Print

သတိထားသင့်သော နာကျင်မှု (၇) မျိုး

  31-Jul-2019
Preview Image

          ဒီဘက်ခေတ်မှာ ကျန်းမာရေး အသိပညာပေး ဂျာနယ်တွေ မဂ္ဂဇင်းတွေ ဆောင်းပါးတွေ အများအပြား ထွက်ရှိနေကြတဲ့အတွက် ပြည်သူတွေမှာ ကျန်းမာရေး ဗဟုသုတ အထိုက်အလျောက် ရှိနေကြပါပြီ။ ဝမ်းဗိုက်ခပ်ပြင်းပြင်းအောင့်လာရင် အူအတက်ရောင်တာများလား။ ရင်ဘတ်အောင့်လာတဲ့အခါ နှလုံးရောဂါဖောက်တော့မလား။ ခါးနေရာ အောင့်တဲ့အခါ ကျောက်ကပ်တစ်ခုခုများဖြစ်နေပြီလား စသဖြင့် သောကပွားလာတတ်ကြပါတယ်။


          သာဓက တစ်ခုအနေနဲ့ အားကစားလိုက်စားပြီး ဆေးလိပ်မသောက်တတ်သူ၊ များသောအားဖြင့် ကျန်းမာရေးကောင်းသူတစ်ဦးဟာ ရင်ဘတ်မှာ စူးရှတင်းကျပ်တဲ့ ခံစားမှု ဖြစ်လာခဲ့ပါတယ်။ ဆရာဝန်ပြကြည့်တဲ့အခါ ပူပန်သောကတွေကြောင့် ဖြစ်တာပါလို့ သတ်မှတ်ပြီး ဆေးတွေညွှန်ကြားလိုက်ပါတယ်။ ကာယကံရှင်ကတော့ ဒီလိုမထင်ပါဘူး။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးတွေမှီဝဲခဲ့ပါတယ်။ တစ်လလောက်ကြာခဲ့အခါ နှလုံးရောဂါဖောက်လာပါတော့တယ်။ နှလုံးအထူးကုက ရောဂါရှာတွေ့တဲ့အချိန်တိုင် လေးလအတွင်း ငါးကြိမ်နှလုံးရောဂါဖောက်ခဲ့ပါတယ်။ လူနာမှာ ဗီဇချွတ်ယွင်းမှုကြောင့် သွေးကြောအတွင်း သွေးခဲတွေဖြစ်ပေါ်လာတတ်တဲ့ရောဂါ ခံစားနေရတာပါ။ ရင်ဘတ်စူးရှ တင်းကျပ်မှု လက္ခဏာဟာ ရုတ်တရက်ထဖြစ်လာတဲ့ သွေးခဲမှုအန္တရာယ်အချက်ပြ ဖြစ်ပါတယ်။

  

        ဒါကြောင့် ဘယ်လို နာကျင်မှုက စိတ်ကြောင့် ဖြစ်တာလဲ။ သာမညပဲလား။ ဘယ်လိုဖြစ်ပျက်ခဲ့ရင် စိုးရိမ်ရလဲဆိုတာ သိဖို့လိုလာပါတယ်။ ဒါပေမယ့် အချို့ နာကျင်မှုတွေက အရေးကြီးတာကြောင့် ဘယ်လိုနာကျင်မှုမျိုးကို အဓိကထား သတိပြုသင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။


ရင်ဘတ်အောင့်ခြင်း

          ရင်ဘတ်နေရာမှာ ဖိညှစ်ထားသလို ဆုပ်ဆွဲထားသလို နာကျင်တာမျိုးဆိုရင် နှလုံးရောဂါဖောက်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ အချို့ဝေဒနာသည်တွေက သူတို့ ခံစားရမှုကို ရင်ဘတ်ပေါ် ဆင်တက်ထိုင်သလို ပဲလို့ ဖော်ပြတတ်ကြပါတယ်။ နှလုံးသွေးကြော သိပ်ကျဉ်းလာတဲ့အတွက် နှလုံးကြွက်သားတွေဆီ သွေးနဲ့အတူ လေသန့်ဓာတ်တွေ ရောက်ရှိမှု မလုံလောက်တဲ့အတွက် နှလုံးကြွက်သားတွေ ဒဏ်ဖြစ်လို့ ခံစားရတာပါ။ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဝေဒနာ ပိုဆိုးရွားတတ်ပါတယ်။ စိတ်လှုပ်ရှားမှု ပြင်းထန်တဲ့ အခါမှာလည်း ခံစားရတတ်ပါတယ်။

          အမျိုးသမီးတွေ ခံစားရမှုက အမျိုးသားများနဲ့ တစ်ခါတစ်ရံ ကွဲပြားတတ်ကြပါတယ်။ ခြေကုန်လက်ပမ်းကျသလို ခံစားရတတ်ပါတယ်။ အသက်ရှူမြန်ပြီး မောလာတတ်ပါတယ်။ အချို့ အမျိုးသမီးတွေမှာ ချွေးပြန်တတ်ပါတယ်။ ပုံမှန်တွေ့နေကျမဟုတ်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်ဘတ်ဖိညှစ်ဆုပ်ဆွဲထားသလို နာကျင်တယ်။ ပျို့မယ်၊ ချွေးထွက်မယ်။ အိပ်နေလျက်ခံစားရသူတွေမှာ ထထိုင်လိုက်လည်း မသက်သာဘူးဆိုရင် အရေးကြီးပါပြီ။ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အနီးဆုံးအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရပါလိမ့်မည်။

          ရင်ဘတ်အောင့်တာမျိုးအပြင် နှလုံးရောဂါဖောက်လို့ ဖြစ်ပွားတတ်တဲ့ နာကျင်မှုဟာ တစ်ခါတစ်ရံ ပုခုံးနဲ့ လက်မောင်းတစ်လျှောက် (အထူးသဖြင့် ဘယ်ဖက်) မှ ခံစားလာရတတ်ပါတယ်။ လည်ပင်းနဲ့ မေးရိုးတို့ဆီမှာလည်း နေရာ ပြောင်းပြီး Referred pain လက္ခဏာ ပြတတ်ပါတယ်။ နှလုံးရောဂါဖောက်မှုမှာ အချိန်မီ ကုသမှုခံယူဖို့ လိုအပ်တဲ့အတွက် မနှောင့်နှေးသင့်ပါဘူး။


ဆိုးဆိုးဝါးဝါး ခေါင်းကိုက်ခြင်း

          တစ်ခါတစ်ရံ ကွဲထွက်မတတ် ခေါင်းကိုက်တတ်ပြီး ဘာဆေးသောက်သောက် မသက်သာတဲ့အခါမျိုး ရှိတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် အတော်များများက ဦးနှောက်ကင်ဆာများ ဖြစ်နေမလားလ့ို စိုးရိမ်တတ်ကြတယ်။

          တကယ်တော့ ဦးနှောက်မှာ အာရုံခံစားမှုတွေ ဖြစ်ပျက်နေပေမယ့် ဦးနှောက်ကိုယ်တိုင်က ထိသိခံစားမှု မရှိလှပါဘူး။ ဒါကြောင့် ခေါင်းကိုက်မှုတွေဟာ အခြားအကြောင်းအရာတွေကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် ခေါင်းကိုက်ခြင်းအချို့ဟာ ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတွေရဲ့ လက္ခဏာတစ်ခုခုဖြစ်နေတတ်ပါတယ်။ ဒါ့အပြင်ခေါင်းကိုက်ခြင်းဟာ အရင်ကခံစားရတဲ့ ဝေဒနာနဲ့ မတူခြင်း၊ ဇက်ခိုင်ခြင်း ထုံကျင်ခြင်း အားနည်းလာခြင်းစတာတွေ ရှိမရှိ သတိထားရမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်တာဟာ အအေးပတ်ဖျားခါနီးမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ထိုင်ရာမှ မတ်တတ်ထရပ်လိုက်တဲ့ အခါ ခေါင်းကိုက်တာ ပိုဆိုးလာရင်၊ ဆေးသောက်တာတောင် အချိန်ကြာကြာဖြစ်ပွားနေရင်တော့ ခံစားနေရတဲ့ ခေါင်းကိုက် ဝေဒနာဟာ ရိုးရိုးခေါင်းကိုက်တာမဖြစ်နိုင်ဖို့ များတတ်ပါတယ်။


ကျောအောက်ပိုင်း နာကျင်ကိုက်ခဲခြင်း

          ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်ခြင်း၊ လှုပ်ရှားမှု လိုက်လျောညီထွေ မဖြစ်တာကြောင့် ကျောအောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲ တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နေတတ်ပါတယ်။ ကာယကံရှင်မှာ ဆီးချိုရောဂါနဲ့ သွေးတိုးရှိနေမယ်။ လှုပ်ရှားမှု လုပ်တဲ့အခါ ပိုဆိုးဝါးခဲ့မယ်ဆိုရင် နှလုံးရောဂါရဲ့ လက္ခဏာဖြစ်ဖို့ များလာပါပြီ။ တစ်ခါတစ်ရံ ကျောရိုးဆစ်ကြားခုခံပြား ပျက်စီးလို့လည်း ဝေဒနာခံစားရတတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ခါးကိုက်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ကျောရိုးတစ်လျှောက် ရှိနေတဲ့ သွေးလွှတ်ကြောမကြီးရဲ့ ရောဂါတစ်မျိုး Aortic Dissection မှာလည်း ကျောအောင့်တတ်ပါတယ်။ ဆွေမျိုးသားချင်းတွေထဲမှာ သွေးကြောမရောဂါဖြစ်ပွားသူရှိဖူးရင် အရေးကြီးပါပြီ။ အမြန်ဆေးရုံပြသဖို့ လိုအပ်တတ်ပါတယ်။


ဗိုက်အောင့်ခြင်

          ဗိုက်အောင့်ဝေဒနာဟာ ခန့်မှန်းရခက်တဲ့ ဝေဒနာပါ။ ဒါပေမယ့် ခံစားရတဲ့ နေရာအပေါ်မူတည်ပြီး အကြမ်းဖျင်းတော့ သိနိုင်ပါတယ်။ ရင်ညွန့်နေရာမှာ အောင့်ရင်တော့ အစာအိမ်ရောဂါပါ။ အရပ်အခေါ်တော့ လေအောင့်တာလို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ မုန့်ချိုအိတ်ရောင်ခြင်းကြောင့်လည်း ဗိုက်အောင့်တတ်ပါတယ်။ အရေးကြီးတဲ့ရောဂါပါ။

          ဝမ်းဗိုက် အလယ်ပိုင်းလောက်မှာ အောင့်ရင် အူအတက်ရောင်တာဖြစ်တတ်သလို အူလမ်းကြောင်းတစ်နေရာကျဉ်းမြောင်းပိတ်ဆို့လို့ လေထိုးတာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အိမ်ထောင်ရှိခဲ့ရင် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic Pregnancy) ဖြစ်တတ်ပါသေးတယ်။

          ဝမ်းဗိုက်အောက်ပိုင်း ညာဘက်မှာ အောင့်ရင် အူအတက်ရောင်တာ ဖြစ်ဖို့ များပါတယ်။ အဆိုပါနေရာကို ခပ်ဖျော့ဖျော့ဖိပြီး ဇတ်ခနဲ ဖိထားတာ လွှတ်လိုက်ရင် ပိုပြီးပြင်းထန်စွာနာရင်တော့ အူအတက်ရောင်တာသေချာသလောက်ပါပဲ။ အူအတက်ရောင်ရုံသာမက ပြည်တည်ပေါက်ပြဲသွားရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ အမြန်ဆုံးခွဲစိတ် ဖယ်ရှားပစ်ရပါလိမ့်မယ်။


ခြေသလုံးနာကျင်ခြင်

          ပြင်းပြင်းထန်ထန်ခြေထောက်လှုပ်ရှားမယ်ဆိုရင် ခြေသလုံးတွေ နာကျင်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ အနည်းငယ် ရောင်နေသလို ဖြစ်နေတတ်ပါတယ်။ အကြောင်းရှိနေလို့ အကျိုးရလဒ်သဖွယ် ဖြစ်တဲ့အတွက် ပူပင်စရာ မရှိပါဘူး။ ဒါပေမယ့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ ခြေထောက်တစ်ဖက် ရောင်ဖောင်းနေမယ်။ နီနေမယ်။ နာကျင်နေမယ်ဆိုရင် ခြေထောက်သွေးပြန်ကြောမှာ သွေးခဲဆို့နေတာ ဖြစ်နိုင်ပါတယ်။     ခြေထောက် သွေးပြန်ကြောမှာ ပိတ်ဆို့နေတတ်တဲ့ သွေးခဲဟာ တစ်ခါတစ်ရံပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောငယ်တွေဆီ ရောက်ရှိ ပိတ်ဆို့သွားနိုင်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဝေဒနာဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုနည်းသူတွေ ခရီးအသွားများပြီး အထိုင်ကြာသူတွေမှာ ခြေထောက် သွေးပြန်ကြောအတွင်း သွေးခဲပိတ်ဆို့မှုရောဂါ ဖြစ်ပွားတတ်ပါတယ်။ အသက် ၆၀ ကျော်၊ ကိုယ်ဝန်ဆောင်၊ အဝလွန်သူနဲ့ သွေးကြောထုံးရောဂါရှိသူတွေမှာ ဖြစ်နိုင်ခြေ မြင့်မားတတ်ပါတယ်။

Credit : ဒေါက်တာ မြင့်သန်း(သန္ဓေသား)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18