Print

မျက်ခမ်းစပ်ရောဂါအကြောင်း တစေ့တစောင်း

  08-Feb-2020
Preview Image


          ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကမ္ဘာ့ကျန်းမာရေးဌာနချုပ်တွင် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်မှ မျက်ခမ်းစပ်ရောဂါပပျောက်ရေး အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာမှ ဖိတ်ကြားထားသော အချိန်တို အကြံပေးပုဂ္ဂိုလ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆက်သွယ်နေသော ဌာနများမှ ပုဂ္ဂိုလ်စုစုပေါင်း ၆၉ ဦး တက်ရောက်ခဲ့ပါသည်။

          ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ခေတ္တအကြံပေးအဖြစ် ဖိတ်ကြား၍ တက်ရောက်သူကို ဒုတိယသဘာပတိအဖြစ် ရွေးချယ်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်က ဒုတိယနေ့ အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင်

          “ မျက်ခမ်းစပ်ရောဂါသည် လူ့သမိုင်းစတင်သည့်အချိန်မှ စခဲ့သည်။ ထိုအကြောင်းကို ဆေးပညာသမိုင်း မှတ်တမ်းများတွင် ရေးသားဖော်ပြခဲ့ပါသည်။ ထိုရောဂါဆိုးသည် နှစ်ပေါင်းထောင်နှင့်ချီ၍ လူသန်းပေါင်းများစွာကို မျက်စိကွယ်စေခဲ့သည်။ သိပ္ပံပညာနှင့် ပတ်သက်၍ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်နေသော ယနေ့အချိန်အထိ မျက်ခမ်းစပ်ရောဂါသည် ကျန်းမာရေးပြဿနာကြီးတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါသည်။

          သို့ဖြစ်၍ ယခုအစည်းအဝေးတက်ရောက်သူ သိပ္ပံပညာရှင်များ၊ အဖွဲ့အစည်းများမှ တက်ရောက်သူ သိပ္ပံပညာရှင်များ၊ နိုင်ငံအသီးသီးမှ လာရောက်ကြသော ပုဂ္ဂိုလ်များအနေနှင့် စုပေါင်းချမှတ်ထားသော အမြင်နှစ် ၂၀၂၀ တွင် မျက်ခမ်းစပ်ရောဂါ အမှန်တကယ် ပပျောက်စေရေးအတွက် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်” ဟု ပြောကြားသွားပါသည်။

          ယခုခေတ်ကမ္ဘာကြီးတွင် အဏုမြူဗုံး၊ ကွန်ပျုတာတို့ ပေါ်ထွန်းခဲ့သည်။ လူ၏ မျိုးရိုးဗီဇအကြောင်း၊ ဒီအင်န်အေ အစရှိသည်တို့ကို လေ့လာ၍ ပုံတူတိရစ္ဆာန်များကို ဖန်တီးနိုင်ခဲ့ကြသည်။ လကမ္ဘာသို့ ခြေချနိုင်ခဲ့ပြီ။ သို့ရာတွင် မျက်ခမ်းစပ်ပိုးကို အပြီးတိုင် ချေမှုန်းနိုင်သည့်ဆေး မတွေ့ကြသေးပါ။ ပျောက်ကင်းသည်အထိ ကုသပေးလိုက်၊ ပြန်ဖြစ်လိုက်နှင့်ပင် အာဖရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာရှ၊ လက်တင် အမေရိကတိုက်ရှိ ကလေးများ မျက်ခမ်းစပ်ရောဂါဝေဒနာ ခံစားနေရဆဲဖြစ်သည်။ လူကြီးလူငယ် ၈၄ သန်းတို့ မျက်ခမ်းစပ်ရောဂါ ခံစားနေကြရသည်။ ရှစ်သန်းခန့် မျက်စိအမြင် ချို့ယွင်းကြသည်။ အမျိုးသမီးများသည် အမျိုးသားများထက် သုံးဆမျှ ပိုမို၍ ရောဂါခံစားရသည်။ ငွေကြေးအားဖြင့် နှစ်စဉ် နိုင်ငံခြားငွေ သန်းပေါင်း ၃၀၀၀ ခန့် ဆုံးရှုံးနေသည်။ မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိမှုန်၍ ပညာမသင်ကြားနိုင်သူ၊ အလုပ်မလုပ်နိုင်၍ ဘဝပျက်သူများ ရေတွက်၍ မကုန်နိုင်အောင်ရှိသည်။

          မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဖြစ်သော မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် မျက်ခမ်းစပ်ရောဂါ လွန်စွာထူပြောခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်အထိ မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိမှုန်သူ၊ မျက်ခမ်းရောင်သူ၊ မျက်ကြည်ရောဂါရသူ ၁၀၀ တွင် ၄၀ ဦးမှ ၈၀ ဦးခန့်အထိ ရှိခဲ့သည်။

          မျက်ခမ်းစပ်ရောဂါဖြစ်စေသော ပိုးမှာ “ခလိုင်မေးဒီးယားထရက်ကိုမေးတစ်စ်” ခေါ်သည့် ဗက်တီးရီးယားပိုးဖြစ်သည်။ မျက်ခမ်းစပ်ရောဂါဖြစ်ပါက မျက်စိယားမည်။ နီမည်။ မျက်ဝတ်ထွက်မည်။ မျက်ရည်ကျမည် ခိုးလိုးခုလုဖြစ်ပါလိမ့်မည်။

          အပေါ်မျက်ခွံ၏ အတွင်းဘက်မျက်မြှေးတွင် သာကူစေ့သဏ္ဍာန်အဖုငယ်များ ထွက်လာမည်။ မျက်မှေးရှိ သွေးကြောများ ပွရောင်းလာမည်။ သွေးကြောသစ်များ တိုးပွားလာသဖြင့် မျက်ခွံကို လှန်၍ ကြည့်ပါက ကတ္တီပါစအနီကဲ့သို့ ပွရောင်ရောင်း အခြေအနေကို မြင်ရပါမည်။ ရောဂါပြင်းလေ၊ အဖုငယ်များ ပို၍များလေ သွေးကြောများ ပို၍ ပွလေဖြစ်မည်။ မျက်ခမ်းစပ်ရောဂါရှိနေသော မျက်စိကို တခြားပိုးများ၊ ထပ်မံဝင်ရောက်၍ ရောဂါအခြေအနေပို၍ ဆိုးစေပါမည်။ မျက်ခမ်းစပ်ရောဂါကို တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေး တစ်နေ့နှစ်ကြိမ်နှုန်းဖြင့် အကြိမ် ၈၀ မှ ၁၂၀ အထိ ဆက်တိုက်ခတ်ပါက ရောဂါပျောက်ပါမည်။ အနာရွတ်ပေါ်ခြင်းလည်း နည်းမည်။

          မျက်ခမ်းစပ်ရောဂါကို စနစ်တကျ မကုသပါက ရောဂါပေါ်လိုက်၊ ပျောက်လိုက်ဖြင့် ကြာသော် မျက်ခွံအတွင်းပိုင်းတွင် အနာရွတ်များ ပေါ်လာမည်။ အနာရွတ်များဆွဲသဖြင့် မျက်ခွံကုပ်လာမည်။ ထူလာမည်။ မျက်တောင်စိုက်ပါမည်။

          သာကူစေ့သဏ္ဍာန်အဖုတို့ မျက်ဖြူနှင့် မျက်နက်ဆုံရာ မျက်နက်ဝန်းပတ်လည်တွင် ဖြစ်တတ်သည်။ ထိုအနာရွတ်များ ပျောက်ပါက ဟားဘတ်ပစ်ခေါ် တွင်းငယ်ညိုညိုများကို မျက်နက်ဝန်း ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်ပါလိမ့်မည်။ မျက်စိအထူးကုဆရာဝန်ကြီးအဖြစ်နှင့် မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေး စီမံကိန်းဖြစ်ပေါ်စေရန် ကြိုးပန်းခဲ့သူ ဒေါက်တာဦးကိုကြီးက မျက်နက်ဝန်းရှိ ဟားဘတ်ချိုင့်ငယ်တို့သည် လိပ်ခွံဘီးပေါ်တွင် စိန်စီထားသည်ကို ကြည့်ရသကဲ့သို့ ရှိသည်ဟု မှတ်ချက်ချခဲ့ပါသည်။

          မျက်တောင်စိုက်ကာလ ရှည်ကြာပါက မျက်စိကွယ်စေပါလိမ့်မည်။ “ မျက်စပ်ပိုးဝင်၊ ဆံတစ်ပင်တင်း၊ ချစ်ခြင်းမယား၊ ရည်းစားလူလု” ဟူသော အခံရခက်သော အခြေအနေထက်ဆိုးသည့် ခံစားမှုများကို တွေ့ကြုံကြရပါလိမ့်မည်။ ထိုအခြေအနေကို ကုသရန် လစ်လျူရှုထားပါက မျက်တောင်ခတ်သည့်အကြိမ်တိုင်း မျက်ကြည်ကို ပွတ်တိုက်သည့်အတွက် မျက်ကြည်နာဖြစ်ပါမည်။ မျက်စိကျန်းမာရေးကို ဂရုမစိုက် ဆေးမကုဘဲ စိုက်သည့်မျက်တောင်ကို မပြုပြင်ပါက အနာကြီးလာပြီး မျက်စိပေါက်ထွက်၍ သိမ်သွားပါလိမ့်မည်။ မျက်ကြည်အနာဖြစ်စဉ် မကုသပါက မျက်စိအပြင် တိမ်စွဲ၍ မျက်စိလွန်စွာ မှုန်ပါမည်။ သို့သော် မြင်သင့်သလောက်မြင်နေရပါမည်။ အပြင်တိမ်ဖြစ်ပါက မျက်ကြည်လွှာလဲလှယ်သည့် ခွဲစိတ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ မျက်စိ ပြန်မြင်ပါလိမ့်မည်။ အကောင်းဆုံးမှာ မျက်တောင်စိုက်ခြင်း ခံစားရသည်နှင့် တစ်ပြိုင်နက် မျက်တောင်ပြင်သည့် ခွဲစိတ်ခြင်းခံရန် ဖြစ်ပါသည်။

Credit :  ဒေါက်တာထွန်းအောင်ကျော်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18