Print

မြွေအကိုက်ခံရလျှင် အချိန်မီအသက်ကယ်နိုင်ရန် ဒါတွေလုပ်ဆောင်ပေးပါ

  30-Oct-2016
Preview Image

(၁) လူနာကိုစိတ်အေးအေးထားဖို့ ပြောပါ။ ငါတို့ဆေးရုံသိ့ု အချိန်မီပို့ပေးပါ့မယ် စသဖြင့် အားပေးစကားပြောပါ။

(၂) မြွေကိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို မလှုပ်ရှားနိုင်အောင် လုပ်ပေးထားပါ။ လှုပ်လှုပ်ရှားရှားလုပ်ခြင်းဖြင့်သွေးလည်ပတ်မှုပိုမြန်ပြီး ခန္ဓာကိုယ်တွင်း အဆိပ်ပျ့ံနှုန်း ပိုမြန်စေသည်။

(၃) ဆွဲကြိုး၊ လက်ကောက်စသည်တို့ဝတ်ထားပါက ချွတ်ထားပေးပါ။ အဝတ်အစားများ တင်းကျပ်နေပါက ဖြေလျှော့ပေးပါ။

(၄) လူနာကိုလှဲထားပါ။ သို့သော် ကိုယ်အထက်ပိုင်း သည် မြွေကိုက်ခံရသောနေရာထက် မြင့်နေပါစေ။

(၅) ရေ၊ ဆပ်ပြာတို့ဖြင့် မြွေကိုက်ခံရသောနေရာကို ဆေးကြောပေးပါ။

(၆) မြွေကိုက်ခံရသည့်နေရာသို့ ပတ်တီးစည်းပေးထားပါ။ ထိုသို့ပတ်တီးစည်းပေးခြင်းဖြင့် ထိုနေရာမှ သွေးများ အခြားနေရာသို့ စီးဆင်းမှုကို နှေးသွားစေသည်။

(၇) မြွေဟောက်၊ ငန်းတော်ကြားစသောမြွေများအကိုက်ခံရပါက ဒဏ်ရာရသော ခန္ဓာကိုယ် အစိတ ်အပိုင်းကို လှုပ်ရှားမှု နည်းစေရန် သစ်သားပြား သို့မဟုတ် ကတ်ထူစက္ကူအမာပြားတို့၏ အကူအညီဖြင့် ပတ်တီး ခပ်တင်းတင်းစည်းပေးပါ။ သို့သော် အရမ်းမတင်းပါစေနှင့်။ ပတ်တီး အတွင်း လက်ညှိုးထိုးထည့် ကြည့်လိုက်ပါ။ ခပ်တင်းတင်းဖြစ်နေလျှင် ရပါပြီ။သို့သော် လည်း မြွေပွေးအကိုက်ခံရလျှင်မူ ဤကဲ့သို့စည်းခြင်းဖြင့် အခြေအနေကို ပိုဆိုးစေသည်ဟု ဆိုပါသည်။ မြွေပွေးကိုက်ခံရလျှင် သန့်ရှင်းသော အဝတ်ပါးစကို အပြား လက်လေးသစ်ခန့်ခေါက်၍ ဒဏ်ရာပေါ်တွင် ခပ်ဖွဖွစည်းပေး ထားပါ။

(၈) လူနာအား ငြိမ်ငြိမ်သက်သက် ထားပါ။

(၉) ဆေးရုံပို့ရန် အမြန်ဆုံးစီစဉ်ပါ။

(၁၀) လူနာအား ဆေးရုံပို့လျှင် လှည်းဖြင့်မပို့ပါနှင့်။ လူထမ်းစင်မှာ လှည်းထက်ပိုမိုငြိမ်သက်သဖြင့် ထမ်းစင်ဖြင့် ပို့သင့်ပါသည်။

၁။ လူနာကိုသာဂရုစိုက်ပါ။ မြွေကိုလိုက်ရှာရိုက်သတ်ခြင်းဖြင့် အချိန်ကုန်မခံပါနှင့်။ ယခုခေတ်ပေါ်ဆေးများမှာ မည်သည့်မြွေမဆို ထိုး၍ရသော ဆေးများဖြစ်သဖြင့် မြွေကို ဆေးရုံသို့ယူသွားရန် မလိုပါ။ (ယူနိုင်လျှင်တော့ပိုကောင်းပါသည်)

၂။ ယခင်ကမူ ခြေထောက်အောက်ပိုင်းတွင် မြွေကိုက်ခံရပါက ပေါင်

အရင်းကို တင်းတင်း ကြပ်ကြပ် စည်းရန်ယူဆခဲ့ကြပါသည်။ ခန္ဓာကိုယ်အထက်ပိုင်းသို့ သွေးမရေက်စေရန် ဖြစ်သည်။ သို့သော် ဤနည်းမှာ အလွန်လွဲမှားသည့်နည်းဖြစ်၏။ ပေါင်ကို ပတ်တီးတင်းတင်း စည်းလိုက်ခြင်း ဖြင့် နှလုံးမှလွှတ်လိုက်သောသွေးများ ခြေအောက်ပိုင်းသို့ မရောက်နိုင် တော့ချေ။ ဤအတိုင်းသာမိနစ်၄၀ခန့် သွေးမရောက်လျှင်ခြေအောက်ပိုင်း ပုပ်သွားတတ်သည်။

၃။ မြွေကိုက်သည့်နေရာသို့ ဓားဖြင့်ခွဲပြီး မြွေဆိပ်စုပ်ထုတ်ခြင်း၊ မီးကင်ခြင်း၊ ပါးစပ်ဖြင့်စုပ်ခြင်း စသည်တို့ ဘာမှ မလုပ်ပါနှင့်။

၄။ လူနာကို အရက်တိုက်ခြင်း၊ အခြားအရည်များတိုက်ခြင်း မပြုပါနှင့်။

၅။ မြွေကိုက်ခံရခြင်း ဖြစ်ပေါ်လာပါက ယင်းမြွေဆိပ်သည် ခန္ဓာကိုယ်ထဲသို့ မပြန့်နှံ့သွား နိုင်ရန်အတွက် မိမိ၏ ခြေထောက်အား မိမိကိုယ်တိုင် ကိုင်းခုတ် ဓါးဖြင့် ခုတ်ပစ်ခြင်းများကိုလည်း ပြုလုပ် နေကြကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် မြွေဆိပ်သည် ခန္ဓာကိုယ် အတွင်းသို့ ပြန့်နှံ့ဆဲ ပြန့်နှံ့ကာ ထိုလူနာ သည်လည်း ခြေထောက်ပိုင်း ဖြတ်လိုက်မှုကြောင့် သွေးလွန်၍ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပြန်သည်။ ထိုသို့ မပြုလုပ်ပါနှင့်။

ကျန်းမာရေးဝန်ကြီးဌာန၏ မြွေကိုက်မှုအန္တရာယ် သတိပေးနှိုးဆော်ချက်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18