Print

အရေးပေါ် ကျန်းမာရေး အခြေအနေများကို ပြုစုကုသခြင်း အပိုင်း (၂)

  25-Sep-2019
Preview Image

မူးဝေခြင်း

          မူးဝေခြင်းသည် ဦးနှောက်အတွင်းသို့ သွေးဝင်ရောက်မှုနည်းပါးသွားခြင်းကြောင့် အောက်ဆီဂျင်ပြတ်လပ်သွား၍ ဖြစ်ပါသည်။ မူးဝေခြင်းကို ဖြစ်စေသော အကြောင်းအရင်းများမှာ နာကျင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဖိစီးမှုပြင်းထန်ခြင်း၊ အချိန်ကြာမြင့်စွာ အစာရေစာပြတ်လပ်ခြင်း၊ အချိန်ကြာမြင့်စွာ ရပ်နေရခြင်း၊ မောပန်းလွန်းခြင်း၊ လှောင်သောအခန်းတွင် ကြာရှည်စွာနေထိုင်ရခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် ဦးနှောက်သို့ သွေးအရောက်နည်းခြင်းတို့ ဖြစ်ပါသည်။

          မူးဝေခြင်း၏ လက္ခဏာများမှာ မူးဝေလဲကျခြင်း၊ မအီမသာဖြစ်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ထုံကျဉ်လာခြင်း၊ အသားအရေဖြူဖျော့လာခြင်း၊ အေးစက်၍ ချွေးစေးများထွက်လာခြင်းနှင့် သွေးခုန်နှုန်းနှေးလာခြင်းတို့ ဖြစ်ပါသည်။ မူးဝေလဲကျခြင်းကြောင့် ပတ်ဝန်းကျင်ရှိအရာဝတ္ထုများနှင့် ထိခိုက်မိပြီး နောက်ဆက်တွဲဒဏ်ရာများရရှိနိုင်ပါသည်။

          မူးဝေနေသောလူနာကို ရေပြင်ညီအတိုင်းသက်တောင့်သက်သာလဲလျောင်းပေးရပါမည်။ သို့မှသာ ဦးနှောက်သို့ သွေးပုံမှန်ပြန်လည်ရောက်ရှိသွားနိုင်ပါမည်။ မူးဝေသောလူနာကို အသက်ရှူလမ်းကြောင်းကောင်းအောင်ပြုလုပ်ခြင်းနှင့် သွေးထွက်နေပါက သွေးထွက်မလွန်အောင် ထိန်းချုပ်ခြင်းနှင့် သွေးလည်ပတ်မှုကောင်းမွန်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရပါမည်။ ဦးခေါင်းပိုင်းကိုနှိမ့်၍ ခြေထောက်ပိုင်းကို မြှင့်ထားရပါမည်။ တင်းကျပ်သောအဝတ်အစားများကို ဖြေလျှော့ပေးရပါမည်။ လေကောင်းလေသန့်ရရှိစေရန် ဆောင်ရွက်ရပါမည်။ အခြေအနေဆိုးရွားလာပါက ဆေးရုံသို့ လျှင်မြန်စွာပို့ဆောင်ကုသပေးရမည်။


နှာခေါင်းသွေးယိုထွက်ခြင်း

          နှာခေါင်းသွေးယိုထွက်သောအကြောင်းရင်းကို ရှာဖွေရပါမည်။ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးကင်ဆာရှိခြင်း၊ ရာသီဥတုပူခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါသည်။

          နှာခေါင်းသွေးယိုထွက်သောလူနာကို ထိုင်ခိုင်းပြီး ဦးခေါင်းကို ရှေ့သို့ငုံ့ခိုင်းရပါမည်။ လူနာကို ပါးစပ်ဖြင့် အသက်ရှူခိုင်းရပါမည်။ နှာခေါင်း၏ နူးညံ့သောအစိတ်အပိုင်းကို လက်ညှိုးလက်မဖြင့် ၁၀ မိနစ်ခန့် ဖိနှိပ်ထားရပါမည်။


အော့အန်ခြင်း

          အော့အန်ခြင်းသည် ဝမ်းသွားခြင်း၊ အဆိပ်ဖြစ်ခြင်း၊ အစားအစာ၊ ဆေးဝါး၊ အနံ့များနှင့် မတည့်ခြင်း၊ သန့်ရှင်းသောသောက်ရေကို မသုံးစွဲခြင်း၊ မိမိစားနေကျမဟုတ်သော အစားအစာများကို စားမိခြင်းနှင့် အခြားရောဂါများကြောင့် ဖြစ်တတ်ပါသည်။

          အော့အန်နေသောလူနာကို အားပေးစကားပြောကြားရပါမည်။ နွေးထွေးစွာထားရပါမည်။ လူနာကို ဘေးစောင်းအနေအထားတွင် ထားရပါမည်။ လတ်ဆတ်သော ဖျော်ရည် သို့မဟုတ် ဓာတ်ဆားရည်ကို ဖြည်းဖြည်းချင်း စုပ်ယူသောက်ခိုင်းရပါမည်။ ရေ၊ ဂလူးကို့စ်၊ လိမ္မော်ရည်များကို တိုက်ကျွေးနိုင်ပါသည်။ အန်ပြီး ၂၄ နာရီအတွင်း ချိုသော အစားအစာများ၊ ပျော့သောအစားအစာများကို ကျွေးရပါမည်။

          အော့အန်ခြင်းသည် မရပ်ဘဲ သွေးဆုတ်ယုတ်ထိတ်လန့် (ရှော့) လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပို့ဆောင်ကုသရပါမည်။


တက်ခြင်း

          ဦးနှောက်၏ လုပ်ငန်းများချို့ယွင်းမှုကြောင့် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ခန္ဓာကိုယ်ရှိကြွက်သားများ ဆွဲငင်တုန်လှုပ်ခြင်းသည် တက်ခြင်းပင်ဖြစ်ပါသည်။

          တက်ခြင်းကိုဖြစ်စေသော အကြောင်းအရင်းများကို သိရှိရန်လိုအပ်ပါသည်။ အဖျားကြီးပြီးတက်နေသောကလေးများကို အပူချိန်ကျစေရန် ရေပတ်တိုက်ပေးရပါမည်။ တက်နေစဉ် ပါးစပ်အတွင်းမှအစာများ၊ ချွဲများကို ဖယ်ရှားပေးရပါမည်။ အသက်ရှူလမ်းကြောင်းကို ဖွင့်ဟပေးရပါမည်။ အဝတ်အစားများကို လျှော့ပေးရပါမည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဒဏ်ရာရရှိမှုအခြေအနေကို စစ်ဆေးရပါမည်။ ထပ်မံပြီးဒဏ်ရာမရရှိစေရန်နှင့် လျှာမကိုက်မိစေရန် စောင့်ကြည့်ပြီးပြုစုရပါမည်။ မိဘဆွေမျိုးများအား စိတ်ပူပန်မှုလျော့နည်းစေရန် အားပေးစကားပြောရပါမည်။ တက်တတ်သောသူကို တစ်ဦးတည်းအချိန်ကြာမြင့်စွာ မထားရန် မိသားစုများကို အကြံပြုရပါမည်။

          တက်သောသူကို အမြင့်တက်ခြင်း၊ လူအုပ်စုထဲသို့သွားခြင်း၊ မြစ်ချောင်းအနီးတွင် နေထိုင်ခြင်းနှင့် ထိခိုက်ရှလွယ်သောပစ္စည်များကို ကိုင်တွယ်ခြင်းများ မပြုလုပ်စေရန် သတိထားရပါမည်။ အတက်ပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အရ သောက်ရပါမည်။ ဆေးရုံ၊ ဆေးခန်းတွင် ကုသရန်လိုအပ်ပါသည်။


နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်

          နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်းသည် နှလုံးကြွက်သားများသွေးရရှိမှုနည်းပါးခြင်းနှင့် သွေးလည်ပတ်မှုရပ်ဆိုင်း၍ နှလုံးကြွက်သားများပျက်စီးခြင်းကြောင့် နှလုံးသွေးကြောများပိတ်ဆို့ကာ နှလုံးရုတ်တရက် တိုက်ခိုက်ခံရပြီး နှလုံးရပ်ခြင်းပင် ဖြစ်ပါသည်။

          ရောဂါလက္ခဏာများမှာ ရင်ခေါင်းအလယ်တည့်တည့်တွင် မိနစ်အနည်းငယ်ကြာ ဖိညှစ်နေသောနာကျင်မှုကို ခံစားရနိုင်ခြင်း၊ နာကျင်မှုသည် ပခုံး၊ လည်ပင်းဘက်သို့ပျံ့သွားခြင်း၊ မူးဝေအော့အန်ခြင်း၊ ချွေးစေးပြန်ခြင်းနှင့် အသက်ရှူတိုတောင်းခြင်းတို့ ဖြစ်ပါသည်။

          အသက်ကို သက်သာသောအနေအထားတွင် ထားရပါမည်။ အဝတ်အစားများကို လျှော့ပေးရပါမည်။ စိတ်ပူမှုလျော့ရန် အားပေးစကားပြောရပါမည်။ အသက်ရှူခြင်းကို စောင့်ကြည့်ရပါမည်။ နှလုံးနှိုးဆွခြင်း၊ အသက်ရှူလမ်းကြောင်းဖွင့်ခြင်းများ ပြုလုပ်ပေးရပါမည်။ ထို့နောက် နှလုံးရောဂါကုဆေးရုံသို့ လျင်မြန်စွာ ပို့ဆောင်ကုသရပါမည်။


အကြံပြုချက်

          အရေးပေါ်အခြေအနေကို မသိရှိပါက စက္ကန့်ပိုင်း၊ မိနစ်အနည်းငယ်အတွင်း သေဆုံးနိုင်ပါသည်။ ရှေးဦးသူနာပြုစုခြင်းကို စနစ်တကျပြုလုပ်တတ်ခြင်းသည် အရေးပေါ်အခြေအနေခံစားနေရသော လူနာအများကို ကယ်တင်နိုင်ပါသည်။ သို့ရာတွင် မိမိ၏ လက်ထဲတွင် ကြာရှည်စွာမထားဘဲ တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများရှိရာ ဆေးရုံ၊ ဆေးခန်းသို့ လျင်မြန်စွာ ပို့ဆောင်ကုသရန် လိုအပ်ပါသည်။

Credit : ဒေါက်တာ မြင့်သန်းထွန်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18