Print

အရေးပေါ် ကျန်းမာရေး အခြေအနေများကို ပြုစုကုသခြင်း အပိုင်း(၁)

  24-Sep-2019
Preview Image

အဖျားတက်ခြင်း

          အဖျားတက်ခြင်းသည် ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်) နှာစေးချောင်းဆိုး အအေးပတ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် အခြားအပူကြီးသော ရောဂါများကြောင့် ဖြစ်တတ်ပါသည်။

          အဖျားတက်ခြင်းကို သက်သာစေရန် ပြုစုရပါမည်။ လေကောင်းလေသန့်ရရှိစေရန် အခန်းတံခါးများကို ဖွင့်ထားရပါမည်။ ထူထဲသော စောင်များခြုံထားခြင်းနှင့် ထူထဲသော အဝတ်များဝတ်ခြင်းမှ ရှောင်ကြဉ်ရပါမည်။ အပူပြင်းပါက တစ်ကိုယ်လုံး ရေအေးရေပတ် တိုက်ပေးရပါမည်။ အပူကြီးသောသူသည် ရေငတ်၍ အာခြောက်တတ်သဖြင့် ရေများများတိုက်ရပါမည်။ နို့စို့ကလေးများ ဖြစ်ပါက မိခင်နို့များများတိုက်ရပါမည်။ ကိုယ်ပူကျဆေးများကို တိုက်နိုင်ပါသည်။ မိမိသဘောဖြင့် ပဋိဇီဝဆေးများကို မတိုက်သင့်ပါ။ မသက်သာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများထံ ပြသရပါမည်။ အဖျားအပူရှိန်ကြောင့် ဖြစ်စေသော အကြောင်းအရင်းများကို ရှာဖွေပြီး လိုအပ်သောဆေးဝါးများကို ပေးပါလိမ့်မည်။


ဝမ်းဗိုက်နာခြင်း

          ဝမ်းဗိုက်နာကျင်ခြင်းကြောင့် ဖြစ်သောနေရာကို သိရှိရပါမည်။ ရင်ညွန့်အောက်နှင့် နံရိုးအောက် ချက်အနီးတွင် များသောအားဖြင့် နာတတ်ပါသည်။ ဝမ်းဗိုက်တစ်ပြင်လုံးနှင့် ဆီးစပ်အထက်တွင်လည်း နာတတ်သည်။ နာသောနေရာပေါ်တွင် မူတည်၍ ရောဂါများစွာလည်း ကွဲပြားနိုင်ပါသည်။ အဆက်မပြတ်နာခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းနာခြင်းများ ရှိမရှိလည်း မေးမြန်းစစ်ဆေးရပါမည်။

          ဝမ်းဗိုက်နာပါက အထူးသတိပြု ရှောင်ကြဉ်ရမည့် အချက်များကို သိရှိရန် လိုအပ်ပါသည်။ ဝမ်းဗိုက်ပြင်အား နှိပ်ခြင်း၊ နယ်ခြင်းများ လုံးဝမပြုလုပ်ရပါ။ လူနာ၏ ရောဂါအခြေအနေကို အတိအကျမသိဘဲ ဆေးတိုက်ခြင်း မပြုလုပ်ရပါ။ ရေနွေးအိတ်တင်ခြင်း၊ ဝမ်းနုတ်ဆေးကျွေးခြင်းလည်း မပြုလုပ်ရပါ။

          ဝမ်းဗိုက်နာခြင်း ခံစားနေရသောလူနာကို စနစ်တကျ ပြုစုရပါမည်။ လူနာကို လဲလျောင်းစေပြီး မည်သည့်အစာ၊ ရေမျှ မတိုက်ရပါ။ ပက်လက်အနေအထားဖြင့် ဒူးကိုကွေး၍ ထောင်ထားစေပြီး သက်သာသော အနေအထားတွင် ထားရပါမည်။ အသက်ရှူခက်ခဲသည်အထိ နာကျင်ပါက လူနာကို ထိုင်လျက်အနေအထား၊ ကုန်းလျက်အနေအထားတွင် ထားရပါမည်။ လူနာ၏ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းများကို မှတ်သားထားရပါမည်။ ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ရန် ပြင်ဆင်ရပါမည်။ ဆေးရုံ၊ ဆေးခန်းသို့ပို့ပါက လူနာ၏ အန်ဖတ်များကို ယူဆောင်ရပါမည်။ ဝမ်းဗိုက်နာခြင်းကို မပေါ့ဆသင့်ပါ။ တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာမများဖြင့် ပြသရပါမည်။


အပူရှပ်ခြင်း

          အပူရှပ်ခြင်းကြောင့် အသားအရေနီမြန်းပြီး အလွန်အမင်းပူကာ ခြောက်သွေ့ခြင်း၊ ချွေးမထွက်ခြင်းနှင့် အဖျားကြီးခြင်း လက္ခဏာများ ဖြစ်ပေါ်တတ်ပါသည်။ တစ်ခါတစ်ရံ သတိလစ်ခြင်းဖြစ်ကာ သေဆုံးနိုင်ပါသည်။

          လူနာကို အေးသောနေရာတွင် အိပ်ခိုင်းပြီး ခြေပိုင်းမြှင့်ရပါမည်။ အဝတ်များကို ဖယ်ရှားပေးရပါမည်။ ရေအေး သို့မဟုတ် ဓာတ်ဆားရည်တိုက်ရပါမည်။ ဆားခဲပေးခြင်း မပြုလုပ်ရပါ။ ရေအေးပတ်တိုက်ပြုစုပြီး ပန်ကာလေ သို့မဟုတ် ယပ်ခပ်ပေးခြင်း ဆောင်ရွက်ရပါမည်။ မိနစ် (၃၀) အတွင်း လူနာအခြေအနေ တိုးတက်မှုမရှိပါက ရေဆွတ်ထားသော မျက်နှာသုတ်ပဝါနှင့် ဖုံးအုပ်ပြီး ဆေးရုံဆေးခန်းသို့ အမြန်ပို့ဆောင် ကုသရပါမည်။


အပူငုတ်ခြင်း

          အပူငုတ်ခြင်း သို့မဟုတ် အပူကြောင့် အားအင်ကုန်ခန်းခြင်းဖြစ်နိုင်သော အခြေအနေများကို သိရှိထားရပါမည်။ နေပူထဲတွင် ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ ရေလုံလောက်စွာမသောက်ဘဲ အလုပ်များစုပြုံလုပ်ခြင်း၊ ပူသောနေရာ ပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းများ ပြင်းထန်စွာ အလုပ်လုပ်ခြင်းတို့ ဖြစ်ပါသည်။

          အပူငုတ်ခြင်း လက္ခဏာများမှာ သွေးထွက်လွန်ကဲခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အသားအရေ စိုစွတ်အေးစက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သာမန်အပူချိန် သို့မဟုတ် သာမန်အပူချိန်ထက် အနည်းငယ်မျှတက်နိုင်ခြင်း၊ ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများဆုံးရှုံးခြင်း၊ သွေးခုန်နှုန်းမြန်၍ အားနည်းခြင်းနှင့် တစ်ခါတစ်ရံ ဝမ်းလျှောခြင်းတို့ ဖြစ်ပါသည်။

          အပူငုပ်နေသော လူနာကို ရေပတ်တိုက်ပေးခြင်းဖြင့် အပူချိန်ကို ချရပါမည်။ အေးသောရေ များများတိုက်ရပါမည်။ ဓာတ်ဆားဖျော်ရည်၊ အားဖြည့်အချိုရည်များလည်း တိုက်နိုင်ပါသည်။ လူနာကို လေကောင်းလေသန့်ရသော အရိပ်ထဲတွင် ထားရပါမည်။ ထို့နောက် ဆေးရုံဆေးခန်းသို့ ပို့ဆောင်ကုသရပါမည်။


ကွက်တက်ခြင်း

          ကြွက်တက်ခြင်းကို ဖြစ်စေသောအကြောင်းအရင်း များစွာရှိပါသည်။ ကြွက်သားများ ပြင်းထန်စွာ အလုပ်လုပ်ရခြင်း၊ ခရီးဝေးလမ်းလျှောက်ခြင်း၊ ရေကူခြင်း၊ အထက်လှန်အောက်လျှောဖြစ်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ လျော့နည်းခန်းခြောက်ခြင်း၊ နေပူထဲတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ရခြင်းကြောင့် ချွေးထွက်လွန်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ အာဟာရဓာတ်များ လျော့နည်းခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။

          ကြွက်တက်ခြင်းကို အရေးပေါ်ပြုစုပေးရပါမည်။ လူနာကို လဲလျောင်းပြုစုရပါမည်။ ကြွက်တက်သော အစိတ်အပိုင်းကို လက်ဖြင့် ဆုပ်နယ်ပေးရပါမည်။ အပြေးသမားကြွက်တက်ခြင်းဖြစ်ပါက ဒဏ်ကြေလိမ်းဆေးများကို မလိမ်းသင့်ပါ။ ရေ သို့မဟုတ် ရေခဲကို၊ အိတ် သို့မဟုတ် ပလတ်စတစ်အိတ်အတွင်းသို့ ထည့်၍ ကြွက်တက်သည့် အစိတ်အပိုင်းကို ကပ်ပေးရပါမည်။ လူနာကို အနားပေးရပါမည်။ လိုအပ်ပါက ဆရာဝန်၊ ဆရာမများအား ပြသပြီး ထိရောက်စွာကုသရပါမည်။

Credit : ဒေါက်တာ မြင့်သန်းထွန်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18