Print

အဆုတ်ထဲ လေဝင်ခြင်း

  04-Nov-2019
Preview Image

အဆုတ်အပြင်ဘက် အမှေှးနှစ်လွှာကြားထဲမှာ အရည်ထွက်ရင် Pleural Effusion၊ လေဝင်ရင် Pneumothorax လို့ခေါ်ပါတယ်။ လတ်တလော ဝင်တယ်ပဲ သုံးရတယ်။ ထွက်တာမဟုတ်ဘူး။ လေမရှိရမယ့် အဲဒီနေရာမှာ လေတွေဝင်လာတယ်။ လေတွေဝင်တယ်ဆိုကတည်းက သေချာသွားပြီ။ အဆုတ်တွေရောင်နေရာကနေ ပေါက်ပြီးလေတွေဝင်လာတယ်။ အဲဒီတော့ ပထမဆုံး ဘယ်နေရာပေါက်လဲ စဉ်းစားကြည့်ရအောင်။ အဆုတ်အပြင်ဘက် တစ်နည်းပြောရရင် ခန္ဓာကိုယ်အပြင်ဘက်ကနေ အဆုတ်ထဲကို ဖောက်ဝင်လာတာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ အသိသာကြီးဗျာ။ သူ့အများက ဓားနဲ့ထိုးမယ်။ ကားတိုက်လို့၊ အမြင့်ကလိမ့်ကျလို့။ တစ်ခုခုနဲ့ အရှိန်ပြင်းပြင်းဆောင့်မိလို့ နံရိုးကျိုးပြီး ကျိုးတဲ့နံရိုးက အဆုတ်ထဲကို ဖောက်ဝင်မယ်ဆိုရင် လေက အလိုလိုဝင်ပြီးသားပဲ။ တစ်ခါတစ်လေ ဒဏ်ရာပြင်းရင် နံရိုးသုံးလေးချောင်းကျိုးပြီး အဆုပ်ကိုဖောက်ဝင်ရင် လုပ်ရတာ၊ ကုရတာတော့ အတော်ခက်သဗျို့။ အဲဒီလိုမျိုး Accident ကတော့ မိတ်ဆွေတို့ သာမန်ပဲ စဉ်းစားကြည့်လေ။ လေတင်ဘယ်ကမလဲ၊ သွေးလဲအဆုတ်ထဲထွက်မှာပဲ။ လေရော၊ သွေးရော အပူးလိုက် အဲဒီ Plerual Space ထဲ ဝင်တာပေါ့။ သွေးဝင်တာကို Haemothorax နဲ့ လေဝင်တာကို Pneumothorax ဆိုတော့ သွေးနဲ့လေပြိုင်တူဝင်တဲ့ ထိခိုက်ဒဏ်ရာရရင် Haemopneumothorax လို့ ပေါင်းပြီးခေါ်ပါသဗျ။ ခင်ဗျား ဘယ့်နယ့် ဆေးကျောင်းသား စာသင်တာတွေ လာသင်နေရလဲဆိုရင်လည်း ဆောရီးကိုကိုပါပဲခင်ဗျာ။ ဟုတ်ပါတယ်။ ပျင်းစရာကြီးပါ။ တချို့လူတွေကြားထဲ နည်းနည်းတတ်ယောင်ကား ပြောချင်သူတွေ လိုလိုမယ်မယ် မှတ်နိုင်အောင်လို့ပါ။ အဆုတ်အပြင်က လေဝင်တဲ့အကြောင်း ပြောပြီတဲ့နောက် အဆုတ်အတွင်းဘက်က ပေါက်လို့ လေဝင်တဲ့အကြောင်း ပြောရဦးမယ်။ အဆုတ်ဆိုတာ သေချာကြည့်ရင် ပျားအုံလို လေအိတ်သေးသေးလေး။ အဆုတ်တစ်ဘက်ကို ပျှမ်းမျှ သန်း၁၅၀လောက်ဖွဲ့စည်းထားတာကိုခင်ဗျ။ (Alveoli) လေး တစ်ခုဟာ သန်းဥရဲ့ ၅ ပုံ ၁ ပုံလောက်တော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီ လေအိတ်လေးပေါက်ထွက်သွားရင် အဆုတ်အမှေးပါးထဲ လေဝင်တော့တာပဲ။ အထူးသဖြင့် အဆုတ်သားအပေါ်ယံလေအိတ်နဲ့ ကပ်နေတဲ့နေရာက ပေါက်ရင် Space နဲ့ နီးတော့ ဝင်တာများတယ်။ ပထမတစ်မျိုးက ဘာအဆုတ်ရောဂါမှ မရှိတဲ့ လူကောင်းတွေမှာ ရုတ်တရက် အဆုတ်လေအိတ် Pleural Bleb လေးတွေပေါက်ပြီး Space ထဲကို လေဝင်သွားတတ်တာမျိုး ခဏခဏ တွေ့ရတယ်ခင်ဗျ။ လူကောင်း လူကျန်းမာတွေရဲ့အဆုတ်မှာ ကျွန်တော်တို့ မမြင်နိုင်၊ မသိနိုင်တဲ့ လေအိတ်လေးတွေ ရှိနေတတ်တယ်။ တစ်သက်လုံးပဲ အဲ့ဒီလေအိတ်လေးတွေ ဘာမှ ဒုက္ခမပေးတဲ့လူလည်း ရှိတာပေါ့။ ဒုက္ခပေးချင်တဲ့လူမှာကျတော့ အမှတ်မထင် အဲ့ဒီလေအိတ်လေးတွေပေါက်သွားရင် အဆုတ်အမှေးကြားထဲ လေဝင်တော့တာပါပဲ။ တချို့က သက်သက်သာသာ လေဝင်တယ်။ တချို့မှာတော့ ပွဲချင်းပြီးပဲ။ ချက်ချင်းပြာနှမ်းလာပြီး သွေးပေါင်ချိန်ကျ အသက်ရှူအရမ်းကျပ်လာပြီး အသက် ဆုံးရှုံးရတတ်ပါတယ်။ အဲဒီတော့ အဆုတ်လေအိတ်လေးတွေ ပေါက်ပြီး Pneumothorax အဆုတ်အမှေးတွင်းလေဝင်တာကိုတော့ ဘာမှစိတ်မပူပါနဲ့ခင်ဗျာ။ ဖြစ်ခဲပါတယ်။ ကိုယ့်ကျမှ လာဖြစ်တော့လဲ ကံတရားပေါ့။ ဘယ်တတ်နိုင်မှာလဲ။ ဒီလေအိတ်လေးတွေဟာ တကယ်လို့ ကိုယ့်မှာပါနေခဲ့ရင်တောင် လွယ်လွယ်နဲ့ မပေါက်တတ်ပါဘူး။ မပေါက်အောင်လဲ သတိထားနေလို့ရပါတယ်။ ဒီလေအိတ်လေးတွေက ဘယ်အချိန်မှာ ပေါက်သွားတတ်သလဲဆိုတော့ အဆုတ်တွင်ဖိအား ရုတ်တရက် ထိုးတက်သွားရင် ပေါက်ထွက်တတ်တယ်။ အဆုတ်တွင် Pressure ဘယ်အချိန်တက်သွားတတ်သလဲဆိုတော့ အဆုတ်ကို ရုတ်တရက် ညှစ်သလိုဖြစ်သွားရင် တက်တတ်ပါတယ်။ အဆုတ်ကိုဘယ်အချိန် ညှစ်သလိုဖြစ်သွားသလဲဆိုရင် အလေးအပင်တွေကို ရုတ်တရက်အားစိုက်ပြီး မလိုက်တဲ့အခါမျိုး၊ ဒါ ဥပမာလေးတစ်ခုနှစ်ခုပေါ့။ အဲဒီအချိန်မျိုးမှာ ဖျက်ခနဲ လေအိတ်လေးတွေ ပေါက်သွားတတ်ပါတယ်။ အခုကျွန်တော် တင်ပြနေတဲ့ Pneumothorax ဖြစ်စေတဲ့ အဓိကအကြောင်းရင်း နှစ်ခုအနက် တစ်ခုက လူကောင်းမှာ ရုတ်တရက်ဖြစ်တတ်သော Spontaneous pneumothorax အလိုအလျှောက် အဆုတ်အမှေးပါးအတွင်း လေဝင်ခြင်းကိစ္စကို တင်ပြနေတာပါ။ ဒုတိယအကြောင်းရင်းတစ်ခုဖြစ်တဲ့ Secondary Pneumothorax ကတော့ ကြားကြားသမျှ မြင်မြင်သမျှ အဆုတ်ရောဂါအခံမှန်သမျှ အဆုတ်ပေါက်ပြီး လေတွေဝင်တတ်ပါတယ်။ ကြိုက်တဲ့အဆုတ်သာပြောဗျာ။ အဆုတ်တီဘီ၊ အဆုတ်ကင်ဆာ၊ အဆုတ်ပြည်တည်နာ၊ အဆုတ်ပွ၊ အဆုတ်ရောင်၊ ပန်းနာရင်ကျပ် အစုံပါပဲ။ အဆုတ်ပြွန်မှာဖြစ်တတ်တဲ့ ရောဂါတွေကတော့ လုံးဝစာရင်းထဲမထည့်ပါနဲ့။ ပြွန်မှာဖြစ်တော့ ပြွန်ဆိုတာ အဆုတ်အမှေးပါးနဲ့ အဝေးကြီးဗျာ။ အဆုတ်အသားမှာ ဖြစ်တတ်တဲ့ ရောဂါတွေမှာပဲ ရတတ်ပါတယ်။ လာပြီဗျာ. . . ရောဂါလက္ခဏာ။ Spontaneous Pneumothorax မှာတော့ ရုတ်တရက် မောလာမယ်။ ကြပ်လာမယ်၊ ပြာလာမယ်ပေါ့ဗျာ။ Secondary Pneumothorax မှာလညွး အတူတူပါပဲဗျာ။ ချောင်းဆိုး၊ မောကြပ်၊ ပြာနှမ်းပေါ့ဗျာ။ Pneumothorax ကို သုံးမျိုးခွဲထားပါတယ် - (၁)။ Closed Type - ပေါက်တော့ ပေါက်သွားတယ်။ နို့ပေမယ့် သူ့ဘာသာသူ ပြန်ပိတ်သွားတော့ လေထပ်မဝင်တော့ဘူး။ ဝင်ပြီးသားလေကလည်း သိပ်မများရင် သူ့ဘာသာသူ ပြန်စုပ်ပြီး ဘာမှလုပ်စရာမလို။ ရောဂါလက္ခဏာကလည်း ခပ်ပျော့ပျော့ပဲ။ (၂) Open Type - အပေါက်က ပွင့်မြဲပွင့်လျက်။ အသက်ရှူသွင်းတိုင်း အဲဒီ Pleural Space ကို လေဝင်သွားပေမယ့် အသက်ရှူထုတ်လိုက်တိုင်း လေက ပြန်ထွက်သွားတော့ ဝင်လိုက်ထွက်လိုက်၊ အဝင်အထွက် ညီမှန်တော့ သူကလည်း သိပ်မဆိုးလှဘူး။ ရောဂါလက္ခဏာကလည်း ခပ်ပျော့ပျော့ပဲ။ (၃) Tension Pneumothorax - သေဖို့သာပြင်တော့။ သူကတော့ အပေါက်ကတစ်လမ်းမောင်းဖြစ်နေတယ်။ အပေါက်က လေအဝင်ပဲရှိပြီး ပြန်မထွက်ဘူး။ မိနစ်ပိုင်း နာရီပိုင်းအတွင်းမှာ လေတွေများသထက် များလာပြီး အဆုတ်ကို ဖိသထက် ဖိလာတော့ တစ်ခါတစ်လေ အဆုတ်တစ်ခုလုံးဟာ ဂေါက်သီးလုံးလောက်ပဲ ဓာတ်မှန်မှာ ရှိတော့တယ်။ အဲဒါမျိုးကတော့ Medical Emergency အရေးပေါ်အခြေအနေ ခေါ်ပါတယ်။ တစ်ခါတစ်လေ ဓာတ်မှန်တောင် ရိုက်ချိန်မရလောက်အောင် အရမ်းရောဂါပြင်းထန်ပါတယ်။ စာဖတ်ပရိတ်သတ်ကတော့ ဆရာဝန်မဟုတ်ဘဲ ပြည်သူလူထုဆိုတော့ ကုသတဲ့အပိုင်းတော့ မပြောတော့ပါဘူး။ သာမန်ကုသမှုအပိုင်းကို အကြမ်းဖျင်းပြောရရင်တော့ - ၁။ လေနည်းနည်းပဲဝင်မယ်၊ လူနာလည်း သိပ်မမောဘူးဆိုရင်တော့ ဘာမှမလုပ်ဘဲ အောက်ဆီဂျင်လောက်ပဲ ပေးပြီး စောင့်ကြည့်လို့ရပါတယ်။ လက်ယားပြီး လေတွေဝင်တိုင်း ပိုက်ထည့်ဖို့မလိုပါဘူး။ ၂။ လူနာမောတယ်၊ ဝင်တဲ့လေလည်း ဓာတ်မှန်မှာ ကြည့်လိုက်လို့များရင်တော့ Intercostal Chest Tube Drainage ဆိုတဲ့ ပိုက်ထည့်ရပါလိမ့်မယ်။ ၃။ တချို့လူနာတွေ ပိုက်ထည့်ရင် ကောင်းသွားပေမယ့် တချို့လည်း မကောင်းပါဘူး။ တချို့လည်း ကောင်းသွားပြီးမှ နောက်တစ်ချိန်မှ ထပ်ပေါက်ပြီးလေဝင်တာမျိုးလည်း ရှိတတ်ပါတယ်။ ၄။ ပိုက်ထည့်လို့မှ လေမကုန်ရင်၊ ခဏခဏ ပြန်ဖြစ်ရင်တော့ အထူးကုဆရာဝန်ကြီးတွေဆီ သွားပြရမှာပါ။ Credit: ပါမောက္ခ ဦးဇေစိုး အဆုတ်နှင့်ရင်ခေါင်း အထူးကုသမားတော်ကြီး


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18