Print

ဝက်ရူးပြန်-အတက်ရောဂါ (Epilepsy)

  30-Oct-2016
Preview Image

ဝက်ရူးပြန်-အတက်ရောဂါဟာ ဦးနှောက်ရောဂါတခု ဖြစ်တယ်။ စိတ်ရောဂါ မဟုတ်ပါ။ Neurons ဆိုတဲ့ အာရုံကြောအစုကနေ မှားတဲ့သတင်းအချက်အလက်တွေပို့လွှတ်လိုက်လို့မတော်တဲ့ အာရုံခံမှု၊ စိတ်ထဲဖြစ် ပေါ်မှုနဲ့ ကြွက်သားတွေ ပြင်းပြင်းထံထံ ကွေး-ဆန့်စေပြီး၊ သိတိလက်လွတ် ဖြစ်စေတယ်။ ဖြစ်စေတဲ့အ ကြောင်းခံတွေ များတယ်။

- ဖျားနာတာ၊

- ဦးနှောက် ထိခိုက်မိတာ။

- ဦးနှောက် ဖွံ့ဖြိုးမှု မမှန်တာ၊

- ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါဖြစ်တောထဲမှာ ဒီရောဂါလဲပါနေတယ်။

- တခြားဟာတွေပါ ရှိနိုင်တယ်။

ကုသတာ ချက်ချင်းလုပ်ရတယ်။ တခါလောက် တက်တာနဲ့တော့ ဒီရောဂါလို့ပြောမရသေးဘူး။ မကူးစက် ပါ။ ဖျားလို့တက်တာလို တခါတက်တခါ ဦးနှောက်ကို ထိခိုက်မှာမဟုတ်ပါ။ မတက်သ၍ လုံးဝလူကောင်းပါ ဘဲ။ တယောက်မှာ ဒီရောဂါရှိနေရင် အတူနေ၊ အတူသွား၊ အတူကစား၊ အတူစာသင်ကြားသူများ သိထားရ မယ်။

- တက်တယ်ဆိုရင် ဘေးကလူတွေ ပြာပြာသလဲ မဖြစ်ပါနဲ့။

- ဖြစ်နေတဲ့လူကို နေရာမရွေ့ပါနဲ့။

- သူလှုတ်ရှားနေသမျှ ရပ်တန့်အောင် လုပ်ဘို့ မကြိုးစားပါနဲ့။

- သူပြန်သတိရလာအောင်ဆိုပြီး အော်ပြီး ခေါ်မနေနဲ့။

- အတင်းနှိပ်-ချိုးတာ မလုပ်ပါနဲ့။

- သူ လိမ့်ကျမှာ ထိခိုက်မှာ စတာတွေသာ ဖယ်ရှာပေးပါ။

- သူ့ကို ဘေးတဖက်လှည့်ပေးပါ။ ပါးစပ်ထဲက ထွက်တာ၊ အန်တာတွေ သူ့လေလမ်းထဲ ဝင်မသွားအောင် ဖြစ်ပါတယ်။

- ခေါင်းအုံးစရာတခုခု လုပ်ပေးပါ။

- သူ့ပါးစပ်ကို အတင်းဟဘို့ မကြိုးစားပါနဲ့။ ပါးစပ်ထဲ တခုခုထည့်ဘို့ မလုပ်ပါနဲ့။ ဒါက နောက်ဆုံး လက်ခံတဲ့ နည်း ဖြစ်တယ်။ အရင်က လျှာမကိုက်မိအောင် ပါးစပ်ထဲကို တခုခု ထည့်ပေးတယ်။ (ဂျူလီယက်ဆီဇာ) မှာ ဒီရောဂါရှိလို့ အဲလိုလုပ်တာကို (ကလီယိုပက်ထရာ) ဇာတ်ကားထဲမှာ ပြတယ်။

 

  • အတက်မှန်သမျှ အများစုဟာ မသေစေပါ။ ဆရာဝန် ပြေးခေါ်စရာတောင် မလိုတတ်ပါ။
  • ၅ မိနစ်နေလို့မှ သတိမရ-အတက်မရပ်ရင် ခေါ်ပါ။
  • သူအတက်ရပ်ရင် စိတ်တွေ ရှုတ်ထွေး၊ မကြည်မလင် ဖြစ်နေလိမ့်မယ်။ အသာ အိပ်ပါ နားပါစေ။
  • ဆေးဆောင်ထားပါ။ နေ့တိုင်း သောက်သင့်တယ်။ နေ့တိုင်း သောက်ရမဲ့ ဆေးကို မေ့သွားရင် သတိရချိန်မှာသောက်ပါ။ ဒီနေ့တက်လို့ ပိုသောက် စရာမလိုပါ။ ဆရာဝန်ကလိုမှ တိုးပေးပါလိမ့်မယ်။
  • ဆရာဝန်တွေကနေ EEGs and brain scans လုပ်ပြီး စစ်ကြည့်တယ်။
  • ပျောက်အောင်တော့ မလုပ်နိုင်ပါ။
  • ထိန်းလို့ရပါတယ်။
  • ဆေးတွေနဲ့မရရင် ခွဲစိတ်တာလဲ လုပ်ပါသေးတယ်။
  • Vagus nerve stimulation နည်းက ရင်ပတ်မှာ တပ်ပေးမဲ့ ကရိယာလေးကနေ လျှပ်စစ်ပို့ပေးနေမယ်။
  • ကိုယ်ဝန်ဆောင်ချိန် အတက်ကြမ်းရင် အထဲကကလေး ထိခိုက်နိုင်တယ်။
  • အတက်ဆေးတွေကလဲ ကလေးဆီ ရောက်လို့ ဆရာဝန်နဲ့ ညှိရမယ်။
  • အတက်ရပ်ဆေးတချို့နဲ့ ကိုယ်ဝန်တားဆေး တွဲမရေးရတာရှိတယ်။
  • တချို့နိုင်ငံတွေမှာ ဒီရောဂါရှိရင် ကားမောင်းခွင့် မပေးဘူး။
  • အင်းယားကန်မှာ ရေကူးတယ်လို့ သတင်းထွက်ခဲ့တဲ့ ဂျွန်ဝီလျှံယက်တော ဝက်ရူးပြန် ရောဂါကြောင့် အင်းစိန်ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနကို ဆေးလာကုသေးသတဲ့။
  • မြန်မာတိုင်းရင်းဆေးနည်းတွေမှာ မြင်းခွာရွက်၊ သနပ်ခါးအရွက်၊ ငှက်ပျောသီးတွေသုံးတာ ဖတ်ရတယ်။
  • အစားအစာ အရေးပါတယ်။ Ketogenic diet ခေါ်တယ်။ အဆီများပြီး၊ ကယ်လိုရီနဲတာ စားရတယ်။

 

ကမ္ဘာမှာ ဒီရောဂါသည်ပေါင်း သန်း ၅ဝ ရှိတယ်။ ၉ဝ% က ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာနေကြတယ်။ ရောဂါခွဲ အမျိုးအစားပေါင်း ၄ဝ ရှိတယ်။ အရင်တုံးက ကျိန်စာသင့်ခံရသူလို့ ယူဆခံခဲ့ကြရတယ်။ ဆိုးဝါးလွန်းတဲ့ စိတ်ဝေဒနာသည်တွေ၊ကုမရတဲ့ဆစ်ဖလစ် ရောဂါသည်တွေနဲ့အတူ သူတို့ကို ချုပ်နှောင်ထားခဲ့ဘူးတယ်။ အခုထိလဲ (တန်ဇန်နီးယား) နဲ့ တခြား အာဖရိကားနိုင်ငံတွေမှာ မကောင်းဆိုးဝါး ပြုစားခံရသူတွေလို့ မှတ် ယူကြတုံးဘဲ။ ဝက်ရူးပြန်ဆိုတဲ့ မြန်မာလိုအခေါ်ကိုလဲ အတက်ရောဂါလို့ ပြောင်းသင့်တယ်။

 

Dr. တင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18