Print

Cerebrovascular Accident (ရုတ်တရက် လေဖြတ်ခြင်း)

  24-Jan-2017
Preview Image

အရပ်သုံးစကား လေဖြတ်ခြင်း (stroke) ဟုခေါ်သော ဆေးအခေါ်အဝေါ် Cerebro-Vascular Accident (CVA) သည် နှလုံးမှ ဦးနှောက်သို့ သွေးထောက်ပံ့ပေးနေသောသွေးကြော ထိခိုက်ပျက်စီး၍ ဦးနှောက်အတွင်း သွေးယိုစီးခြင်း (Haemorrhage) (သို့မဟုတ်) တစ်ခြားမှ မျောပါလာသော အစအန တစ်ခုခုက ဦးနှောက်သွေးကြောကိုလာရောက်ပိတ်ဆို့စေခြင်း(Thrombosis) တစ်ခုခုကြောင့် ဖြစ်ရသည်။ သွေးယိုစီးခြင်း(Haemorrhage) ကြောင့် ဖြစ်စေ၊ သွေးကြောပိတ်ဆို့ခြင်း(Thrombosis) ကြောင့်ဖြစ်စေ၊ ထိုသို့ ဖြစ်ပါက ဦးနှောက်တွင် နှလုံးမှ ပို့ပေးသော အောက်စီဂျင်ကိုအလုံအလောက် မရနိုင်ခြင်းကြောင့် ဦးနှောက်တစ်ရှူး တစ်ချို့ ပျက်စီးသွားသည်။ 

 

ထိုအခါ ထိုသက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း ထိန်းချုပ်ထားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ဦးနှောက်ကြား အဆက်အသွယ်ပြတ်သွား၍ ဦးနှောက်မှ အမိန့်ပေးနိုင်စွမ်းမရှိတော့၍ ထိုအစိတ်အပိုင်းများ အလုပ်မလုပ်နိုင် ဖြစ်သွားခြင်းကို
လေဖြတ်ခြင်းဟု ခေါ်သည်။

 

ဖြစ်ပွားရသည့်အကြောင်းရင်း
*********************

လေဖြတ်ခြင်းကို ဖြစ်စေသည့် အဓိကအရင်းခံ ပြသနာများမှာ-

(၁)ဆေးလိပ်သောက်ခြင်း

(၂) ကိုယ်အလေးချိန်များခြင်း

(၃) သွေးထဲ ကိုလက်စရောလ် (တိရိစ္ဆာန်မှ ထွက်သည့် အဆီတစ်မျိုး) များခြင်း၊

(၄)သွေးတိုး (သို့) ဆီးချို တစ်ခုခု (သို့) နှစ်ခုစလုံးရှိခြင်း၊

(၅)အရက် အလွန်အမင်းသောက်ခြင်းတို့ ဖြစ်သည်။

 

(၁) ဆေးလိပ်သောက်ခြင်း
*******************
ဆေးလိပ်သောက်သောအခါ ဆေးလိပ်အတွင်းတွင် ပါဝင်သော နီကိုတင်းဓာတ်သည် ခန္ဓာကိုယ် အတွင်းအင်္ဂါ အစိတ်အပိုုင်းအားလုံးကို ထိခိုက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကိုအလွန်အမင်းများစေသောကြောင့် သွေးကြောထဲအောက်စီဂျင်ကိုနည်းစေခြင်း၊ သွေးလွှတ်ကြောအတွင်းရှိ တစ်ခြားပါဝင်သော ဓါတ်ပေါင်းများ (Arterial Blood gases) ကိုလည်း မမျှမတ ဖြစ်စေခြင်းဖြင့် သွေးလွှတ်ကြောကို ထိခိုက်စေပါသည်။

 

(၂) ကိုယ်အလေးချိန်များခြင်း
**********************
ကိုယ်အလေးချိန် များသောအခါ နှလုံးမှ ခန္ဓာကိုယ် အနှံ့အပြားသို့ အာဟာရနှင့်အောက်စီဂျင် ထောက်ပ့့ံရာတွင် အရောက်နှေးကွေးစေပါသည်။ အရပ်နှင့်မမျှအောင် ကြီးမားနေသော ခန္ဓာကိုယ်မှ တောင်းဆိုသည့်အတိုင်း အာဟာရနှင့် အောက်စီဂျင်ကိုအလုံအလောက် ပို့ပေးနိုင်ရန် နှလုံးနှင့် သွေးလွှတ်ကြောသည် ခန္ဓာကိုယ် ကြီးမားလေအလုပ်ကို မနိုင်မနင်း ပိုလုပ်ရလေ ဖြစ်သည်။

 

(၃) သွေးထဲ ကိုလက်စထရောလ် အဆီများခြင်း
**********************************
သွေးထဲတွင် ကိုလက်စထရောလ်များပါက ကိုလက်စထရောလ်ကြောင့်သွေးကို လိုသည်ထက်ပို၍ ပျစ်ခဲစေပြီး သွေးစီးမှုကို နှေးစေခြင်း၊ ၎င်းမှ ဖြစ်ပေါ်လာသည့် အဆီဖတ်များသည် သွေးကြောနံရံတွင် အနည်ထိုင်ကာ တွယ်ကပ်စေပြီးသွေးလွှတ်ကြောကို မာကျောစေခြင်း နှင့် ကျဉ်းစေခြင်း၊ အချိန်ကြာလာသောအခါသွေးကြောနံရံတွင် အနည်ထိုင်၍ မာကျောနေသော ကိုလက်စထရောလ် အဖတ်များသည် တစစီပဲ့ထွက်ကာ သွေးထဲ၌ လွှင့်မျောပြီး သွေးကြောကို ပိတ်ဆို့စေပါသည်။နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောနှင့် မည်သည့်အင်္ဂါ အစိတ်အပိုင်းရှိ သွေးကြောကိုပိတ်ဆို့ခံရသည်ဖြစ်စေ ပိတ်ဆို့ခံရသောအစိတ်အပိုင်းအတွက် အောက်စီဂျင်ကိုပြတ်တောက်စေပါသည်။

 

(၄) သွေးတိုးနှင့် ဆီးချိုရောဂါများရှိခြင်း
****************************
သွေးတိုးရောဂါသည် ထိုကဲ့သို့ သွေးလွှတ်ကြောမှ မနိုင်မနင်းအလုပ်လုပ်ရဖန် များသောကြောင့် ဖြစ်လာရသည်။ထို့ကြောင့် သွေးတိုးရောဂါရှိသူသည် သွေးပေါင်ချိန်ကိုပုံမှန်အတိုင်း မထိန်းချုပ်နိုင်ပါက ကိုယ်အလေးအချိန်များခြင်းကြောင့် ရင်ဆိုင်ရသောအထက်ပါ အခက်အခဲများအပြင် သွေးလွှတ်ကြောမှာ ကျုံ့နိုင်ဆန့်နိုင်သည့်အားမရှိသောကြောင့် အရှိန်နှင့် တိုက်စားလာသော သွေးဖိအားဒဏ်ကို မခံနိုင်ပဲသွေးကြောကို လွယ်ကူစွာ ပေါက်ပြဲစေပြီး သွေးယိုစီးစေခြင်း (Haemorrhage)ကိုဖြစ်ပြီး လေဖြတ်စေနိုင်သည်။

 

ဆီးချိုရောဂါရှိသူများသည် သွေးထဲရှိ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် အမြဲတမ်း မထိန်းချုပ်နိုင်ပါက စားသုံးလိုက်သည့် ထမင်းနှင့် တခြားအာဟာရများမှကူးပြောင်းပေးလိုက်သော ဂလူးကို့စ် (သို့) သကြားဓါတ်များကို ဆဲလ်များမှ စုပ်ယူနိုင်ခြင်းမရှိပဲသွေးထဲတွင်သာ လှည့်လည်သွားလာနေသောကြောင့် ၎င်းမှာလည်းကိုလက်စထရောလ်နည်းတူ သွေးကြောနံရံတွင် အနည်ထိုင်စေကာ သွေးကြောကိုမာကျော၊ကျဉ်းမြောင်းစေပြီး အစပဲ့ထွက်လွှင့်မျောကာ ဦးနှောက်သွေးကြောကို သွားပိတ်ဆို့စေခြင်း(Thrombosis) ကိုဖြစ်ပြီး လေဖြတ်စေပါသည်။

 

(၅) အရက် အလွန်အကျွံသောက်ခြင်း
***************************
အရက်အလွန်အကျွံ သောက်ခြင်းသည် ဗဟိုအာရုံကြောအဖွဲ့အစည်း (Central Nervous System (CNS) အား တိုက်ရိုက် ထိခိုက်စေသောကြောင့် အာရုံတုံ့ပြန်မှု (Motor Function) အလုပ်လုပ်နိုင်အားကို ပျက်စီး (သို့) လျှော့နည်းစေသည်။ ထို့အပြင်သွေးကြောအပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံးရှိ ကြွက်သားများကိုလည်းပြေလျှော့စေသောကြောင့် သွေးလွှတ်ကြော၏ အလုပ်လုပ်နိုင်မှု အားကို ဆုတ်ယုတ်စေပြီး အောက်စီဂျင် ဖြန့်ဖြူးမှုကို ထိခိုက်စေပါသည်။ ကြွက်သားပြေလျှော့စေခြင်းနှင့် အာရုံတုံ့ပြန်မှု အားနည်းသောကြောင့် ခန္ဓာကိုယ် အလုပ်လုပ်မှုနှင့် ဦးနှောက်ထိန်းချုပ်မှုကိုလျှော့စေသော်လည်း အရက်သောက်ခြင်းသည် စိတ်ကို တက်ကြွစေပြီးအာရုံခံစားမှု Sensory)ကိုမူ လွန်ကဲစေပါသည်။ ထိုတက်ကြွလွန်ကဲသော အာရုံကြောင့် မရှိကို အရှိအဖြစ် ထင်မှတ်ယူဆခြင်း (delusion)၊ အာရုံတွင် တကယ်မဟုတ်သည့် အကြား၊ အမြင်နှင့် ခံစားမှုများထင်ဟပ်ဖြစ်ပေါ်နေခြင်း (Auditory, visual and tatile hallusination) တို့အား ဖြစ်ပေါ်စေပါသည်။

 

လေဖြတ်ခြင်းနှင့် အရက်မူးခြင်းနှစ်ခုစလုံးသည် ဦးေနှောက်ကို ထိခိုက်စေခြင်းဟူသည့် အကြောင်းရင်းတူသောကြောင့်လေဖြတ်သောသူတယေက်တွင် တွေ့နိုင်သည့်လက္ခာတစ်ချို့ကို အရက်မူးနေသူတွင်လည်းတွေ့နိုင်ပါသည်။ ၎င်းတို့မှာအသိ၊ မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားနည်းသွားခြင်း၊ စကားပြောလျင် ဗလုံးဗထွေးဖြစ်နေခြင်း၊ လမ်းကို ဒယိမ်းဒယိုင်လျှောက်ခြင်း၊ မျက်လုံးကို ကောင်းကောင်းမဖွင့်နိုင်ခြင်း၊ အစာကောင်းကောင်း မမျိုနိုင်ခြင်း စသည်တို့သည် ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်ပေါ်သောလဏ္ခာများ ဖြစ်သည်။

 

လက္ခဏာများ
************
ထိခိုက်သည့် သွေးကြောအလိုက် ဦးနှောက်တစ်ရှူး ပျက်စီးသည့် အစိတ်အပိုင်း ကွဲပြားသောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း (သို့) အလုပ်လုပ်မှုစနစ် ချွတ်ယွင်းသွားသည့်နေရာနှင့် လက္ခဏာများမှာလည်း ကွဲပြားသည်။ ထိခိုက်သွားသော ဦးနှောက်၏ဧရိယာအပေါ်မူတည်၍ လှုပ်ရှားရာ၌ ဟန်ချက်မထိန်းနိုင်ဖြစ်ခြင်း၊ ကိုယ်တစ်ခြမ်း (သို့) တစ်ပိုင်းသေသွားနိုင်ခြင်း၊ မှတ်ဉာဏ် ဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသွားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း (သို့) မပီတော့ခြင်း၊ တက်ခြင်း၊ နားထဲမှာ ပုံမှန်မဟုတ်ပဲအမြဲဆူညံနေသလို ခံစားရခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။

 

စမ်းသပ်တွေ့ရှိပုံ
************
လေဖြတ်ခြင်းကို X-ray, CT (Computer Tomography) scan, Magnetic Resonance Imaging (MRI), သွေးစစ်ခြင်း၊ ဦးနှောက်အတွင်း အရည်စစ်ဆေးခြင်း၊ ဦးနှောက်လျှပ်စစ်လှိုင်းကို (EEG) စစ်ဆေးခြင်းတို့ဖြင့် စမ်းသပ်တွေ့ရှိနိုင်သည်။

 

ကုသမှု
******
လေဖြတ်သည်ဟုသိသည်နှင့် (သို့) သင်္ကာမကင်း ဖြစ်သည်နှင့် ချက်ချင်းအရေးပေါ်ဆေးရုံတင်ရမည်။ သွေးကြောပိတ်ဆို့မှု (သို့) သွေးယိုစီးမှုအတွက် ဦးနှောက်ကိုခွဲစိတ်ကုသရမည်။ ခွဲစိတ်ပြီးနောက် နောက်ထပ်တစ်ကြိမ် သွေးကြောပိတ်ဆို့ပြီးလေဖြတ်ခြင်းကို ထပ်မဖြစ်စေရန် ကာကွယ်နိုင်ရန် ဆရာဝန်မှ Aspirin, Warfarin စသည့် လူနာနှင့် သင့်တော်သည့် သွေးကိုကျဲစေသည့် ဆေးတစ်ခုခုပေးနိုင်သည်။ ထိခိုက်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းအား အကောင်းဆုံး ပြန်လည် အလုပ်လုပ်နိုင်စေရန်အတွက် ထိခိုက်ပျက်စီးသွားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ထိခိုက်သည့် အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များ၏ အကူအညီဖြင့်ပြန်လည်ပြုစုပျိုးထောင်လေ့ကျင့်ခြင်း (Rehabilitation) ဖြင့် အချိန်ယူ၍ ကုသရပါသည်။

 

ဦးနှောက်တစ်ရှူး ပျက်စီးဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်းမှ လုံးဝပြန်လည် သက်သာပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်သွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းမှာလည်းကွဲပြားသည့်အတွက် တွေ့ရမည့်ကျန်းမာရေး ပညာရှင်များလည်း ကွဲပြားပါတယ်။ ဥပမာ- စကားပြောမရ၊ အစာမျိုမရ၊ (သို့မဟုတ်) စကားပြောမပီ၊ အစာမျိုရခက် ဖြစ်သွားပါကလေ့ကျင့်ခန်းအတွက် Speech Pathologists နှင့် Dieticians ကိုတွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန်စွမ်း ဖြစ်သွားပါက Physiotherapists နဲ့ Occupational therapistsတို့အား တွေ့ရမယ်။

 

သြစကြေးလျားတွင် လေဖြတ်သည့် အမျိုးအစားအပေါ် မူတည်၍ သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များနဲ့ တွေ့ပြီးပါက အိမ်မှာမိမိဖါသာ ဆက်လက် ဆောင်ရွက်ရန်နေ့စဉ်လှုပ်ရှား ဆောင်ရွက်သည့် တစ်ကိုယ်ရေ တကာယ ကိစ္စများ ဆောင်ရွက်ရန်နှင့်လေ့ကျင့်ခန်း လုပ်နိုင်ရန်အတွက် အသေးစိတ်ကို သင်ပြပေးပြီး ဆက်လက်ဆောင်ရွက်ရမည့် အစီစဉ်တွေ (Follow Man up programmes)တွေကို ပေးပြီးမှ ဆေးရုံက
ပေးဆင်းပါသည်။ မြန်မာပြည်မှာ လေဖြတ်သူအတွက်ပြန်လည်လေ့ကျင့် ပျိုးထောင်ပေးသည့် ဝန်ဆောင်မှု (Rehabilitation Services) ရှိမရှိ မသေချာသည့်အတွက် အကောင်းဆုံးက အိမ်ရောက်ပြီးနှင့် နောက်ပိုင်းဆက်လုပ်ရမည့် အချက်များကိုဆေးရုံမဆင်းမီ ဆေးရုံမှာ မိမိအားအဓိက တာဝန်ယူကုသပေးသည့် ဆရာဝန်(Treating Doctor) နှင့် အသေအချာ တိုင်ပင်မေးမြန်းခြင်းသည် အကောင်းဆုံးဖြစ်နိုင်ပါသည်။

 

ကာကွယ်ခြင်း
**********
ဆေးလိပ်မသောက်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ထိန်းခြင်း (BMI 18.5-25)၊အဆီများသည့် အစားအစာများနှင့် အသားကိုလိုသည်ထက် ပိုမစားခြင်း၊သွေးတိုးရှိသူများသည် သွေးပေါင်းချိန်ကို အမြဲတမ်း ပုံမှန်ဖြစ်နေအောင် ထိန်းချုပ်ရန် ဆရာဝန်၏ ညွန်ကြားချက်အတိုင်း မပျက်မကွက် လိုက်နာခြင်း၊ ဆီးချိုရှိသူများသည်လည်းသွေးထဲသကြားဓာတ်ကို မမြဲတမ်းပုံမှန် ဖြစ်နေအောင် ထိန်းချူပ်နိုင်ဖို့အတွက် ဆရာဝန် ညွန်ကြားသည့်အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ခြင်း၊ အရက်ကိုသောက်သင့်သည်ဟု သတ်မှတ်ထားသည်ထက် ပိုမသောက်ခြင်း (လုံးဝမသောက်ကပိုကောင်းပါသည်)၊

 

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း စသည်တို့ဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထိုသို့ မကာကွယ်နိုင်ပါက ဆေးလိပ်သောက်သူ၊ အဝလွန်သူ၊ သွေးတိုး၊ဆီးချို ရှိသူ၊ အရက်အလွန်အမင်းသောက်သူများသည် တစ်နေ့လေဖြတ်ပြီး မသန်စွမ်းဘဝရောက်မည့် ရာခိုင်နှုန်းအတော်များပါသည်။ လေဖြတ်ခြင်းကို ဖြစ်ပြီးသူများ ပိုမဆိုးအောင် ကာကွယ်နိုင်ပြီး မဖြစ်သေးသူများ ကောင်းစွာ ကာကွယ်နိုင်ကြပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
Public health in myanmar
Friday, May 8, 2009



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18