Print

ဦးနှောက်သွေးကြောရောဂါ

  09-Nov-2019
Preview Image

          လေဖြတ်တာလို့ခေါ်တဲ့ Stroke ကို ဦးနှောက်သွေးကြောရောဂါ Cerebrovascular Accident (CVA) လို့ခေါ်တယ်။ ရောဂါအမျိုးအစားအရ Cerebral Infarction သွေးကြောပိတ်ခြင်း၊ Cerebral hemorrhage သွေးယိုခြင်းနဲ့ Ischemic stroke သွေးမဝလို့ လေဖြတ်ခြင်း စသဖြင့် ခေါ်တယ်။ Brain Attack လို့လည်း ခေါ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅ ရာခိုင်နှုန်းဟာ အသက် ၄၅ နှစ်ကျော်သူတွေဖြစ်တယ်။ သုံးပုံနှစ်ပုံက ၆၅ နှစ်ကျော်သူတွေဖြစ်တယ်။ မိသားစုထဲမှာ တစ်ယောက်မက ဖြစ်တာတွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅ ရာခိုင်နှုန်း ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်းပိုရှည်ကြတာနဲ့ သွေးဆုံးတာတွေနဲ့ ဆက်စပ်နိုင်တယ်။ ကင်ဆာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အဆစ်နာရောဂါရှိသူတွေ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွားပြီးသူတွေမှာ ပိုဖြစ်တယ်။


          ရောဂါလက္ခဏာတွေ မပေါ်ပေမယ့် ဦးနှောက်ကိုတော့ ထိခိုက်ပျက်စီးနေတာကို ခေါ်တယ်။ ၁၉၉၈ လေ့လာမှုတစ်ခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ လူ ၇၇၀၀၀၀ ယောက်ဟာ Silent Strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarct သွေးခဲ ဒါမှမဟုတ် Hemorrhage သွေးယိုနေတာကို သိရတယ်။ ခံစားပြီး ဖြစ်တာထက် ငါးဆ ပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကိုခေါ်တယ်။ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းရှိတယ်။


          စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေဟာ ယောကျ်ားတွေအတွက် Stroke လို့ခေါ်တဲ့ ဦးနှောက်သွေးကြော ရုတ်တရက် မတော်တဆ ရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ကြတယ်။


          ဦးနှောက်ကိုပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တစ်ခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက်ဆဲလ်တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန်ဖြစ်တယ်။ အဓိက နှစ်မျိုးရှိတယ်။

() သွေးခဲလေးကနေ ကျဉ်းနေတဲ့သွေးကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။

() ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေမှာရှိနေတဲ့သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ ခေါ်တယ်။


          ရောဂါဖြစ်နိုင်ခြေ ရှိသူတွေကတော့ သွေးတိုးရောဂါ၊ နှလုံးခုန် မမှန်တာ၊ ဆီးချိုမိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊ (ကိုလက်စထရော) များနေတာ၊ အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊ အသားမည်းဖြစ်တာ၊ နှလုံးရောဂါလည်းရှိနေမယ်။ ခြေထောက်ပိုင်းကို သွေးကြောတွေကကျဉ်းလို့ သွေးလျှောက်တာလည်း နှေးမယ်ဆိုရင် လူအဝလွန်သူတွေ၊ အရက်သေစာ အသောက်များသူတွေ၊ အငန်နဲ့ အဆီစား များသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ (ကိုကိန်း)နဲ့ တားမြစ်ထားတဲ့ဆေးတွေကို သုံးသူတွေ၊ အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေးသုံးသူအမျိုးသမီးတွေလည်း ဖြစ်နိုင်တယ်။


          သွေးခဲကြောင့်ဖြစ်တာမှာ နှစ်မျိုးရှိတယ်။ သွေးလွှတ်ကြောကြီးရောဂါနဲ့ Sickle Cell Anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။ သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက အဆီခဲ၊ (ကိုလက်စထရော) နဲ့ ကင်ဆာဆဲလ်တွေဖြစ်နိုင်တယ်။ Infective Endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလည်း ဖြစ်တယ်။ Atrial Fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or Ventricular Septal Defect နှလုံးရောဂါတွေကနေလည်း လာမယ်။ Deep Vein Thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလည်း လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်လာလည်း ဖြစ်နိုင်တယ်။ အဲလို တခြားနေရာကလာတာမျိုးအတွက် လာရင်းရောဂါကိုပါ ကုသရမယ်။


          သွေးကြောကျဉ်းရာကနေ ဖြစ်ရင် Atherosclerotic Plaque (ပလိပ်) ခေါ်တဲ့ Sticky Substance ခပ်စေးစေး အရာဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic Stroke ဖြစ်မယ်။


          ဦးနှောက်ရဲ့ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ဘဲ၊ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လည်း ဖြစ်နိုင်တယ်။ ပထမဆုံးအကြိမ်က ခံစားရတာအပြင်းထန်ဆုံးပဲ။ ဒါပေမယ့် နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။ ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။ ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်။ သတိမကောင်းဖြစ်မယ်။ သတိလစ်မယ်။ နားကောင်းကောင်း မကြားဖြစ်မယ်။ အရသာမကောင်းဖြစ်မယ်။ စိတ်ရှုပ်ထွေးနေမယ်။ နာတာ၊ ထိတာ၊ ဖိတာကို ခံစားမှု၊ အပူအအေးသိတာ အရင်လို မဟုတ်ဖြစ်မယ်။ အမျိုရခက်မယ်။ စာအရေးရ အဖတ်ရခက်မယ်။ ဆီးဝမ်းအသွားရ အထိန်းရခက်မယ်။ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်။ မျက်နှာ၊ ခြေ၊ လက်၊ ကြွက်သားတွေ အားနည်းမယ်(တစ်ဖက်တည်းဖြစ်တာများတယ်)။ ထုံကျဉ်နေမယ် (တစ်ဖက်တည်း ဖြစ်တာများတယ်)


          ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင်ဖြစ်မယ်။ ကိုယ်တစ်ခြမ်းလေဖြတ်တယ်လို့ ခေါ်တယ်။ စိတ်လှုပ်ရှားမှု၊ စိတ်ပုံစံ ပြောင်းမယ်။ စကားပြောရခက်မယ်။ သူများပြောတာကို နားမလည်ဖြစ်မယ်။ မျက်ခွံအောက်ကျနေမယ်။ မျက်စိကို လှုပ်မရဘူး။ သူငယ်အိမ်ဟာ အလင်းရောင်ကို တုန့်ပြန်တာ နှေးမယ်။ မျက်စိအကြည့်ရ ခက်မယ်။ နှလုံးခုန်၊ အသက်ရှူမမှန်တာ၊ ခေါင်းကို တစ်ဘက်ဘက်ကို ကောင်းကောင်းလှည့်မရတာ။ လျှာကို ကောင်းကောင်းအသုံးမချနိုင်ဘူး။ မှတ်ဉာဏ်လျော့မယ်။


စစ်ဆေးမှုတွေ

၁။ Angiogram လုပ်ရင် ဦးနှောက်ထဲမှာ သွေးကြောပိတ်နေတာ၊ သွေးယိုနေတာမြင်ရမယ်။

၂။ Carotid Duplex (Ultrasound) ရိုက်ရင် လည်ပင်းက Carotid arteries သွေးလွှတ်ကြော ကျဉ်းနေတာ မြင်ရမယ်။

၃။ CT Scan of the Brain နဲ့ MRI Scan of the Brain တွေလုပ်နိုင်တယ်။

၄။ MRA နဲ့ CT Angiography လုပ်ရင် ဦးနှောက်ထဲက သွေးလွှတ်ကြောတွေ ပုံမှန်မဟုတ်တာ မြင်ရမယ်။

၅။ Bleeding time, Blood cholesterol and sugar, Blood Clotting Tests, CBC နဲ့ ECG တွေလည်း လုပ်နိုင်တယ်။


ဘယ်လိုကုသရမလဲ

          တကယ့် အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ သုံးနာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic Therapy သွေးခဲကျေဆေးချက်ချင်းပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး သုံးနာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။

          သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလည်း ရှိတယ်။ လည်ပင်း၊ သွေးလွှတ်ကြောကို ခွဲစိတ်ရတာလည်း ရှိတယ်။ Mechanical Thrombectomy စက်သုံးနည်းကို ချက်ချင်းဖြစ်တာအတွက် သုံးတယ်။ ပေါင်ခြံက သွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတစ်ခု ဦးနှောက်သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကိရိယာလေးကနေ သွေးခဲကို စုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလည်း ချက်ချင်းဖြစ်တာကို သုံးတယ်။

          ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုးရှိနေချိန်မှာ သွေးကျဆေးပေးရတယ်။ တချို့က အစာအာဟာရနဲ့ အရည်ဖြည့်ပေးဖို့ လိုမယ်။

          ဆေးကုတာအပြင် Physical Therapy ပြန်လည်သန်စွမ်းရေးကုထုံးတွေဖြစ်တဲ့ စကားပြောနည်း၊ လုပ်ငန်းဆိုင်ရာကုသနည်း၊ အစာမျိုနည်းတွေလည်း လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နာလန်ထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။

          နောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းကြောင်းထဲရောက်တာ၊ ဉာဏ်သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုပ်ရှားနိုင်တာ၊ ကိုယ်တစ်ခြမ်း၊ တချို့နေရာတွေလေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကားကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာအားနည်းတာ။

          ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain Tumor ဦးနှောက်ကင်ဆာကြိတ်Subdural Hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့ သွေးခဲ၊ ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ ဗိုင်းရပ်စ်ဦးနှောက်ရောင်ရောဂါ၊ တချို့ဆေးတွေ များသုံးပေးတာ၊ Sodium, Calcium, Glucose ဓာတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။


အလားအလာ

          အမျိုးအစား၊ ဘယ်လောက် ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲဆိုတာတွေအပေါ် မူတည်ပြီး လုံးဝကောင်းတာနဲ့ တချို့အလုပ်တွေပြန်မကောင်းနိုင်တော့တာ ဖြစ်တယ်။ တစ်ဝက်မက လူနာတွေဟာ အိမ်မှာတင်နေနိုင်ပြီး အတော်ပြန်လုပ်နိုင်ကြတယ်။ Ischemic Stroke ဖြစ်သူတွေက Hemorrhagic Stroke ဖြစ်သူတွေထက် ကံကောင်းကြတယ်။ ဒုတိယအကြိမ် ထပ်ဖြစ်တာဟာ ပထမအကြိမ်နောက် လနည်းနည်းအကြာမှာ ဖြစ်တတ်တယ်။ Disability မသန်မစွမ်းဖြစ်တာ ၇၅ ရာခိုင်နှုန်းရှိတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်စေမယ်။ Post stroke Depression စိတ်ဓာတ်ကျတာ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းမှာ ခံစားရမယ်။ Emotional lability လို့ခေါ်တဲ့ စိတ်ခံစားမှုအားနည်းသွားတာ ၂၀ ရာခိုင်နှုန်းမှာဖြစ်စေတယ်။ Seizures တက်တတ်တာကို ၁၀ ရာခိုင်နှုန်းမှာ ဖြစ်နိုင်တယ်။

Credit : ဒေါက်တာ တင့်ဆွေ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18