Print

ကလေးနှင့်အဆိပ်

  03-Jun-2019
Preview Image

ကလေးများသည် အဆိပ်မျိုးစုံ၏ အကျိုးဆက်ကို နည်းမျိုးစုံဖြင့် ခံစားနေကြရပါသည်။ ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်နှင့်အညီ ကလေးများ အဆိပ်သင့်ပုံသင့်နည်းသည်လည်း တိုးတက်လာသည်ကို တွေ့ရှိရပါသည်။

          ကလေးများ အဆိပ်သင့်မှုသည် မတော်မဆ အဆိပ်သင့်မှုနှင့် မတော်တဆမဟုတ်သော အဆိပ်သင့်မှုဟူ၍ နှစ်မျိုးရှိပါသည်။


အသက်အရွယ်အားဖြင့်

          မတော်တဆ အဆိပ်သင့်မှုသည် အသက်ငါးနှစ်အောက် အရွယ်ကလေးများတွင် အဖြစ်များပါသည်။ ကလေးကြီးများတွင်မှုကား ဉာဏ်ရည်ဉာာဏ်သွေးဖွံ့ဖြိုးမှု နှေးကွေးသောကလေးများတွင် အများအားဖြင့် တွေ့ရှိရတတ်ပါသည်။ အများဆုံးဖြစ်တတ်သော အသက်အပိုင်းအခြားသည် အသက်တစ်နှစ်နှင့် လေးနှစ်အကြားအရွယ်တွင် ဖြစ်တတ်ပါသည်။ ယောက်ျားလေးများသည် မိန်းကလေးများထက် ဖြစ်ပွားမှုနှုန်း ပို၍ များတတ်ပါသည်။


မတော်မဆ အဆိပ်သင့်ရာတွင်

          အသက်နှစ်နှစ်အောက် ကလေးများသည် မည်သည့် အရာဝတ္ထုကိုမဆို ပါးစပ်တွင်းသို့ ထည့်လေ့ရှိပါသည်။ အထူးသဖြင့် ဆေးလုံး၊ ဆေးပြားအမျိုးမျိုး၊ အိမ်သုံးပစ္စည်း အမျိုးမျိုးနှင့် သစ်ပင်မှ အရွက်၊ အသီးအမျိုးမျိုးတို့ကို ပါးစပ်ထဲ ထည့်တတ်ကြပါသည်။ အရောင်လှလှ၊ ပုံသဏ္ဌာန် ဆန်းဆန်းပစ္စည်းလေးများက ကလေးအား လက်ယပ်ခေါ်နေဘိသကဲ့သို့ ရှိနေပါသည်။

          ကလေးများ၏ ကုသိုလ်ကံထူးသည်မှာ ကလေးများ စားသောက်မိသော အဆိပ်အများစုသည် အန္တရာယ် ကြီးမားသော လက္ခဏာများ မပြခြင်းပင် ဖြစ်ပါသည်။ ဆေးအချို့ကို စားမိကြသော်လည်း ပမာဏ အနည်းငယ်သာ စားမိကြသောကြောင့်လည်းကောင်း၊ ဆေးများမှာလည်း အများအားဖြင့် အဆိပ်အားမပြင်းကြသောကြောင့်လည်းကောင်း၊ ကြီးမားသော အဆိပ်သင့်ခြင်းကို ခံစားရခြင်းမရှိကြပါ။ ကလေးများ စားသောက်မိသော အိမ်သုံးပစ္စည်းများသည်လည်း လွန်စွာဒုက္ခပေးနိုင်သည့် သဘောမရှိပါ။

          သို့ရာတွင် အရောက်ချွတ်ဆေး၊ အဝတ်လျှော်မှုန့် စသည်တို့သည်ကား ဘေးထွက်ဆိုးကျိုးများလှပါသည်။ အရက်ပြန်၊ ရေနံဆီ၊ ဓာတ်ဆီစသည်တို့ကို သောက်မိခြင်း သို့မဟုတ် တိုက်မိခြင်းတို့ကြောင့် အဆုတ်ရောင်ခြင်းမှာ အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိသော အဆိပ်သင့်ခြင်းပင် ဖြစ်ပါသည်။ အချို့ကလေးများသည် သစ်ပင်၏ အရွက်၊ ပန်းပွင့်တို့ကို စားကြည့် ၊ ဝါးကြည့်၍ စူးစမ်းတတ်ကြပါသည်။


ဘာကြောင့်လဲ

          စင်စစ် အဆိပ်ဖြစ်စေသော အရာများ ပတ်ဝန်းကျင်တွင်ရှိနေခြင်း၊ မရှိနေခြင်းသည် ကလေးအဆိပ်သင့်ရန် အဓိက အချက်မဟုတ်ကြောင်း တွေ့ရှိရပါသည်။ မိသားစု၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် အပြုအမူ သဘောသဘာဝများ၊ ဥပမာ ကလေးသည် ဦးနှောက်နှင့် အာရုံကြောပြဿနာအခြေခံပြီး အာရုံစူးစိုက်မှု အလွန်အားနည်းပြီး သဘာဝထက် လွန်ကဲသော လှုပ်ရှားမှုများ အစဉ်ပြုလုပ်နေသူဟုဆိုလျှင် ကလေးအဆိပ်သင့်မှုနှုန်း သည်ပိုမို၍ များပြားမည်းဖြစ်ပါသည်။


(၁) ကလေးနှင့် အန္တရာယ်ရှိသော ဆေးများမှာ . . .

ချောင်းဆိုးပျောက်ဆေးများ

          ချောင်းဆိုးပျောက်ဆေးများသည် အချို့ကလေးများ အလွန်နှစ်သက်ကြသည်။ လူကြီးအလစ်တွင် ပုလင်းဆို ပုလင်းလိုက်မော့သောက်ကြသည်။ ဆေးပမာဏအနည်းငယ် များသွားရုံဆိုလျှင် လွန်စွာစိုးရိမ်ရခြင်းမရှိဘဲ အိပ်ငိုက်ခြင်း၊ ကြာရှည်စွာ အိပ်ခြင်း၊ ရေငတ်ခြင်း စသည်မျှဖြင့် ပြီးစီးသွားတတ်သည်။ ကိုဒင်း (Codeine) ပါသော ချောင်းဆိုးပျောက်ဆေးများမှာ မူကား လိုအပ်သည့် ပမာဏထက် များပြားစွာ သောက်မိလျှင် သတိလစ်သည့် အဆင့်သို့ ရောက်သွားနိုင်သဖြင့် အရေးပေါ် ကုသရန် လိုအပ်ပါသည်။


ဝမ်းနှုတ်ဆေးများ

          ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါသည်။ ဓာတ်ဆားချို့တဲ့သော လက္ခဏာများရှိပါလျှင် ဓာတ်ဆားများ အလျှင်အမြန်ပြန်၍ ဖြည့်ရပါမည်။

 

ပါရာစီတမော

          ကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေးသဘောဖြင့် အလွန်တွင်ကျယ်စွာ အသုံးပြုနေကြသော ပါရာစီတမောသည် ကလေးများအတွက် လွန်စွာအရသာရှိသည့် Capol, Biogesic, Progesic အစရှိသည်ဖြင့် တင်သွင်းကြသည်။ ကလေးများ မော့သောက်လေ့ရှိကြသည်။ ပုလင်းတစ်ပုလင်းတွင် ပါဝင်သော ပမာဏသည် ပုလင်းငယ်ဖြစ်ခဲ့လျှင် အန္တရာယ်မများလှသော်လည်း ပုလင်းကြီးဖြစ်ခဲ့လျှင် အထူးသတိပြုရမည်ဖြစ်ပါသည်။ အသည်းကို ထိခိုက်နိုင်သော ဆေးဖြစ်သဖြင့် လိုအပ်သည်ထက် ပို၍ မသောက်လျှင် အန္တရာယ်အကင်းဆုံးသာ ဖြစ်ပါသည်။


(၂) ကြောက်မက်ဖွယ် အဆိပ်သင့်စေသော ဆေးများမှာ

          စိတ်ငြိမ်ဆေး၊ အိပ်ဆေးများဖြစ်သည့် ဖီနိုဘာဘီတုန်း၊ ဒိုင်အစီပန် (Diazepam) စသော ဆေးများဖြစ်သည်။ အိပ်လွန်းခြင်း၊ သတိလစ်ခြင်းတို့အပြင် ကလေးငယ်များတွင် အသက်ရှုခြင်းကို ထိခိုက်စေပါသည်။ (Respiratory depression)။

 

Credit : ဒေါက်တာ ယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18