Print

အေးလွန်းသည့် အချိန်နှင့် မမျှော်လင့်သောရောဂါများ

  30-Oct-2016
Preview Image

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရာသီဥတု အပြောင်းအလဲ များကြောင့် လူတော်တော် များများမှာ ဖျားနာခြင်း ဝေဒနာများကို ခံစားခဲ့ကြရသည်။ ဆောင်းရာသီသို့ဝင်ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံ အနှံ့တွင် ညအပူချိန်များ ကျဆင်းလာသည့် အတွက် ညပိုင်းနှင့် မနက်အစောပိုင်း အချိန်များတွင် အေးလာပြီး အချို့သူများ၌ အေးမြသည့် ရာသီဥတုတွင် ဖြစ်ပေါ်လေ့ရှိသည့်ရောဂါများကိုလည်း ခံစားလာရသည်။ ထိုကဲ့သို့ အအေးလွန်နေသည့် အချိန်များတွင် ဂရုမမူမိသည့် အပြုအမူ အချို့ကြောင့်လည်း မမျှော်လင့်သော ရောဂါဝေဒနာများ ခံစားရနိုင်သည်။ယခုကဲ့သို့ ရာသီဥတုဒဏ်ကို ရင်ကျပ်ရောဂါ ဝေဒနာ ခံစားနေရသူများနှင့် အဆစ်အမြစ် နာကျင် ကိုက်ခဲလေ့ ရှိသူများကြာက်ကြပြီး လေဖြတ်နိုင်သည့် အခွင့်အလမ်းများသည့် သူများသည်လည်း ဂရုပြုရမည့် အချိန်ဖြစ်သည်။ရင်ကျပ်ရောဂါ ဝေဒနာခံစား နေရသူများသည်အေးသည့် အချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ ကျုံ့သွားသည့်အတွက် အသက်ရှူရခက်ခဲလာပြီး အသက်ရှူကျပ်သည့် ဝေဒနာအားပြင်းထန်စွာ ခံစားကြရခြင်းဖြစ်ရာ ထိုအချိန်တွင် လိုအပ်သည့် ဆေးဝါးများ ကုသခြင်းအပြင် နွေးထွေးအောင် နေထိုင်ခြင်းသည်လည်း သက်သာစေနိုင်သည့် နည်းလမ်းဖြစ်ကြောင်း ဒေါက်တာထွန်းသိန်းက ပြောကြားသည်။အေးသည့် အချိန်များတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် နောက်ရောဂါ တစ်ခုမှာ လေဖြတ်ခြင်းဖြစ်သည်။လေဖြတ်ခြင်းသည် ရာသီဥတုပူသည့် အချိန်တွင် သွေးကြော များပေါက်ထွက်ခြင်းကြောင့် ဖြစ်ပွားနိုင်သကဲ့သို့ အေးသည့် အချိန်တွင်လည်း သွေးကြောများ ကျုံ့သွားရာမှ ဦးနှောက်အတွင်း သွေးကြောများ ပေါက်ထွက်ခြင်း၊ သွေးများခဲပြီး ပိတ်သွားခြင်းတို့ကြောင့် လေဖြတ်ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းသိန်းက ပြောသည်။အအေးလွန်တဲ့အခါ ပါးတစ်ခြမ်းရွှဲ့ သွားတာတွေ လည်းရှိတယ်။ အဲဒါကျတော့ လေဖြတ်တာတော့ မဟုတ်ဘူး။ ပါးမှာရှိတဲ့ အာရုံကြောတွေ ထုံသွား တဲ့အတွက် ပါးတစ်ခြမ်းရွဲ့ သွားတာ”ဟု ဒေါက်တာထွန်းသိန်းက ပြောသည်။အအေးလွန်သည့်အခါတွင် သွေးကြောများ ထုံသွားသည့်အတွက် ထိုသို့ဖြစ်ရခြင်း ဖြစ်ပြီး ခရီးသွားသည့်အခါ ပြတင်းပေါက်များ ဖွင့်ပြီးအိပ်မိသည့် အခါမျိုး၊ ရေချိုး၊ ခေါင်းလျှော်နေရင်းနှင့် အအေးလွန်သည့် အခါမျိုးများတွင် ပါးတစ်ခြမ်းရွှဲ့ သွားလေ့ရှိကြသည်။အချို့တွင် အေးသည့် အချိန်တွင် အလွန်အမင်းရယ်မောခြင်းကြောင့်လည်း ပါးတစ်ခြမ်းရွဲ့ သွားသည့် လူများလည်း ရှိကြောင်း အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။ထိုသို့ဖြစ်လာလျှင် အာရုံကြော ပြန်အားကောင်းစေသည့် ဆေးဝါး ကုသမှုများ၊ လေ့ကျင့်ခန်းများဖြင့် ပြန်လည်ကုသနိုင်ပြီး တစ်ပတ်မှ တစ်လခန့်အထိ ကုသချိန် ကြာမြင့်နိုင်ကြောင်း သိရသည်။ဆောင်းရာသီတွင် အဖြစ်များသည့် နောက်တစ်မျိုးမှာ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်း ရောဂါဖြစ်သည်။ အဆုတ်ရောင်ခြင်းသည် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စသည့်လက္ခဏာများ ပြသပြီး အချိန်ကြာပြီး ဆေးဝါးကုသမှု မရှိခြင်းများ မှတစ်ဆင့် အချို့တွင် နမိုးရီးယားအထိ ဖြစ်ပွားတတ်ပြီး ပြင်းထန်ပါက အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ “ဒီအချိန်မှာ အဆုတ်ရောဂါတွေက ဖြစ်တာများတယ်။ များသောအားဖြင့် နယ်တွေမှာဆိုရင်ဆိုင်ကယ် စီးတဲ့အခါ နွေးနွေးထွေးထွေး မဝတ်တဲ့အခါ ရင်ဘတ်ပွင့်နေတဲ့ အတွက် အပြင်က လေအေးတွေ အဆုတ်ကို လာရိုက်ပြီး အဆုတ် အအေးမိတာမျိုးတွေ ဖြစ်ကြတယ်”ဟု ဒေါက်တာထွန်းသိန်းကပြောသည်။ယခုရာသီတွင် ကျန်းမာရေးလိုက်စားမှုအနေဖြင့် နံနက်ပိုင်း လမ်းလျှောက်သည့် သူများလည်းများပြားပြီး နံနက်ပိုင်း လမ်းလျှောက်သည့်အခါ နွေးထွေးစွာ ဝတ်ဆင်ရန်လည်းလိုအပ်သည်။ နံနက်ပိုင်းတွင် နှင်းငွေ့များကြောင့်အပြင်၌ လှုပ်ရှားနေသူများသည် နှာစေးခြင်းများလည်း ဖြစ်ပွားနိုင်ပြီး နှာစေးခြင်း ကြာမြင့်ပါက ထိပ်ကပ်နာ ရောဂါများစသည့် နှာခေါင်းဆိုင်ရာ ရောဂါများလည်း ဖြစ်ပွားလာနိုင်သည်ကို သတိပြုသင့်ပြီး ဆောင်းရာသီတွင် မလိုအပ်ဘဲ ရောဂါများ မဖြစ်ပွားစေရန် ဂရုပြုနေထိုင် သင့်ကြောင်း ဒေါက်တာထွန်းသိန်းက အကြံပေးပြောကြားထားသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18