Print

မွေးကင်းစကလေးငယ်၏ ဦးနှောက်ကို ထိခိုက်နိုင်သော အခြေအနေများ

  06-Jul-2019
Preview Image

          မွေးကင်းစကလေးတွေနဲ့ ပတ်သက်ရင် မိဘတွေရဲ့ စိတ်ထဲမှာ အမြဲစိုးရိမ်ပူပန်မှုဆိုတာ ရှိကြစမြဲဖြစ်ပါတယ်။ ကလေးတွေရဲ့ဦးနှောက်ဟာ မွေးပြီး နှစ်နှစ်အထိ ဆက်လက်ဖွံ့ဖြိုးနေဆဲဖြစ်လို့ ဦးနှောက်ကို ထိခိုက်မှာလားဆိုတာ အမြဲစဉ်းစားစရာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်ကို ထိခိုက်သွားခဲ့ရင် ဘဝတစ်လျှောက် ဆက်လက် ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်တွေပါ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေတွေဟာ ဦးနှောက်ကို ထိခိုက်သွားနိုင်သလဲ။ ဘာလက္ခဏာတွေရှိရင် ကလေးရဲ့ဦးနှောက်ကို ထိခိုက်တယ်လို့ ယူဆနိုင်သလဲ ဆိုတာ ပြောပြလိုပါတယ်။


          ပထမဆုံးကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထိခိုက်ရခြင်း အကြောင်းရင်းများ ရှိနိုင်ပါတယ်။ မိခင် ဖခင်မျိုးရိုး ဗီဇ မူမမှန်ခြင်း အသက်ကြီးမှ အိမ်ထောင်ကျခြင်းတို့ကြောင့် ပုံမှန်မဟုတ်သော ဖို မ မျိုးဥတို့ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ သုံးလမှာ အပြင်းဖျားခြင်း၊ ဖြစ်လေ့ဖြစ်ထရှိသော ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အရေပြားပေါ်တွင် အနီအစက်အပြောက်များ၊ အကွက်များပေါ်ပြီးမှ ဖျားခြင်း၊ ပထမသုံးလတွင် အစားလုံးဝ မစားနိုင်ခြင်းတွေဟာ ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ ဦးနှောက်ကို များစွာထိခိုက်သွားစေပါတယ်။


          ကိုယ်ဝန်ဆောင်စဉ် အလွန်သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ် တက်သော ရောဂါဖြစ်ခြင်း၊ သွေးလွန်သော ပမာဏများပြားခြင်း၊ သွေးပေါင်ချိန် သိသာစွာ လျော့နည်း ကျဆင်းခြင်းတွေဟာလည်း ချက်တိုင် သွေးကြောမှတစ်ဆင့် ကလေးကိုယ်ထဲ လှည့်လည်သော သွေးဖိအားကျဆင်းခြင်းကြောင့် ကလေးရဲ့ ဦးနှောက်ထဲ သွေးရောက်နည်းပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ တခြား အန္တရာယ်ရှိတဲ့ အကြောင်းတွေထဲမှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေသော မိခင်သောက်သည့် ဆေးဝါးများ မကြာခဏ ဓာတ်ရောင်ခြည် ဖြတ်သန်း စစ်ဆေးခံရမှုများ၊ ခဲဆိပ်သင့်ခြင်းများ စသည်တို့ ပါဝင်ပါသည်။ ဒီလိုပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ သန္ဓေသားဟာ မွေးကတည်းက ဦးခေါင်းအရွယ်အစား သေးငယ်ခြင်း၊ လှုပ်ရှားနေထိုင်မှု မူမမှန်ခြင်း၊ မကြာခဏ တက်ခြင်း စသည်ဖြင့် သတိပြုမိစရာ လက္ခဏာများ ရှိပါတယ်။


          မွေးဖွားစဉ်ကာလ အောက်ဆီဂျင် ဦးနှောက်တွင်းသို့ အရောက်နည်းခြင်းဟာလည်း ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်။ မွေးပြီးပြီးချင်း အောက်ဆီဂျင် လုံလောက်စွာရရှိပြီး အသက်ကို ပုံမှန်ရှူနိုင်ဖို့ဟာ အလွန်အရေးကြီးလို့ ကလေးမွေးတဲ့အချိန်ဟာ လိုအပ်တဲ့အခြေအနေ တချို့ဟာ ကလေးအထူးကုဆရာဝန်များ ကိုယ်တိုင် ကလေးထွက်လာလာချင်း ပြုစုပေးနေကြတာဖြစ်ပါတယ်။ ကလေးအထူးကုဆရာဝန်များ လိုမလိုဆိုတာ သားဖွားမီးယပ်ဆရာဝန်များက ဆုံးဖြတ်ပေးနိုင်တဲ့ အခြေအနေ၊ မွေးဖွားစဉ်တာဝန် ယူသူများက ဆုံးဖြတ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ မွေးဖွားရန် ခက်ခဲနိုင်သော ကလေးများ ကိုယ်ဝန်ဆိပ်တက်ပြီး မွေးသောကလေးများ၊ ဖွံ့ဖြိုးမှု မှုမမှန်သော ကလေးများကို မွေးပြီးပြီးချင်း ချက်ချင်း ပြုစုပေးပါမှ လျင်မြန်စွာ အသက်ရှူပြီး ဦးနှောက်အတွင်း အောက်ဆီဂျင်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီပထမ ဆယ်မိနစ်မှာ တစ်စုံတစ်ခုထိခိုက်မိတဲ့ မွေးကင်းစဟာ ပုံမှန်ထက် ဂဏှာမငြိမ်ဖြစ်တာ၊ ဒါမှမဟုတ် အလွန်ငြိမ်သက်လွန်းတာ ဖြစ်နိုင်ပါတယ်။ ကလေးငယ်ဟာ ပျော့ခွေနေတတ်ပြီး နို့မစို့နိုင်ဘဲ ဖြစ်တတ်ပါတယ်။ အသက်ရှူရာမှာလည်း နှေးသွားနိုင်ပါတယ်။ ဒါ့အပြင် ဆီးထွက်နည်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း စတဲ့လက္ခဏာများလည်း ဖြစ်နိုင်ပြီး အထူးကြပ်မတ်ပြီး ထောင့်ပေါင်းစုံက ပြန်လည်ကုသမှ ရှင်သန်လို့ ရတဲ့ကလေးဖြစ်ပါတယ်။ ဒီလိုမဖြစ်ဖို့ ကိုယ်ဝန်စောင့်ရှောက်ခြင်းကို အထူးအလေးထား ဆောင်ရွက်ရသလို မွေးဖွားစဉ်ကာလ အမှားအယွင်းမရှိရအောင် အထူးသတိရှိကြဖို့ လိုပါတယ်။ မွေးဖွားပြီးစဉ်မှာလည်း စနစ်တကျ စောင့်ကြည့် ပြုစုကုသဖို့ လိုပါတယ်။


          မွေးဖွားလာသော ကလေးများမှာ အသက်ရှူနိုင်ရန် အဆုတ်အားမပြည့်ခြင်းကြောင့် သွေးထဲမှ အောက်ဆီဂျင်ကျသွားခြင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်။


          ၃၆ ပတ်ထက် စောပြီး မမွေးခြင်းဟာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ ဒါဟာလည်း ကိုယ်ဝန်စောင့်ရှောက်မှုကောင်းခြင်း၊ ဆောင်ရန်ရှောင်ရန်များကို စနစ်တကျလိုက်နာဆောင်ရွက်တဲ့ အခြေအနေတွေရှိဖို့လိုပါတယ်။ တားဆီးမရလို့ စောပြီးမွေးလိုက်ရတဲ့ ကလေးမှာ အဆုတ်မှ အသက်ရှူရန် အဆင်မပြေပါက အသက်ရှူနှုန်းမြန်ခြင်း၊ အားစိုက်စွာ အသက်ရှူရသဖြင့် ရင်ဘတ်ချိုင့်ဝင်ခြင်း၊ မောသံညည်းသံကြားရခြင်း၊ သွေးထဲရှိ အောက်ဆီဂျင် ရာခိုင်နှုန်း ၉၄ ရာခိုင်နှုန်းထက် နည်းသွားခြင်းတို့ကို စတင်တွေ့ရှိရပါတယ်။ ပြာနှမ်းသွားပြီး အသက်ရှူတာပါ နှေးသွားမှ သတိပြုမိခြင်းဟာ အလွန် နောက်ကျတဲ့ အခြေအနေဖြစ်ပြီး ဦးနှောက်ကိုလည်း များစွာ ထိခိုက်သွားနိုင်တဲ့ အနေအထားဆိုတာ သတိပြုစေချင်ပါတယ်။ ဒါကြောင့် မွေးကင်းစတွေကို စိတ်မချရင် အထူးကြပ်မတ် ကုသဆောင်မှာ ခေါ်ယူပြီး စနစ်တကျ စောင့်ကြည့်ပြီး လိုအပ်ပါက အောက်ဆီဂျင် ချက်ချင်းပေးပြီး ကုသတာ ဖြစ်ပါတယ်။ အဆုတ်ကို ဖိအားပေး၍ အသက်ရှု အားကူသော နည်းလမ်းများပါ သုံးပြီး သွေးထဲမှ အောက်ဆီဂျင်ပမာဏကို ချက်ချင်းဖြည့်တင်း မြှင့်တင်ပေးခြင်းများကို ပြုလုပ်ကြရပါတယ်။ ဒါမှ ဦးနှောက်ဖွံ့ဖြိုးမှုကို မထိခိုက်မှာ ဖြစ်ပါတယ်။

 

         နောက်တစ်မျိုးကတော့ မွေးကင်းစမှာ ရောဂါပိုးပါလာခြင်းကြောင့် ဦးနှောက်တွင်းထိပါ ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာကတော့ အဖျားတက်တာ၊ ဒါမှမဟုတ် ကိုယ်ပူချိန် ပုံမှန်အောက် ကျဆင်းတာ နှစ်မျိုးလုံး ရှိပါတယ်။ ဒါ့အပြင် အရေပြားအောက် သွေးစလေးတွေ စိမ့်ထွက်တာ၊ ပြာနှမ်းတာ၊ နှလုံးခုန် မြန်တာ၊ ပျော့ခွေနေတာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ ဖြူဖွေးသွားတာ၊ သွေးအားနည်းတာ၊ အသားဝါတာ စသည်ဖြင့် ထွေပြားများပြားသော လက္ခဏာပေါင်းစုံပြတတ်ပါတယ်။ သတိလစ်မှ၊ ဆက်တိုက်အန်မှ၊ ငယ်ထိပ်ဖောင်းမှ သိရင်တော့ ဦးနှောက်ဖုံး အမြှေးပါးပါ ရောင်ရမ်းသွားပြီ ဖြစ်ပါတယ်။ ဆီး၊ သွေး၊ ခါးရိုးကြားမှ ဖောက်သော ဦးနှောက်တွင်းရည်ကြည်တို့မှာ ပိုးပါမပါ သေချာစစ်ဆေးရပါမည်။ ဦးနှောက်တွင်း ထိခိုက်ပျက်စီးမှုကို သေချာစက်နဲ့ ပုံဖော်စစ်ဆေးရပါမယ်။ အကြောဆေး၊ ပိုးသတ်ဆေးကို နှစ်ပတ်မှ သုံးပတ် ထိကြာမြင့်စွာ လုံလုံလောက်လောက်ပေးပြီး ကုသရပါမယ်။ ဦးခေါင်းအရွယ်နဲ့ အနေအထား၊ အာရုံကြောကြွက်သားတွေရဲ့ လုံလောက်စွာ လှုပ်ရှားမှုရှိမရှိစောင့်ကြည့်ပြီးမှ ဦးနှောက်ရဲ့ ထိခိုက်မှုဖြင့် ပြင်းထန်ပုံကို ဆုံးဖြတ်နိုင်ပါတယ်။


          အခြားသော မွေးကင်းစ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုင်နိုင်သော အကြောင်းတွေထဲမှာ ဦးနှောက်ဆဲလ်များအလုပ်လုပ်နိုင်ရန် လိုအပ်သော သကြားဓာတ်လျော့နည်းခြင်း၊ နို့ရည်မဝင်ခြင်း၊ နို့မစို့နိုင်ခြင်း၊ နို့စို့ရန် အဆင်သင့် မဖြစ်ခြင်းကိုလည်း သတိပြုစေလိုပါသည်။ စောမွေးသော ကလေး၊ ပေါင်ချိန်မပြည့်သော ကလေး၊ ဆီးချိုရှိသော မိခင်၏ကလေး၊ မွေးရန်ခက်ခဲသော ကလေးတို့မှာ အထူးဂရုစိုက် ရပါတယ်။ သွေးထဲမှာ သကြားဓာတ်ကို လက်ထိပ်မှ သွေးတစ်စက်ဖြင့် စမ်းသပ်ပြီး ပမာဏ ၂.၅မီလီမိုး ထက်ကျော်သည်ဟု စက်မှ ပြသပါက စိတ်အေးနိုင်ပါသည်။ သို့သော် မကြာခဏ နို့တိုက်ပေးခြင်း ပြုလုပ်ပေးရပါမယ်။ ခြေလက် တဆတ်ဆတ် တုန်ချင်သလို ဖြစ်ခြင်း၊ တက်ခြင်း၊ ငြိမ်ကျခြင်း ရှိမရှိ စောင့်ကြည့်ရန်လည်း လိုပါတယ်။

 

         ဦးနှောက်ကို ထိခိုက်စေသော ဘီလီရှုဘင်ဓာတ် ပိုလျှံသည့် ပြင်းထန်စွာ အသားဝါခြင်းကိုလည်း ရှိမရှိ စောင့်ကြည့် ရပါတယ်။ အလင်းရောင်မူကွဲ အပြာရောင် မီးချောင်းများဖြင့် ချက်ချင်း ပြသကုသရပါတယ်။ ဒီအခြေအနေမှာ လိုအပ်ပါက သွေးလဲပြီး ကုသဖို့လည်း လိုပါတယ်။ အသားဝါမှုများပြားခြင်း၊ ရုတ်တရက်လျှင်မြန်စွာ သိသိသာသာ ဝါလာရုံမက နို့မစို့သောကလေး၊ ဆီးထွက်နည်းသောကလေး၊ တက်ချင်သလိုဖြစ်သောကလေး၊ ဆက်တိုက်ငိုသောကလေး၊ တောင့်တင်းလာသောကလေးတို့မှာ ဦးနှောက်ကို ထိခိုက်သွားနိုင်ခြေရှိပါတယ်။


          ဦးနှောက်တွင်း သွေးယိုထွက်မှု ရှိသော ကလေးတွေမှာ ဦးနှောက်ကို ထိခိုက်မှု ရှိနိုင်ပါတယ်။ လမစေ့ စောမွေးသောကလေး၊ မွေးဖွားရန် ခက်ခဲသောကလေး၊ မွေးဖွားစဉ် ဒဏ်ရာပြင်းထန်စွာ ရသောကလေးတွေမှာ ဒီအချက်ကို အထူးဂရုစိုက်ပြီး ရှိမရှိ စမ်းသပ်စစ်ဆေး ပေးဖို့ လိုပါတယ်။


          မွေးကင်းစကလေး ကျန်းမာဖွံ့ဖြိုးစွာ ရှင်သန်နိုင်ဖို့ဆိုရင် ဖော်ပြခဲ့တဲ့ အရေးကြီးတဲ့အချက်တွေကို သေချာဂရုစိုက်စောင့်ကြည့်၊ ပြုစုပေးဖို့ လိုပါတယ်။ မွေးကင်းစကလေးရဲ့ ဦးနှောက်မှာ ထိခိုက်မှု သေးသေးလေး တစ်နေရာဟာ ဘဝတစ်လျှောက်မှာ ကြီးမားတဲ့ ဒဏ်ရာအဖြစ် ကျန်သွားနိုင်လို့ မွေးကင်းစပြုစုသူများဟာ အမြဲအသေးစိတ် စောင့်ကြည့် ပြုစုပေးနေကြရတာလည်း ဖြစ်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာ ကေသီထွန်း(ကလေးအထူးကုဆရာဝန်ကြီး) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18