Print

လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးသတိပေးချက် လက္ခဏာများ (၁)

  27-Mar-2019
Preview Image

          လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကို သူ့ရဲ့ ခန္ဓာကိုယ်ကနေ သတိပေးချက်တွေ ထုတ်ပြန်နေတတ်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တယ်၊ ခေါင်းမူးတယ် ၊ ကိုယ်လက်နာကျင်တယ်ဆိုတာတွေကို သိနေကြတာ၊  ပြောနေကြတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အသေးစား လက္ခဏာလေးတွေဟာ အကြီးမားဆုံး(တစ်နည်း) အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးနိမိတ်တွေ ဖြစ်နေနိုင်ပါတယ်။


          ဒီလို ကျန်းမာရေးသတိပေးချက်တွေ ရှိနေပေမဲ့ ဝေခွဲမရတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်အောင် ဒုက္ခပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၂)ခုရှိပါတယ်။ ဒါကတော့ နှလုံး (Heart) နဲ့ အစာအိမ် (Stomach) ပဲ ဖြစ်ပါတယ်။ လူတိုင်း မကြာခဏ ဖြစ်တတ်သလို ပေါ့ဆနေရင် အသက်အန္တရာယ်နဲ့ နီးသည်အထိ ဖြစ်တတ်တဲ့အတွက် သူတို့ရဲ့ လုပ်ဆောင်မှုမမှန်တဲ့ ပြသတဲ့ သတိပေးချက်တွေကို သိထားသင့်ပါတယ်။

          နှလုံးနဲ့ ပတ်သက်ပြီး ခန္ဓာကိုယ်ကပြသနေတဲ့ လက္ခဏာတွေကိုအများပြည်သူ သတိထားနိုင်အောင် စုစည်းထားတဲ့ အချက်အလက်အနေနဲ့ (၈)ခု ထုတ်ပြန်ပေးထားပါတယ်။ ဒီအချက်အလက်နဲ့ လက္ခဏာတွေဟာ အများဆုံးတွေ့ရတဲ့ ပုံစံတွေဖြစ်ကာ ပေါ့ဆမနေသင့်တဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။


၁။ မခံရပ်နိုင်အာင် ရင်ဘတ်အောင့်မယ်၊ တစ်ဆက်တည်း ပျို့အန်နေခြင်း၊ စားထားသမျှ အန်ထွန်ကုန်ခြင်း၊ ချွေးများ ထွက်လာခြင်း

          ဒါဟာ နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ နှလုံးမကောင်းရင် ပြသတဲ့ အချို့သော လက္ခဏာတွေကို ပိုပြီး သိသာသလို ကြာရှည်စွာလည်း ပြသတတ်ပါတယ်။ နှလုံးနဲ့ ပတ်သက်ရင် ပြသတတ်တဲ့ လက္ခဏာတွေက လူတစ်ဦးနဲ့တစ်ဦး မသိမသာ ကွဲပြားတတ်သော်ငြား နှလုံးတိုက်ခိုက်ခံရတဲ့အခါ ပြသတဲ့ လက္ခဏာကတော့ သိသာထင်ရှားပါတယ်။


အဲဒီအချိန် လုပ်သင့်တာက……

          အရေးပေါ်ကားခေါ်ဖို့ သင့်တဲ့အချိန်ပါ။ ကိုယ့်စိတ်ထဲမှာ အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ပုံစံမှ မဟုတ်တာလို့ စောဒကတက်နေမိအောင် ဝေဒနာက အစမှာ မသိသာပါဘူး။ အဲဒီလောက် မလိုပါဘူးလို့ ထင်နေရင်းနဲ့ အခြေအနေက တဖြည်းဖြည်းချင်း ဆိုးဝါးလာမှာ အသေအချာပါပဲ။


၂။ ဆင်တစ်ကောင်ထိုင်နေသလို ရင်ဘတ်ကြီးက လေးပြီးနေတယ်။

          ဒီခံစားချက်နဲ့ ပတ်သက်ရင် တစ်ဦးနဲ့ တစ်ဦးခံစားချက်ချင်း မတူကြပါဘူး။ အချို့ကျတော့ ရင်ဘတ်အောင့်တယ်လို့ ထင်မြင်ချိန်မှာ အချို့ကတော့ ရင်ဘတ်ပေါ် ဖိထားသလို ခံစားချက်ရှိနေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆင်တစ်ကောင်ထိုင်နေသလို လေးနေတာပဲဖြစ်ဖြစ်၊ အောင့်တာပဲဖြစ်ဖြစ် ပေါ့ဆလို့ မရတာတော့ အမှန်ပါပဲ။


အဲဒီအချိန် လုပ်သင့်တာက……

        ဒီခံစားချက် ဖြစ်ပေါ်ချိန်ဟာ ဆက်တိုက် မိနစ်(၂၀)ခန့် ကြာမယ်ဆိုရင်တော့ ဆေးရုံကား ခေါ်သင့်ပါတယ်။ အချိန်စိပ်စိပ်နဲ့ လေးသွားလိုက် ခဏနေ ပုံမှန်ပြန်ဖြစ်လိုက်ဆိုရင်တော့ ကိုယ့်ရဲ့ မိသားစုဆရာဝန်ကိုခေါ်တာဟာ အကောင်းဆုံးဖြစ်ကာ ခံစားရမှု အတိမ်အနက်ပေါ် မူတည်ပြီး ဆရာဝန်က လိုအပ်သလို ပြုလုပ်ပေးပါလိမ့်မယ်။


၃။ ကျောအောင့်နေတတ်ပြီး အထူးသဖြင့် ကျောအပေါ်ဘက်ခြမ်းအောင့်ရင် မျက်ရည်တောင် ကျရတယ်။

          ဒါဟာ ကြွက်သားညပ်တဲ့သဘောဖြစ်နိုင်သလို ဒီထက်ပိုဆိုးတဲ့အရာ ဥပမာ-နှလုံးသွေးလွှတ်ကြောမဖောင်းရာကနေ စုတ်ပြဲသွားခြင်းလည်း ဖြစ်နိုင်ပါတယ်။


အဲဒီအချိန် လုပ်သင့်တာက……

          မခံရပ်နိုင်အောင် နာကျင်မှုက မိနစ် (၂၀)ကျော်သည်အထိ ဆက်တိုက်ဖြစ်နေတာနဲ့အတူ တစ်ဆက်တည်း ပျို့ချင်အန်ချင်လာပြီဆိုရင်တော့ ဒါဟာ နှလုံးသွေးလွှတ်ကြောမ ထိခိုက်ဒဏ်ရာရခြင်း ဖြစ်နိုင်တဲ့အတွက် ဆေးရုံကားခေါ်ကာ ဆေးရုံသွာတာ အကောင်းဆုံးပါပဲ။


၄။ လက်မောင်းတွေ ထံကျဉ်ကာ တဆစ်ဆစ်နဲ့ ကိုက်နေမယ်။

          နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာအဖြစ် အတိအကျ သတ်မှတ်ထားတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ထုံကျဉ်ကိုက်ခဲမှုဟာ ရင်ဘတ်ကနေစကာ ဘယ်ဘက်လက်မောင်းတစ်လျှောက်လုံး ပျံ့နှံ့သွားပါလိမ့်မယ်။ ထိုမှတစ်ဆင့် လည်ပင်းနဲ့ ကုပ်ပိုး၊ ညာလက်မောင်း၊ သွားနဲ့ အစာအိမ်အထိ ရောက်လာပါလိမ့်မယ်။


အဲဒီအချိန် လုပ်သင့်တာက……

          ဒီအတိုင်းပဲ လက်မောင်းအောင့်မယ်၊ ထုံကျဉ်မယ်၊ သို့သော် ပြင်းပြင်းထန်ထန် မဟုတ်သေးရင်တော့ ဆရာဝန်နဲ့ ပြသလိုက်ရင် ညွှန်ကြားမှုနဲ့ ကုသမှု ပြုလုပ်ပေးပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ နာကျင်မှုက နာရီဝက်ကျော်သည်အထိ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေမယ်၊ လက်မောင်းကိုက်ခဲမှုနဲ့ ဘာမှမဆိုင်နိုင်တဲ့ လက္ခဏာဖြစ်တဲ့ ခေါင်းမူးခြင်း၊ အော့အန်လိုစိတ်ဖြစ်လာခြင်း စတဲ့လက္ခဏာတွေ တွဲပါလာရင်တော့ ဆေးရုံသို့ သွားသင့်တဲ့ အခြေအနေပါ။


၅။ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်နေတာ ဖြစ်ပေမဲ့ ပင်ပန်းနွမ်းနယ်မှု ပုံမှန်ထက် ပိုနေတယ်။

          အမျိုးသမီးတွေဆီမှာ အတွေ့ရအများဆုံး လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်အိမ်အလုပ်လုပ်နေချိန် (သို့)ရုတ်တရက် ပြေးလွှားမိချိန်တွေမှာ ပုံမှန်ထက်ပိုတဲ့ မောပန်းနွမ်းနယ်မှုကို ခံစားရရင် ဒါဟာနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။


အဲဒီအချိန် လုပ်သင့်တာက……

          ပုံမှန်ပြသနေကျ ဆရာဝန်ဆီမှာ (သို့) G.P(General Physician) တစ်ဦးထံမှာ ချက်ချင်းဆိုသလို အချိန်မဆွဲဘဲ ပြသပေးပါ။ ဖြစ်နိုင်တာက စိတ်ဖိအားများခြင်း၊ အသက်အရွယ်ရလာခြင်းကြောင့် မောပန်းခြင်းနဲ့ အိပ်ရေးမဝတာများခြင်းတို့လို အသေးစား ကျန်းမာရေးပြဿနာတွေလည်းကောင်း သို့မဟုတ် နှလုံးနဲ့ဆိုင်တဲ့ ရောဂါဆိုးဆိုးရွားရွား တစ်ခုခုသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

 

၆။ လမ်းလျှောက်တာလို အသေးစား လှုပ်ရှားမှုလေး လုပ်တာတောင် အသက်ရှူကြပ်ခြင်း (သို့) မဝခြင်းဖြစ်ကာ မောနေတယ်။

          သိမ်မွေ့တဲ့ ခံစားမှုနဲ့ တစ်စုံတစ်ခုကတော့ မှားယွင်းနေကြောင်းကို ပြသတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို အသက်ရှူကျပ်ပြီး မောနေချိန်မှာ Chest Pain ရနေမယ် (သို့) ရင်ဘတ်ပေါ်မှာ ဖိထားသလို Pressure တစ်ခုကိုပါ ခံစားလာရပေမဲ့ ကိုယ်က အဲဒီအချိန်မှာ ဘာမှမလုပ်တော့ဘဲ ထိုင်နေတဲ့ အချိန်မျိုးမှာဆိုရင်တော့ ဒါဟာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာဆိုတာ သေချာသလောက်ပါပဲ။

          ဒီလက္ခဏာက အိပ်ရာပေါ် လဲလျောင်းလိုက်ချိန်မျိုးမှာ ဖြစ်ရင်တော့ ဒါဟာ နှလုံးကြွက်သား အားကုန်ခြင်း (သို့) နှလုံးကျဆုံးခြင်း (Heart Failure) ကြောင့် ဖြစ်နိုင်ပါတယ်။


အဲဒီအချိန် လုပ်သင့်တာက……

          အိပ်ရာပေါ်မှာ လှဲမနေဘဲ ထိုင်နေခြင်း (သို့) မှီအုံးများဆင့်ကာ ခေါင်းကို အမြင့်ဆုံးထားကာ မှီနေပါ။ ဒီလိုနေထိုင်ရင်း သက်သာသွားမယ်ဆိုရင်တောင် ပြသနေကျ ဆရာဝန်နဲ့ အချိန်မဆွဲဘဲ ပြသကာ ကုသမှုခံယူပါ။ မသက်သာဘူး၊ ပိုပြီးဝေဒနာက သိသာပြီး ဆို့ကြပ်သည့် ခံစားမှုက ဆက်တိုက်နာရီဝက်ကျော် ဖြစ်မယ်ဆိုရင်တော့ ဆေးရုံသို့သွားသင့်တဲ့ အခြေအနေပါ။


၇။ အစာမကြေခြင်း

          အစာမကြေတာနဲ့ နှလုံးရောဂါကြား ဆက်စပ်မှု မရှိဘူးထင်ရပေမဲ့ နှလုံးရောဂါဟာ အခြားသောရောဂါတွေနဲ့ ဖြစ်ပွားပုံချင်း ဆင်တူယိုးမှားဖြစ်ရပ်တွေများစွာ ရှိပါတယ်။ အစာမကြေခြင်းဟာ ရောဂါအားလုံးရဲ့အစလို့လည်း ပြောကြတာကြောင့် အစာမကြေတိုင်း အစာအိမ်ရောဂါလို့ မတွေးသင့်ပါဘူး။ အသည်းရောဂါနဲ့ နှလုံးရောဂါတွေမှာလည်း အစာမခြေနိုင်ခြင်း၊ အစာစားလိုစိတ်နည်းခြင်း၊ အစာမကြေခြင်းဆိုတဲ့လက္ခဏာတွေ ရှိတတ်ပါတယ်။ အစာမကြေခြင်းဟာ ရောဂါအားလုံးရဲ့အစလို့လည်း ပြောကြတာကြောင့် အစာမကြေတိုင်း အစာအိမ်ရောဂါလို့ မတွေးသင့်ပါဘူး။ အသည်းရောဂါနဲ့ နှလုံးရောဂါတွေမှာလည်း အစာမခြေနိုင်ခြင်း၊ အစာစားလိုစိတ်နည်းခြင်း၊ အစာမကြေခြင်းဆိုတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ အစာမကြေခြင်းဟာ လေချဉ်တက်လိုက်မှ သက်သာရာရရင်တော့ ဒါဟာ နှလုံးသွေးကြောကျဉ်း၊ နှလုံးရောဂါ (Coronory Heart Disease) ကြောင့် ဖြစ်နိုင်ပါတယ်။

အဲဒီအချိန် လုပ်သင့်တာက……

          Mylanta (သို့) Nexium တို့ကို အစာကြေဆေးမျိုးစားပြီး နာရီဝက်ကျော်ကြာသည်အထိ အစာမကြေလေပွတာ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ သူ့ရဲ့ ညွှန်ကြားချက်ကို ကြည့်ပြီး ဆေးရုံသို့ သွားသင့်၊ မသွားသင့်ကို ဆုံးဖြတ်ပါ။


၈။ ရောင်ရမ်းဖောတက်နေတယ်။

          ဆေးပညာအခေါ်အရ Oedema လို့ ခေါ်တဲ့ ရောင်ရမ်းခြင်းဟာ နှလုံးထဲ သွေးကောင်းကောင်းမရောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ Heart Failure သမားတွေမှာ အများဆုံးမြင်တွေ့ရတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ Heart Failure ကြောင့် ဆိုရင်တော့ ပိုသိသာနိုင်တာက နှလုံးညာဘက်ခြမ်းမှာ သွေးတွေ စုဝေခြင်းကြောင့် လည်ပင်းသွေးပြန်ကြောများ ဖောင်းပွပေါ်လွင်လာပါတယ်။ ဆီးသွားနည်းကာ ခြေထောက်များ ဖောရောင်လာပါတယ်။


အဲဒီအချိန် လုပ်သင့်တာက……

          ဆရာဝန်နဲ့ အမြန်ဆုံး ပြသကာ လက္ခဏာတွေကို ကြည့်ပြီး ရောဂါအမြန်ရှာကြည့်ခြင်းကို ခပ်မြန်မြန်လုပ်ပါ။ ဖော်ပြပေးခဲ့တာက နှလုံးနဲ့ပတ်သက်လာရင် အန္တရာယ်ဖြစ်နေပြီဆိုတာပြသနေတဲ့ အခြေခံလက္ခဏာလေးတွေပါပဲ။ နှလုံးကျန်းမာရေးကောင်းမှ ကိုယ်ခန္ဓာကျန်းမာရေးကောင်းမှာမို့ နာရီလေးတစ်လုံးကို နှလုံးကအချက်ကျကျ၊ အချိန်မှန်မှန် လှုပ်ရှားမှု ရှိစေဖို့ အထူးဂရုစိုက်ပေးစေချင်ပါတယ်။

          ဒီလိုမဟုတ်ရင်တော့ Clock ကနေ Timer Bomb ဖြစ်ကာ ပေါက်ကွဲသွားရာကနေ အသက်ဆုံးပါးသွားမှာ နှလုံးရောဂါရှိနေရင်တော့ အချိန်တိုင်း ဂရုစိုက်မှုကို ပြုလုပ်ပေးဖို့ လိုပါတယ်နော်။


Credit : ချစ်နှင်းဝေဝေ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18