Print

လေဖြတ်ခြင်းဆိုင်ရာအသိပညာများ

  28-Jul-2019
Preview Image

          ဦးနှောက်ဆဲလ်များကို ထောက်ပံ့နေသော သွေးလည်ပတ်မှု ချို့ယွင်းသွားခြင်းသည် ကမ္ဘာပေါ်တွင် လူများမသန်စွမ်းဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ လူသေရမှုအကြောင်းများတွင် စတုတ္ထမြောက် အဖြစ်များဆုံးလည်း ဖြစ်ပါသည်။ မိမိ၏ နှလုံးကျန်းမာအောင် စောင့်ရှောက်မှုများနှင့် နှလုံးရောဂါမှ ကာကွယ်ခြင်းတို့သည် ဦးနှောက်၏ စွမ်းရည်ကို ၎င်း၊ လေဖြတ်ခြင်းကို၎င်း ကာကွယ်ပါသည်။ ဘဝထဲတွင် ပါဝင်လှုပ်ရှားခြင်း (Keeping Active)၊ ကျန်းမာသော အစားအစာများစားသုံးခြင်း၊ ကျန်းမာစွာ နေထိုင်ခြင်း (Staying Fit) နှင့် ကျန်းမာရေးဆေးစစ်မှုများ ကြိုတင်ပြုလုပ်ခြင်းတို့သည် ဦးနှောက်နှင့် နှလုံးကို ကျန်းမာစေပါသည်။


          နှလုံးသွေးကြောပိတ်ခြင်းနှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပြတ်ခြင်းတို့၏ အခြေခံဖြစ်စဉ် (Process) မှ အတူတူ ပင်ဖြစ်သည်။ နှလုံးသွေးကြောပိတ်ခြင်းတွင် သာမန်လည်ပတ်နေသော သွေးကြောသည် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် အောက်ဆီဂျင်နှင့် အာဟာရ (သွေး) ထောက်ပံ့မှုရပ်သွားခြင်းဖြစ်သည်။ ထို့အတူ လေဖြတ်ရာ ဦးနှောက်ဆဲလ်များမှာ အောက်ဆီဂျင်နှင့် အာဟာရ (သွေး) ဖြတ်တောက်ခံရမှုကြောင့် ယင်းဖြတ်တောက်ခံရသော အစိတ်အပိုင်းမှာ ပျက်စီးပြီး သေဆုံးသွားကြသည်။


          ယခုအခါတွင် ယင်းကဲ့သို့ လေဖြတ်ခြင်းများမဖြစ်ရန် ကာကွယ်သောနည်းများ၊ စောင့်ရှောက်သောနည်းများ လေဖြတ်ခြင်းဖြစ်နိုင်ချေ ရှိမရှိကို စစ်ဆေးနိုင်သော ပိုမိုတိုးတက်သော အဆင့်မြင့် နည်းစနစ်များကို စဉ်ဆက်မပြတ် သုတေသနများ ပြုလုပ်လျက်ရှိပါသည်။

          ယင်းကဲ့သို့ စဉ်ဆက်မပြတ် သုတေသနများ ပြုလုပ်ခြင်းကြောင့် . . .

-       လေဖြတ်ခြင်း ဖြစ်နိုင်ချေ ရှိသူများကို စောစီးစွာ ဖော်ထုတ်နိုင်၍ မိမိကိုယ်ကို လေဖြတ်ခြင်းမဖြစ်ရန် ကာကွယ်စေနိုင်ခြင်း၊

-       လေဖြတ်ခြင်းကြောင့် ပျက်စီးသွားသော ဦးနှောက်ဆဲလ်များကို ပိုမိုတိုးတက်သော နည်းစနစ်များဖြင့် ပြုပြင်စေနိုင်ခြင်းနှင့် ကျန်ရှိသော ဦးနှောက်ဆဲလ်များ၏ စွမ်းရည်ကို မြှင့်တင်စေနိုင်ခြင်း

-       လေဖြတ်ခြင်းကြောင့် မသန်စွမ်းဖြစ်သွားသော သန်းပေါင်းမြောက်များစွာ လူသားများအား ပိုမိုကောင်းမွန်သော နည်းစနစ်များဖြင့် ပြန်လည်ထူထောင်ပေးနိုင်ခြင်းတို့ဖြင့် လူမှုဘဝထဲသို့ ပြန်လည်လှုပ်ရှားစေနိုင်မည်ဖြစ်ပါသည်။


ဦးနှောက်ဆဲလ်များမှာ နှလုံးဆဲလ်များထက် ပိုမို၍ ပျက်စီးလွယ်သည်ကို အထူးသတိပြုရန်လိုပါသည်။ ဦးနှောက်ဆဲလ်များသည် အစဉ်လှုပ်ရှားနေသော ပျားအုံကဲ့သို့ဖြစ်သည်။ လျှပ်စစ်နှင့်ဓာတ်ပြုမှုကြောင့်ဖြစ်ပေါ်လာသော လှိုင်းချက် (Signals) များကို တစ်စက္ကန့်တွင် ရာချီ၍ ပို့လွှတ်နေပါသည်။ ယင်းကြောင့် စွမ်းအင် အမြောက်အများကိုလည်း အသုံးပြုရပါသည်။ ဦးနှောက်၏ စွမ်းရည်မှာ ဆန်းကြယ်ရှုပ်ထွေးလှ၏။


          လူတစ်ယောက်လေဖြတ်သည်ကို သိသိချင်း၊ ပထမနာရီအနည်းငယ်အတွင်းဦးနှောက်ဆဲလ်များပျက်စီးမှု အနည်းဆုံးဖြစ်ရန်နှင့် အမြဲတမ်းကျန်ရစ်မည့်ရောဂါလက္ခဏာမရှိရန် ဆရာဝန်များက ဆောင်ရွက်နိုင်ပါသည်။ ဆေးဝါးဖြင့် သွေးခဲများပျော်စေခြင်း၊ ဖယ်ရှားဖြင်းနှင့် ပေါက်နေသော သွေးကြောများကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်ခြင်း စသည်တို့ကို ဆရာဝန်များက စွမ်းဆောင်နိုင်ပါသည်။ ဆေးသိပ္ပံပညာရှင်များကလည်း လူ၏ ခန္ဓာကိုယ်အပူချိန် များစွာလျှော့ချ၍ ဦးနှောက်ဆဲလ်များ ပျက်စီးမှုနှုန်းကို နှေးသွားစေရန် (Induced hypothermia) သုတေသနများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။


          ဦးနှောက်၏ မည်သည့် အစိတ်အပိုင်းမဆို လေဖြတ်ခြင်းကြောင့် ပျက်စီးနိုင်ပါသည်။ ယင်းကြောင့် အမြဲတမ်းရောဂါလက္ခဏာများ ကျန်ခဲ့တတ်ပါသည်။ ခန္ဓာကိုယ်၏ တစ်စိတ်တစ်ဒေသ (သို့မဟုတ်) တစ်ခြမ်း (သို့မဟုတ်) အားလုံးဖြတ်ခြင်း ဖြစ်နိုင်၏။ မှတ်ဉာဏ်နှင့် စဉ်းစားမှု အခက်အခဲဖြစ်နိုင်၏။ ခံစားမှုသော်လည်းကောင်း၊ နာကျင်မှုကိုသော်လည်းကောင်း၊ အခြားဆန်းပြားသော ခံစားမှုများကိုလည်းကောင်း မထိန်းသိမ်းနိုင်ခြင်းလည်း ဖြစ်၏။ ယင်းလက္ခဏာများကို သတိထားမိလျှင် ချက်ချင်းဆေးဝါးကုသမှုခံယူပါက ရောဂါလက္ခဏာသက်သာခြင်း (သို့မဟုတ်) လျှော့သွားခြင်း စသည့်အကျိုးများကို ရနိုင်ပါသည်။


          လေဖြတ်ခြင်းမဖြစ်ရန် ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါသည်။ အချို့သော အကြောင်းများမှာ တားဆီး၍မရပါ။ သို့သော် မိမိ၏အသက် (Age)၊ မျိုးရိုး (Genetics)၊ လူမျိုး (Race)၊ ကျား/မ (Gender) နှင့် နေထိုင်သော အရပ်တို့က လေဖြတ်ရခြင်း၏ အထောက်အပံ့များဖြစ်ပါသည်။

 

         အသက်ကြီးလာသည်နှင့်အမျှ လူ့ဘဝ၏ ပျော်ရွှင်မှုကို ဆုတ်ယုတ်စေသော အဓိကအကြောင်းတစ်ခုမှာ လေဖြတ်ခြင်းပင်ဖြစ်ပါသည်။ သို့သော် ရှောင်လွှဲလို့မရသော အကြောင်းတော့မဟုတ်ပါ။ မိမိကိုယ်ကို သွက်လက်မှုရှိနေစေရန် အချိန်မှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် ကိုထိန်းထားခြင်းနှင့် မျှတစွာ စားသောက်ခြင်းအားဖြင့် မိမိ၏ ကျန်ရှိသော အချိန်များကို ကျန်းမာဖျတ်လတ်စွာ ပျော်ရွှင်ပြည့်စုံစွာဖြင့် နေထိုင်နိုင်မှာ ဖြစ်ပါသည်။

Credit : ကေတီမြင့်

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18