Print

ဓာတုပစ္စည်းမျက်စိထဲဝင်ခြင်း

  07-Aug-2019
Preview Image

          မျက်စိကို ဓာတုပစ္စည်းတစ်ခုခုဝင်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းကို Chemical Injury ဟုခေါ်ပါသည်။ မျက်စိထဲသို့ ဓာတုပစ္စည်းဝင်လျှင်ဝင်ခြင်း ဓာတုပစ္စည်း၏ ပြင်းအားကို ရေနှင့်ချက်ချင်းဆေးကြောပြီး အားပျော့သွားစေရန် ပြုလုပ်ခြင်းသည် မျက်စိထိခိုက်ပျက်စီးမှုကို များစွာသက်သာလျော့နည်းစေပါသည်။


          မျက်စိဆေးကြောသည့် ရေသည် ရေသန့်ဖြစ်စရာမလိုပါ။ အခန်းအပူချိန် အနေအထားမှာရှိပြီး သာမန်သန့်ရှင်းသည့်ရေ (ဘုံပိုင်ရေ) ဆိုလျှင် လုံလောက်ပါသည်။ ဤကဲ့သို့ ရေနှင့်သန့်ရှင်းပြီးလျှင်မျက်စိအထူးကုဆရာဝန် တစ်ဦးဦးနှင့် ချက်ချင်းဆက်လက်ပြသပြီး ဆေးဝါးကုသမှုကို ခံယူရပါမည်။ မျက်စိအထူးကုဆရာဝန်က ဓာတုပစ္စည်းကြောင့် မျက်စိမှာ ထိခိုက်ပျက်စီးသွားသည့် ဒဏ်ရာအသေးအကြီး နေရာအနေအထားတွေကို ကြည့်ပြီး သင့်တော်သည့် ဆေးဝါးကုသမှုကို ဆက်လက်ဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။


          မျက်စိထဲသို့ ဝင်နိုင်သည့် ဓာတုပစ္စည်းများကို အုပ်စုခွဲလိုက်လျှင် အုပ်စုနှစ်ခုရှိပါသည်။ ပထမအုပ်စုမှာ အက်ဆစ်(Acid) အုပ်စုဖြစ်ပြီး ဒုတိယအုပ်စုမှာ အယ်ကာလီ(Alkali) အုပ်စုဖြစ်သည်။ အုပ်စုနှစ်ခုသည် ဓာတုဗေဒသဘောအရ မျက်စိကို ထိခိုက်ပျက်စီးပုံပျက်စီးနည်းမတူကြပါ။


          ဆက်ဆစ်အုပ်စု ဓာတုပစ္စည်းမျက်စိထဲသို့ ဝင်လျှင် ထိုဓာတုပစ္စည်းဝင်သည့်အချိန်တွင် အသားဆိုင်ကို ချက်ချင်းလောင်ကျွမ်းပျက်စီးစေပြီး ခဏချင်းမှာ အဲဒီဓာတုပစ္စည်းကို အသားဆိုင်က အားလျော့သွားစေပါသည်။ အထက်က ပြောခဲ့သလို ရေနှင့် ဆေးလိုက်လျှင် ထိုဓာတုပစ္စည်း အကြွင်းအကျန်သည် အသားဆိုင်ကို ဆက်လက်ပြီးမပျက်စီးစေတော့ပါ။


          အယ်ကာလီအုပ်စုမှာပါဝင်ပြီး မျက်စိထဲသို့ အများဆုံးဝင်တတ်သည့် ဓာတုပစ္စည်းမှာ ထုံးဖြစ်ပါသည်။

          အယ်ကာလီဓာတုပစ္စည်း မျက်စိထဲသို့ဝင်လျှင် အက်ဆစ်ကဲ့သို့ မဟုတ်ဘဲ တဖြည်းဖြည်းနှင့် အသားဆိုင်များကို ဆက်လက်ပျက်စီးစေနိုင်ပါသည်။ အချိန်ကြာမြင့်လာသည်နှင့် အမျှ အသားဆိုင်များကို ပိုမိုပျက်စီးစေပါသည်။ ထို့ကြောင့် ထုံးစသည့် အယ်ကာလီဓာတုပစ္စည်း မျက်စိထဲသို့ ဝင်သည့်အချိန်တွင် မျက်စိထဲတွင် ထုံးအစအနတစ်ခုတစ်လေမှ မကျန်အောင် ရှာဖွေစစ်ဆေးပြီး ထုတ်ယူပစ်ရပါမည်။ မျက်စိကိုလည်း ဓာတုပစ္စည်းအကြွင်းအကျန်တွေရှိနေခဲ့လျှင် ထွက်သွားနိုင်အောင် ရေနှင့် သုံးလေးရက်ဆက်လက်ဆေးကြောနေခြင်းသည် ပိုမိုကောင်းမွန်ပါသည်။


          အမှန်မှာ ဓာတုပစ္စည်းမျက်စိထဲဝင်ပြီးမှ ကုသသည်ထက် မျက်စိထဲမဝင်မီအချိန်တွင် မဝင်နိုင်အောင် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းပါသည်။

          ဓာတုပစ္စည်းများ မျက်စိထဲမဝင်စေရန် ကာကွယ်သည့်နည်းမှာ ဓာတုပစ္စည်းများကို ကိုင်တွယ်ပြီး အလုပ်လုပ်နေရသူများအနေနှင့် မျက်စိရှေ့တွင် အကာအကွယ်တစ်ခုတပ်ဆင်ပြီး အလုပ်လုပ်ခြင်းဖြင့် မျက်စိထဲသို့ ဓာတုပစ္စည်းဝင်ခြင်းမှ ကာကွယ်နိုင်ပါသည်။

Credit : ဒေါက်တာ မင်းသိမ်း(မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18