Print

တီတီတာတာလေးတွေ အပူလောင်တဲ့အခါ

  27-May-2019
Preview Image

          လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေနဲ့ စူးစမ်းလိုစိတ်ပြင်းထန်တဲ့အရွယ် (၂-၈ နှစ်အောက်) ကလေးငယ်တွေဟာ ကစားရင်း၊ သွားရင်းလာရင်း အိမ်တွင်းမှာရော အပြင်မှာပါ မကြာခဏအပူလောင်လေ့ ရှိပါတယ်။ အထူးသဖြင့် ရေနွေးပူလောင်တာဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ပြဿနာမို့ အရေပြားအပူလောင်တာဟာ ပြင်းထန်ဆိုးရွားပြီး ခံရခက်တဲ့ဝေဒနာပါ။ ကလေးငယ်လည်း မသက်သာသလို ကလေးမိဘတွေလည်း စိတ်မချမ်းသာစရာအဖြစ်ရယ်ပါ။ အရေပြားအပူလောင်တာကနေ အနာရွတ် ထင်ကျန်တာကနေ အရေပြားပိုးဝင်နာဖြစ်တာ၊ အသက်အန္တရာယ်ထိခိုက်တာတွေထိပါ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီတော့ အရာရာသိချင်၊ တတ်ချင်၊ စပ်စုချင်တဲ့အရွယ် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ကလေးငယ်တွေ ကလေးငယ်တွေ အိမ်တွင်းမှာ ဘေးကင်းလုံခြုံမှုရှိနေအောင်နဲ့ အရေပြားအပူလောင်လာရင် ရှေးဦးပြုစုရမယ့် အချက်လေးတွေကို အသိပညာပေးမျှဝေလိုပါတယ်။

 

အရေပြားအပူလောင်ခြင်း အများစု

          ကလေးငယ်တွေ အရေပြားအပူလောင်ရတဲ့ အကြောင်းရင်းတွေထဲမှာ အများဆုံးက ရေနွေးပူလောင်တာနဲ့ အပူရည် (ဟင်းရည်၊ စွပ်ပြုတ်ရည်) လောင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ခြင်ဆေးခွေမီးလောင်တာနဲ့ မီးလင်းဖို (ထင်းမီးဖို) ကနေ အပူလောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါက တောက်တောက်လျှောက်သွားတတ်တဲ့ အရွယ်ကလေးငယ်တွေဟာ လင်းထိန်တဲ့အရာနဲ့ ရဲရဲတောက်အရောင်တွေကို စူးစမ်းလေ့လာလိုစိတ်ကြောင့် ခြင်ဆေးမီးကို ကိုင်လိုက်တာ၊ ဖယောင်းတိုင်မီးကို ကိုင်လိုက်တာမျိုးတွေကြောင့် ဖြစ်ရတာပါပဲ။ နောက်ထပ်အပူလောင်စေတဲ့အကြောင်းရင်းက ဓာတုပစ္စည်းတွေ ထိကိုင်မိတာနဲ့ ဖိတ်စင်ရာက အပူလောင်တာမျိုးရှိသလို လျှပ်စစ်ပစ္စည်းတွေကို လက်နဲ့ ထိ၊ နှိုက်၊ ကိုင်မိရာက ဖြစ်တတ်ပါသေးတယ်။ ဒါကတော့ အဖြစ်နည်းပေမဲ့ အန္တရာယ်လည်း အလွန်ကြီးမားပါတယ်။

 

ရေနွေးပူ (အပူရည်) လောင်ခဲ့ရင်

          ကလေးငယ်တွေရဲ့ အရေပြားတွေဟာ ပါးလွှာပြီး အလွန်နူးညံ့တာမို့ လူကြီးတွေထက်ပိုပြီး အပူလောင်လွယ်ပါတယ်။ ပြီးတော့ ကလေးတွေမှာ ရေနွေးပူ (အပူရည်) လောင်တာဟာ အခြားသောအပူလောင်ခြင်းထက် ပိုပြီး အဖြစ်များတတ်ပါတယ်။ ရေနွေးပူလောင်တာဟာ အများအားဖြင့် အပေါ်ယံအရေပြားလွှာလောင်ကျွမ်းခြင်း (First degree brun) လောက်သာ ဖြစ်စေပေမဲ့ ကလေးငယ်တွေမှာ ပြင်းထန်ဆိုးရွားတဲ့အဆင့် (Severe burn) အထိလည်း ဖြစ်နိုင်တာမို့ အထူးဂရုပြုသင့်ပါတယ်။ လမ်းလျှောက်တတ်စ ကလေးငယ်တွေနဲ့ အဆော့သန်တဲ့အရွယ် ကလေးငယ်တွေမှာ စားပွဲပေါ်တင်ထားတဲ့ ရေနွေးအိုး၊ ရေနွေးဓာတ်ဘူးတွေကို ဆွဲချမိလို့ ဒါမှမဟုတ် လူကြီးတွေ လက်ထဲက ရေနွေးခွက်၊ ဟင်းရည်ပူပန်းကန်တွေကို ဆွဲချမိလို့ ရေနွေးပူ (အပူရည်) လောင်လေ့ရှိပါတယ်။


          ရေနွေးပူလောင်တာ သိပ်မပြင်းဘူး (Minor burn) ဆိုရင် အရေပြားအပေါ်ယံလွှာပဲ ပျက်စီးနိုင်ပါတယ်။ ဒါပေမဲ့ ရေနွေးပူလောင်တဲ့အခါ စပ်ဖျဉ်းဖျဉ်းနဲ့ အရမ်းနာကျင်တဲ့ဝေဒနာကို ခံစားရပါတယ်။ အရေပြားဟာ နီရဲနေတတ်ပါတယ်။ အပူလောင်တာ သိပ်မပြင်းရင်၊ သိပ်မများရင်တော့ တစ်ပတ်အတွင်း အနာပြန်ကျက်နိုင်ပြီး အနာရွတ်လည်း မကျန်နိုင်ပါဘူး။ ဒါပေမဲ့ ရေနွေးပူလောင်တာများသွားရင်တော့ အရည်ကြည်ဖုကြီးတွေထပြီး ရေနွေးပူလောင်လောင်ချင်း ဝတ်ထားတဲ့အင်္ကျ ီကို ဖျတ်ခနဲ ဆွဲလှန်၊ ဆွဲခွာလိုက်မိရင် အပေါ်ယံအရေပြားလွှာ ကွာထွက်ပြီး အရေပြားဟာ ရောင်ရမ်းနီရဲလာတတ်ပါတယ်။ ဒီလိုဆိုရင် အပူလောင်နာပျောက်ဖို့ ၁ ပတ်ကနေ ၃ ပတ်အထိ ကြာတတ်ပြီး အနာရွတ်ကျန်ရင်ကျန်၊ မကျန်ရင် အရေပြားအရောင် ပြောင်းသွားတတ်ပါတယ်။


          ဒါကြောင့် ရေနွေးပူလောင်ပြီးရင် အဝတ်၊ အင်္ကျ ီတွေကို ချက်ချင်းဆွဲမခွာပါနဲ့။ အပူလောင်တဲ့နေရာကို ရိုးရိုးရေနဲ့ ဆေးပြီး ဂရုတစိုက် သန့်စင်ပေးပါ။ ရေခဲ၊ ထောပတ် စတာတွေနဲ့ မကပ်ပါနဲ့။ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ အရေပြားလိမ်းဆေးတစ်မျိုးကို လိမ်းပြီး Minor burn ဆိုရင် အနာကို ဘာမှမဖုံးဘဲ ဖွင့်ထားပါ။ အပူလောင်တာ ပြင်းထန်ရင်တော့ ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ ဖွဖွလေး ဖုံးအုပ်ထားပါ။ ပြီးရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကလေးငယ်ကို အမြန်ဆုံးခေါ်ပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

 

ရေနွေးပူလောင်နာအတွက် အိမ်တွင်းစောင့်ရှောက်မှု

          ရေနွေးပူလောင်ထားတဲ့ ကလေးငယ်ကို ဆေးရုံ၊ ဆေးခန်းပြပြီးရင်လည်း မိဘတွေက အိမ်တွင်း စောင့်ရှောက်မှု ကောင်းကောင်းဆက်ပေးမှ အပူလောင်နာဟာ နာကျင်မှုဝေဒနာနဲ့ ပိုးဝင်တာကနေ သက်သာကင်းဝေးမှာပါ။ ကလေးငယ်ရဲ့ အပူလောင်နာကို အနာသန့်စင်ပေးတဲ့အခါ အနာမကိုင်တွယ်မီ လက်ကို စင်အောင် သန့်စင်ဆေးကြောပါ။ အနာကို ပွတ်တိုက်တာမျိုး ရှောင်ကြဉ်ပါ။ ဆရာဝန်ညွှန်ကြားပေးတဲ့ ဆေးကိုသာ ကလေးငယ်အား ဂရုတစိုက် တိုက်ကျွေးပါ။ ကလေးငယ်ကို အစာအာဟာရ ကောင်းကောင်းကျွေးပါ။ ရေဓာတ်ခန်းခြောက်မှု မရှိအောင် အရည်ရွှမ်းတဲ့ အသီးအနှံနဲ့ ရေများများတိုက်ကျွေးပါ။ ကလေးငယ်ကို အနာအား ကုတ်ဖဲ့ခြင်း၊ ထိကိုင်ခြင်း မရှိစေဖို့ ဂရုစိုက်ပေးပါ။ ရက်ချိန်းပြည့်တဲ့အခါ ဆရာဝန်နှင့် ထပ်မံပြသပါ။

 

သင့်ကလေးငယ် ရေနွေးပူလောင် (အပူလောင်ခြင်း) မဖြစ်အောင်

          သင့်ကလေးငယ် ရေနွေးပူလောင် (အပူလောင်) မဖြစ်အောင် ကလေးငယ်နဲ့ လက်လှမ်းမီရာ နေရာတွေမှာ ရေနွေးဓာတ်ဘူး၊ ရေနွေးအိုး၊ ရေနွေးခွက်၊ ဟင်းရည်နဲ့ စွပ်ပြုတ် ပန်းကန်တွေကို မထားပါနဲ့။ ကလေးငယ်ကို မီးဖိုချောင်ထဲခေါ်ပြီး အလုပ်လုပ်ခြင်း၊ ကလေးချီပိုးထားပြီး ဟင်းချက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ကလေးငယ်ကို အိမ်ထဲ၊ အခန်းထဲ တစ်ယောက်တည်းထားပြီး အခြားနေရာ၌ အလုပ်မလုပ်ပါနဲ့။ ကလေးငယ်အား ရေနွေးနှင့် ရေချိုးပေးပါက မချိုးမီ ရေရဲ့ အပူချိန်ကို မိမိလက်နှင့် အရင်စမ်းပေးပါ။ ရေကြက်သီးနွေးလောက်နဲ့သာ ချိုးပေးပါ။ ကလေးငယ်အား ကော်ဖီ၊ နို့၊ စွပ်ပြုတ်ရည်တိုက်တဲ့အခါ အရမ်းပူတာမျိုးမပေးဘဲ နွေးနွေးလေးသာ ပေးသင့်ပါတယ်။ နောက်ပြီး အရည်ပူတွေ သောက်ဖို့ပေးတဲ့အခါ ကလေးငယ်ကို တစ်ယောက်တည်း ကိုယ့်ဘာသာသောက်ဖို့ လွတ်မထားပါနဲ့။ မိဘ (သို့) တစ်ယောက်ယောက် အနားမှာနေပြီး ဂရုတစိုက် တိုက်ကျွေးပေးပါ။ ဒါ့အပြင် ခြင်ဆေးခွေ ထွန်းတဲ့အခါ အဖုံးအအုပ်ပါတဲ့ ခြင်ဆေးထွန်းခွက်နဲ့ ထွန်းကြပါလို့ တိုက်တွန်းရင်း …။

 

Credit: သွန်းသော်တာ (B.NSc)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18