Print

နှလုံးသွေးကြော ပိတ်ခဲ့ရင်

  03-Nov-2019
Preview Image

နှလုံးကလည်း တခြားကြွက်သားတွေနည်းတူ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ နှလုံးမှာ သွေးလွှတ်ကြောသုံးခုရှိပါတယ်။ အဲဒီထဲမှာ ၂ ချောင်းဟာ သွေးကြောအကြီးစားတွေဖြစ်ပြီး နှလုံးကြွက်သားတွေအတွက် အောက်ဆီဂျင်ပို့ပေးပါတယ်။ တကယ်လို့ အဲဒီသွေးကြောနှစ်ခုက တစ်ခုပိတ်သွားမယ်ဆိုရင် နှလုံးကြွက်သားဟာ  အောက်ဆီဂျင်မရတော့ဘဲ တဖြည်းဖြည်းကြီးလာရင် ပုပ်ပြီး ကြွက်သားသေဆုံးသွားပါတယ်။ ဒါကို Heart Attack ရတယ်လို့ ခေါ်ကြပါတယ်။ Myocardial Infarction ပေါ့။ ဒီလိုဖြစ်ပြီဆိုရင် ရင်ဘတ်အောင့်တယ်ဆိုပြီး ပြောလာလေ့ရှိပါတယ်။ တချို့လည်း ဘာလက္ခဏာမှ မပြတာလည်းရှိတယ်။ 


မောတာ၊ အသက်ရှူမဝတာ၊ မူးလဲတာ၊ ခေါင်းမူးတာ၊ ပျို့တာ၊ တချို့မှာဆို ရင်ဘတ်တောက်လျှောက် မအောင့်ဘဲ ပျောက်လိုက်အောင့်လိုက်ဖြစ်တာ၊ အမျိုးသမီးတွေမှာဆို ရင်ပြည့်သလိုလိုနဲ့ လက်မောင်း၊ ဇတ်ကြော၊ နောက်ကြောနဲ့ မေးရိုးတလျှောက် အောင့်တာ နာတာမျိုးဖြစ်လေ့ရှိပါတယ်။ နှလုံးသွေးကြောမှာ အဆီတွေများလာတဲ့အခါ ဒီအဆီခဲလေးတွေအပေါ်မှာ ထုံးကျောက်ဓာတ်တွေပါ စုခဲလာတာကြောင့် သွေးကြောမာလာပြီး ပိတ်ဆို့လာတာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သွေးခဲလေး ပေါက်ထွက်သွားတာကြောင့်ဖြစ်စေ၊ ရှားရှားပါးပါး၊ နှလုံးသွေးကြော ကျုံ့လိုက်လို့ (spasm) ဖြစ်စေ Heart Attack ရတတ်ပါသေးတယ်။ 


ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ သွေးပေါင်တက်တာ၊ သွေးတွင်းအဆီဓါတ်များတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်လှုပ်ရှားတာ၊ ပင်ပန်းတာတွေ ဖြစ်ပြီး ဒါတွေက ထိန်းချုပ်လို့ရတာတွေ ချည်းပါပဲ။ ဆီးချိုရောဂါရှိနေတာ၊ မိသားစုဝင်မျိုးရိုးမှာ နှလုံးရောဂါရှိနေတာမျိုးဆိုရင်လည်း Heart Attack ရနိုင်ခြေပိုများပါတယ်။ ဒီလိုလူတွေက ပိုသတိထားနေထိုင်ရမှာပေါ့။


ဘယ်လိုကုသနိုင်လဲ

ပိတ်နေတဲ့ နှလုံးသွေးကြောကို ပြန်ချဲ့ဖို့အတွက် လက်မောင်း ဒါမှမဟုတ် ပေါင်မှာရှိတဲ့ သွေးကြောကနေ ပိုက်ပျော့လေးနဲ့ သွေးကြောကို balloon နဲ့ ချဲ့ပြီး stent လို့ခေါ်တဲ့ ပြွန်လေးထည့်လိုက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သောက်ဆေးအနေနဲ့ သွေးကျဲဆေး၊ သွေးခဲပျော်ဆေး၊ နှလုံးကြွက်သားတွေကို ပြေလျော့စေတဲ့ဆေး၊ သွေးတွင်းကိုယ်လက်စထရောကျဆေး၊ နှလုံးကို အောက်ဆီဂျင်အလုံလောက်ရအောင် ထောက်ပံ့ပေးတဲ့ ဆေးတွေ၊ သွေးကြောကျယ်စေတဲ့ဆေးတွေ၊ နာကျင်တာ သက်သာစေတဲ့ဆေးတွေ ပေးပါလိမ့်မယ်။


နှလုံးသွေးကြောပိတ်သွားခဲ့ရင် အဲဒီနောက်ပိုင်း ဘယ်လိုနေထိုင်ရမလဲ၊ ဒါမှမဟုတ် နှလုံးသွေးကြောမပိတ်အောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ရမလဲ။


(၁) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ ဆေးလိပ်ဆက်သောက်သူတွေဟာ ဆေးလိပ်ဖြတ်တဲ့သူတွေထက် နှလုံးသွေးကြောပိတ်ရောဂါ ထပ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်တာက အထိရောက်ဆုံး ကာကွယ်မှုတစ်ရပ်အနေနဲ့ တစ်ကမ္ဘာလုံး လိုက်နာကျင့်သုံးနေကြတာပါ။

တစ်လကနေ ၉ လလောက်ရှိလာတဲ့အခါ ချောင်းဆိုးတာတွေ၊ နှာစေးတာတွေ၊ မောတာတွေ၊ နုံးချိနွမ်းနယ်တာတွေ၊ သိသိသာသာ သက်သာလာပါမယ်။ လေပြွန်လမ်းကြောင်းက မွေးညှင်းနုလေးတွေ ပြန်ပေါက်လာတာကြောင့် အဆုတ်လည်း သန့်စင်လာပြီး ရောဂါပိုးဝင်နိုင်ခြေလည်း နည်းလာပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်တွေလည်း ပြန်တက်လာပါတယ်။ ၁ နှစ်အကြာမှာတော့ နှလုံးရောဂါ ဖြစ်နိုင်ခြေဟာ ဆေးလိပ်သောက်နေသူတွေအောက် ထက်ဝက်လျော့ကျသွားပါတယ်။ ၅ နှစ်အကြာမှာ ဆေးလိပ်တစ်ခါမှ မသောက်ဖူးသူတွေလို လေဖြတ်နိုင်ခြေလည်း ကျဆင်းသွားပါတယ်။ ၁၀ နှစ်အကြာမှာ ဆေးလိပ်တစ်ခါမှ မသောက်ဖူးသူတွေလို အဆုတ်ကင်ဆာဖြစ်နိုင်ခြေလည်း ကျဆင်းသွားပြီး ခံတွင်းကင်ဆာ၊ လေပြွန်ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေတွေဟာ အလိုရင်လို မများတော့ဘဲ ကျဆင်းသွားပါပြီ။


(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားပါ။

ဒီလို စနစ်တကျ စားသောက်တတ်မယ်ဆိုရင် နှလုံးသွေးကြောပိတ်တာ ထပ်မဖြစ်အောင် ၅၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ပါတယ်။ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားဓာတ်တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေတဲ့အဆီခဲတွေ မစုဝေးနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင် အသီးအရွက်တွေကို တစ်နေ့ ၅ ကြိမ်လောက် စားပေးသင့်ပါတယ်။ ပြီးတော့ အဆီများတဲ့အစားစာတွေကို ရှောင်ဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးလုံး၊ အစေ့အနံှ၊ အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး စတာတေကို ပိုစားသုံးပေးသင့်ပါတယ်။ 


(၃) ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းလုပ်တာက နှလုံးကို ပိုမိုကျန်းမာသန်စွမ်းစေပါတယ်။

ဒါကြောင့်မို့ နှလုံးသွေးကြောပိတ်ထားတဲ့ ဝေဒနာရှင်တွေဟာ ကိုယ်လက်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေကို တဖြည်းဖြည်းချင်းစီကနေ တိုးတိုးလုပ်သွားပေးရပါမယ်။ သွေးကြောပိတ်ပြီး တစ်လခွဲ၊ နှစ်လောက်ကြာတဲ့အခါ သာမန်နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်းအတိုင်း လုပ်ဆောင်လို့ရပါပြီ။ တစ်ပတ်မှာ ငါးရက်လောက်တော့ အထိုက်အလျောက် ပြင်းထန်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ တစ်ရက်ကို မိနစ်သုံးဆယ်၊ မိနစ်လေးဆယ်၊ တစ်နာရီ စသဖြင့် တိုးလုပ်သွားပါ။ မိနစ်သုံးဆယ်ကို တောက်လျှောက်မလုပ်နိုင်သေးရင် ဆယ်မိနစ် သုံးခါခွဲလုပ်ပေးလည်း ရပါတယ်။


(၄) သွေးပေါင်တအားတက်ရင်လည်း သွေးကြောလေးတွေ ထူလာပြီး လေဖြတ်တာ၊ Heart attack ရတာတွေ ဖြစ်လာပါတယ်။ 

ဒါ့အပြင် သွေးကြောတွေအားနည်းပြီး ဖောင်းလာတဲ့အတွက် အဲဒီဖောင်းနေတာကြီးက ပေါက်သွားခဲ့ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ သွေးဖိအားတက်နေတာကိုကျော်အောင် နှလုံးက ပင်ပင်ပန်းပန်း ပြန်ညှစ်ထုတ်ရတဲ့အတွက် နှလုံးနံရံတွေ ထူလာမယ်၊ ရေရှည်မှာ ကောင်းကောင်းအလုပ်မနိုင်တော့ သွေးကိုလိုသလောက် မညှစ်ထုတ်နိုင်တော့တဲ့အတွက် Heart Failure နှလုံးပျက်စီးသွားပါတော့တယ်။ သွေးကြောတွေ အားလျော့ပြီး ကျဉ်းလာတဲ့ဒဏ်က သိသိသာသာဖြစ်လာတဲ့အခါ ကျောက်ကပ်ပျက်တာ၊ အမြင်အာရုံဆုံးရှုံးတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သွေးပေါင်ထိန်းဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ 


(၅) အဓိကကတော့ အရှေ့မှာဖော်ပြခဲ့သလို နှလုံးသွေးကြောပိတ်စေတဲ့ အချက်လေးတွေကို ပြန်လည်ထိန်းသိမ်း ပြုပြင်နေထိုင်သွားရပါတာပါပဲ။

ဒါကြောင့် ကိုယ်က အဝလွန်နေတယ်ဆိုရင် ကိုယ်အလေးချိန်ထိန်းမယ်၊ ဝိတ်လျော့မယ်။ သွေးတိုးရှိရင် သွေးကျဆေးကို ပုံမှန်သောက်ပါ။ သွေးပေါင် မှန်မှန်တိုင်းတာ မှတ်သားပြီး သွေးမတက်အောင်ထိန်းပါ။ ဆီးချိုရောဂါရှိနေရင်လည်း အလားတူစွာ ဆေးသေချာသောက်ပြီး အစာသောက်ထိန်း ဆီးချို ပုံမှန်တိုင်းရမယ်။ 


နဂိုအတိုင်း ပြန်လည်ကျန်းမာသန်စွမ်းလာအောင် ဘာတွေလုပ်ရမလဲ

နှလုံးသွေးကြောပိတ်ပြီး ပထမတစ်ပတ်၊ နှစ်ပတ်မှာ နုံးတာ၊ မောပန်းတာနှင့် ခန္ဓာကိုယ်နေရာအနှံအပြား နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ အရင်ကတော့ နှလုံးသွေးကြောပိတ်တဲ့သူတွေကို အနားများများယူဖို့၊ သက်သက်သာသာနေဖို့ ပြောလေ့ရှိတယ်။ ဒါကို လူတွေက လိုတာထပ်ပိုပြီး စိုးရိမ်ပူပန်ပြီး အလုပ်မလုပ်တော့ဘဲ နေမိတတ်ပါတယ်။ 


တကယ်က ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်မှသာ ဒီဝေဒနာတွေ သက်သာလျော့ပါးပြီး ပြန်နေကောင်းလာမှာ ဖြစ်ပါတယ်။ ပုံမှန်ကတော့ နှစ်လ၊ သုံးလလောက်နေတာနဲ့ နဂိုအလုပ်တွေ ပြန်လုပ်နိုင်ပါပြီ။ နှလုံးကြွက်သားပျက်စီးနေတာ နည်းတဲ့သူတွေဆိုရင် ဒီထက်ပိုစောစော လုပ်နိုင်ကြပါတယ်။ ဒါကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အချိန်ဘယ်လောက်ကြာကြာ အလုပ်ပြန်လုပ်ရမယ်၊ သက်သက်သာသာ နားနားနေနေက နည်းနည်းချင်းစီ တိုးလုပ်မယ်၊ မောပန်းလာရင် နားမယ် ဆိုတာတွေပေါ့။ တစ်လလောက်နေရင် ကားမောင်းလို့လည်းရပါတယ်။ ရင်ဘတ်ပြန်အောင့်ရင်တော့ ပျောက်ကင်းအောင် ကုပြီးမှ ကားပြန်မောင်းပါ။ ၆ လနေရင်တော့ လေယာဉ်စီးလို့ရပါပြီ။ အရေးကြီးတာက နှလုံးသွေးကြောပိတ်ပြီးနောက် ရင်ဘတ်မကြာခဏ ပြန်အောင့်တာ၊ နာတာရှိရင် တစ်နေ့တခြား ပိုမောပန်းလာပြီး ခြေထောက်ပါ ရောင်ရမ်းလာရင် စိတ်အားငယ်တာ၊ စိတ်ကျတာ၊ စိုးရိမ်သောကများရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင် ကုသသင့်ပါတယ်။ 

Credit: ဒေါက်တာစိမ့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18