတ်ဖောင်းလာခြင်း ရှိ၊မရှိလည်းလည်း ကြည့်ပါ။ အသက်ရှူသံ မကြားရလျှင် ပါးစပ်ထဲတွင် ပိတ်ဆို့မှု ရှိ၊မရှိကို စစ်ဆေးပါ။ ပါးစပ်ထဲတွင် တစ်ခုခုနှင့် ပိတ်နေတာမျိုးဆိုလျှင် လက်ညိုးနှင့် လက်ခလယ်ကို အသုံးပြုပြီး ဖယ်ထုတ်ပေးပါ။

(၄) အသက်ရှူခြင်းရှိ၊ မရှိ အရင်ဆုံးစစ်ဆေးပါ။ ရင်ဘတ်နားကပ်ပြီး နှလုံးခုန်သံကို နားထောင်ပါ။ သွေးခုန်နှုန်းကို စမ်းကြည့်ပါ။

(၅) အသက်မရှူလျှင် သို့မဟုတ် အသက်မရှူ ၊သွေးခုန်နှုန်း မရှိတော့ဘူးဆိုလျှင် ဆေးရုံမရောက်ခင်အခြေအနေအထိ ရင်ဘတ်ကို ဖိနှိပ်ခြင်း ရှေးဦးသူနာပြုအသက်ကယ်နည်းကို ပြုလုပ်ပါ။ မိမိ၏ လက်ဖနောင့်ကို လူနာ၏ ရင်ဘတ်အလယ်တည့်တည့် (ရင်ညွန့်ရိုး)တွင် ထားပါ။ ကျန်သောအခြားလက်တစ်ဖက်ဖြင့် အဆိုပါလက်ပေါ်သို့ ထပ်ပြီး အုပ်ကိုင်ပါ။လက်နှစ်ဘက်ကို ဆန့်တန်းထား၍ လက်ဖနောင့်အားသုံးပြီး လူနာကို ဖိပေးပါ။ ဖိနေစဉ် မိမိအလေးချိန်ကို လက်နှစ်ဘက်ပေါ်သို့ သက်ရောက်စေရမည်။

ရင်ဘတ်ပေါ် တစ်ခါဖိတိုင်း လူနာရင်ဘတ် နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိပေးရမည်။ ဖိသည့်အကြိမ်အရေအတွက်ကို တစ်မိနစ် အကြိမ် ၁ဝဝနှုန်းဖြင့် ပြုလုပ်ရမည်။ ရင်ဘတ်ကိုအပြည့်ပြန်ဖောင်းပြီးမှ နောက်တစ်ကြိမ်ပြန်ဖိပါ။CPR ကို နှစ်မိနစ်ခန့် လုပ်ပေးပြီးတိုင်း လူနာ၏အခြေအနေကို ပြန်လည်ဆန်းစစ်ရမည် ဖြစ်သည်။ လူနာ သတိမရမချင်း(သို့) လူနာတင်ယာဉ် မလာမချင်း ဆက်လက်လုပ်ဆောင် သွားသင့်သည်။

(၆) ပါးစပ်ထဲမှ သွေးထွက်နေတာမျိုး၊ အန်နေတာမျိုး ရှိလျှင် လူနာကို တစ်ဖက်ကို စောင်းထားပေးပါ။ ထိုနည်းဖြင့် လည်ချောင်းထဲတွင် ပိတ်ဆို့နေခြင်းကြောင့် အသက်မရှူနိုင်ခြင်းကို သက်သာစေပါတယ်။

(၇) အကယ်၍ ပြင်းထန်သော၊ ပေါက်ပြဲပွင့်ထွက်နေသော ဒဏ်ရာများတွင် အလွန်အကျွံသွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ သွေးထွက်နေသည့်နေရာကို အဝတ်ဖြင့် မတင်းမကျပ်စည်းပေးပြီး လက်ဖဝါးဖြင့် ဖိထားပေးပါ။

(၈) အချို့သောလူများတွင် မတော်တဆမှု ဖြစ်ပြီးနောက် ခေါင်း၊ ကျောရိုး၊ လည်ပင်းကို ခိုက်မိထားသည်ဟု သံသယရှိပါက လူနာကို အလျင်စလို နေရာရွှေ့ခြင်း မပြုလုပ်ရပါ။ အရိုးကျိုးနေတာမျိုး ဖြစ်နိုင်တာကြောင့် ထိုသို့ ပြုလုပ်ခြင်းသည် အန္တရာယ်ပိုရှိတာကြောင့်ဖြစ်ပါတယ်။ ခွေခေါက်ပို့ခြင်းက ကျောရိုးရှိ နာဗ်ကြောများဖိမိ၍ ပိုမိုဆိုးရွားသော အခြေအနေဖြစ်စေနိုင်ပါတယ်။

(၉) မတော်တဆမှု ဖြစ်ပြီးပြီးခြင်းတွင် အခင်းတွင် ပါဝင်ခဲ့သောလူများကို အနွေးဓာတ်ရအောင် ပြုလုပ်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ထိတ်လန့်မှုကြောင့် ကိုယ်ခန္ဓာအလွန်အမင်းအေးစက်နေခြင်းကို သက်သာစေနိုင်ပါတယ်။

(၁ဝ) အခင်း ဖြစ်ပွားပြီးနောက် လူနာကို အစာကျွေးခြင်း၊ ရေတိုက်ခြင်းစသည်တို့ကို မပြုလုပ်ရပါ။ အစာ၊ ရေသီးပြီး အသက်ရှူကြပ်တာမျိုး ဖြစ်တတ်ပါတယ်။

ဆေးရုံသို့ သွားနေသည့် လမ်းတစ်လျှောက် ကူညီဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် လူနာကို အရွှေ့အပြောင်းပြုလုပ်သည့်အခါ လိုက်နာသင့်သည်များ

• ထိခိုက်ဒဏ်ရာရထားသော လူနာကို အရွှေ့အပြောင်းပြုလုပ်တဲ့အခါ တတ်နိုင်သလောက် လူနာကို လည်ပင်းနှင့် ကိုယ်ကို အတည့်အနေအထားဖြင့် ရွှေ့ပါ။ လူနာကို မလှုပ်အောင် ထိန်းပြီး ခြေထောက်မှ၊ ခေါင်းမှ၊ ကိုယ်မှ အကူအညီပေးမည့် လူများက တစ်ပြိုင်တည်း တစ်ချိန်တည်း ရွှေ့ပါ။ လိပ်ထားသော အဝတ်ခေါက်ကို လည်ပင်းအောက်တွင် ခံထားပေးနိုင်ပါတယ်။ 


• ပက်လက်အနေအထားတွင် ထားပြီး အရွှေ့အပြောင်း လုပ်ပါ။


• ခြေထောက်၊လက် သာ ထိခိုက်ဒဏ်ရာရလျှင် ထို်င်နေသည့်အနေအထားဖြင့် အရွှေ့့အပြောင်းလုပ်နိုင်ပါတယ်။


• ဆေးရုံသို့သွားနေသည့် အချိန်အတွင်း သွေးထွက်နေသည့်လူနာကို သွေးတိတ်အောင် ဖိထားပေးပြီး အသက်မရှူလျှင်၊ သွေးခုန်နှုန်းမရလျှင် အရေးပေါ်အသက်ကယ်နည်းကို ကြိုးစားလုပ်ပေးရမှာပါ။

 

Dr.Myat Noe
Healthcare.com.mm
Source: Health tips
Driving test success.com

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18