Print

လက်သီးတစ်ချက် နှင့် မျက်စိတစ်ဖက်

  21-May-2019
Preview Image

အမှန်တော့ စိတ်လိုက်မာန်ပါ လုပ်လိုက်မိခြင်းသာဖြစ်သည်။ ခုလိုဖြစ်လာပါလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့။ ရုံးကပြန်အလာမှာ တစ်ယောက်တစ်ခွန်းစကားများခဲ့ကြသည်။ စကားများရင်းက လက်ပါခဲ့သည်။ လက်ပါသည်ဆိုပေမယ့် များများမဟုတ်၊ လက်သီးတစ်ချက်၊ မျက်နှာပေါ်သို့ထိုးလိုက်သည့် လက်သီးတစ်ချက်။ ထိုလက်သီးတစ်ချက်ကြောင့်ပင် လင်မယားနှစ်ယောက်စလုံး အရေးပေါ်ဌာနသို့ ရောက်ခဲ့ရတော့သည်။


ယောကျ်ားက လိုက်ပို့သူ၊ မိန်းမက ဒဏ်ရာရသူ။

 သည်သို့သည်နှယ် ယောကျ်ားက မိန်းမကို လက်သီးနှင့်ထိုး၍ မျက်ကွင်းညိုကာ မျက်စိထိခိုက်ဒဏ်ရာဖြင့် မျက်စိ၊ နား၊ နှာခေါင်း အရေးပေါ်ဌာနသို့ လာပြခဲ့ရသူတွေ များခဲ့ပြီ။ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို ထိုးနှက်မိ၍ သက်ဆိုင်ရာဌာနများသို့ သွားပြရသူတွေလည်း သူ့ဌာနနှင့်သူ ရှိကောင်းရှိပေလိမ့်မည်။ ဆေးရုံသို့မပြဖြစ်ဘဲ အလွယ်တကူ ရရာဆေးမြီးတိုနဲ့ပဲ အိမ်မှာ ကျိတ်မှိတ်၍ ကုရသူတွေလည်း ရှိကြပေလိမ့်မည်။


မည်သို့ဆိုစေ စိတ်လိုက်မာန်ပါဖြင့် ရည်ရွယ်ရာမဟုတ်ဘဲ ထိုးလိုက်မိသည့် လက်သီးတစ်ချက်ကြောင့် မျက်စိပျက်ခဲ့ရသူများ ရှိခဲ့လေရာ မျက်စိဆရာဝန်ဖြစ်သော ကျွန်တော့အတွက် ယင်းသို့မတော်တဆ ထိခိုက်မှုမျိုး လျော့ပါးလာရေးကို ရည်ရွယ်လျက် လက်သီးတစ်ချက်သည် မျက်စိတစ်ဖက်ကို အဘယ်သို့ ပျက်စီးစေနိုင်သည် ဆိုခြင်းကို ဆောင်ပါးဖြင့် တင်ပြလိုပါသည်။


မျက်စိသည် စတုရန်းပုံသဏ္ဍာန် မျက်ခွံရိုးလေးခုကာရံထားသည့် အခန်းငယ်၏ အလယ်တွင် အသားမျှင်လေးခု ချိတ်ဆွဲထားမှုဖြင့်လည်းကောင်း၊ မျက်ခွံရိုးအတွင်းရှိ အဆီ၊ အသား၊ သွေးကြော၊ အာရုံကြောများ၏ ရစ်ပတ်နှောင်ဖွဲ့မှုဖြင့်လည်းကောင်း၊ မိမိ၏ နေရာတွင် မိမိ၏ အမြင်အာရုံတာဝန်ကို နေ့စဉ်မပျက် ထမ်းရွက်နေသည့် ခန္ဓာကိုယ်၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ သဘာဝ၏ ဖန်တီးပေးမှုဖြင့် မျက်လုံး၏ အပေါ်တွင် မျက်ခုံးအရိုး၏ မို့မောက်နေခြင်း၊ မျက်လုံး၏ အတွင်းဘက်တွင် နှာခေါင်းရိုးက ထိုးထွက်နေခြင်း ၊ မျက်လုံး၏ အပြင်ဘက်ဘေးတွင် နားထင်ရိုးကမသိမသာ ရှေ့သို့ထွက်၍ ကာကွယ်နေခြင်းကြောင့်သာ မျက်စိသည် လက်သီး၊ လောက်စာလုံး၊ သို့မဟုတ် အရာဝတ္ထုတစ်ခုခုနှင့် ခိုက်မိခြင်းဆိုသည့် ဘေးအန္တရာယ်မှ အတော်အတန် အကာအကွယ်ရနေခြင်းဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ထိုအရိုးများကသာ ယင်းသို့ကာကွယ်ထားခြင်းမရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိမှုတိုင်းတွင် မျက်လုံးသည် ရှေ့တန်းက ပါဝင်နေမည်ပင် ဖြစ်ပေသည်။


လက်သီးနှင့်ထိုးမိ၍ မျက်ကွင်းညိုကာမျက်ခွံများ ရောင်မည်းနေမည့်သူများကို မကြာခဏ တွေ့ဖူးကြပါလိမ့်မည်။ ယင်းသို့ညိုမည်းနေခြင်းမှာ ပါးလွှာသော မျက်ခမ်း၏ အရေပြားအောက်တွင် သွေးခဲနေသောကြောင့် ဖြစ်လေသည်။ ထိုသူများတွင် မျက်လုံးသည် အလွယ်တကူဖွင့်၍ မရဘဲရှိတတ်သည်။ မျက်စိမမြင်ခြင်းသည်လည်း အပြင်မှ ရောင်ရမ်းနေသဖြင့် မျက်စိဖြင့်အလွယ်တကူမမြင်နိုင်သဖြင့် မျက်စိတွင် ပြောင်းလဲသွားမှုကိုလည်း ဖြုန်းခနဲမသိနိုင်ကြပေ။


ယင်းလူနာမျိုးတွင် အချို့ ပြင်းထန်စွာ ဒဏ်ရာမရသူတို့တွင် မျက်မြှေးလွှာအောက်တွင် သွေးခြည်ဥရုံသာဖြစ်၍ တချို့ဒဏ်ရာပြင်းထန်သူတို့တွင် မျက်ခွံအတွင်း သွေးခြည်ဥခြင်း၊ အိုင်းရစ် (Iris) ခေါ် အတွင်းမျက်နက်လွှာ စုတ်ပြဲသွားခြင်း ၊ မျက်စိတွင်းရှိ မှန်ဘီလူးမှာ အတွင်းတိမ် (ဒဏ်တိမ်) ဖြစ်ခြင်း၊ ၎င်းမှန်ဘီလူးမှာ သူ့နေရာနှင့်သူမဟုတ်တော့ဘဲ တိမ်းစောင်းသွားခြင်း  ၊ ပြုတ်ကျသွားခြင်း၊ မှန်ဘီလူး၏နောက်အတွင်း မျက်ပျစ်ရည်ထဲတွင် သွေးထွက်ခြင်း၊ မျက်စိအာရုံခံစားလွှာ ရောင်ရမ်းခြင်း၊ စုတ်ပြဲခြင်း၊ ကွာကျခြင်း၊ သွေးယိုခြင်းနှင့် နောက်ဆုံးမျက်စိ အာရုံကြောသေခြင်းများထိ ဖြစ်ပေါ်နိုင်ပေသည်။


 ၎င်းရောဂါများအနက် မျက်မြှေးလွှာအောက်တွင် သွေးယိုခြင်း (Sub Conjunctival Haemorrhage) လောက်သာ နှစ်ပတ်၊ သုံးပတ်ကြာသောအခါ ပကတိ ပြန်ကောင်းနိုင်သော်လည်း ကျန်ရောဂါအားလုံးမှာ အချိန်မီ ဆေးဝါးကုသမှု မခံယူပါက မျက်စိလုံးဝကွယ်သွားသည်အထိ ဒုက္ခပေးနိုင်သော ရောဂါများ ဖြစ်ပေးသည်။


 ၎င်းတို့အနက် အဖြစ်များတတ်သည့် မျက်စိအရှေ့ပိုင်းအတွင်း သွေးခြည်ဥခြင်းမှာ တစ်ပတ်အတွင်း ဆေးမကုသဘဲ ထားပါက မျက်စိ၏ မျက်ကြည်လွှာကို သွေးစွန်း၍ လည်းကောင်း၊ မျက်စိရေချိန်တက်ကာ ရေတိမ်ရောဂါဖြင့် လည်းကောင်း၊ သွေးကြောင့်ဖြစ်သည့် မျက်စိအတွင်းရောင်ဖြင့်လည်းကောင်း ကွယ်သွားတတ်ပါသည်။ ထို့ကြောင့် ယင်းသို့ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် မျက်စိတွင် သွေးခြည်ဥခြင်းမျိုးဖြစ်ပေါ်လာကာ ချက်ချင်း သို့မဟုတ် တစ်ပတ်လောက်အတွင်း အချိန်မီ ဆေးရုံသို့လာရောက်ပြသရန် လိုအပ်ပါသည်။ ယင်းသို့ သွေးခြည်ဥခြင်းမှာ ကလေးများတွင် အများအားဖြင့် သားရေကွင်းထိခြင်း၊ တုတ်နှင့်ရိုက်မိခြင်း၊ ဂျင်ဖြင့်ပေါက်မိခြင်း၊ လေးခွမှန်ခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။


 နောက်အဖြစ်များသည့် ဒဏ်တိမ်နှင့် မျက်စိအာရုံခံလွှာ ကွာကျခြင်းတို့မှာ ထိခိုက်ပျက်စီးမှုပေါ်တွင် မူတည်၍ ခွဲစိတ်ကုသခြင်းဖြင့် အနည်းအများ အောင်မြင်နိုင်သော ရောဂါများဖြစ်ပါသည်။ မျက်စိအာရုံကြောသေခြင်းကြောင့် မျက်စိကွယ်ခြင်းမှာမူ လုံးဝကုမရသော ရောဂါဖြစ်ပါသည်။


 ထို့ကြောင့် စိတ်လိုက် မာန်ပါဖြစ်စေ၊ ဒေါသအလျောက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကို လက်သီးနှင့်ထိုးဖို့ ချိန်ရွယ်တိုင်း ဆောင်းပါးလေးကို သတိရလျက် “ငါ့လက်သီး တစ်ချက်နှင့် သူ့မျက်စိ ပျက်ရလေတော့မယ်” ဟုသာ တွေးမိပါမူ ဆောင်းပါးကို ရေးရကျိုးနပ်ပါပြီ။


Credit : ပါမောက္ခ ဦးကံညွန့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18