Print

သွေးလွန်တုပ်ကွေး အလေးပေး

  24-Mar-2019
Preview Image

သွေးလွန်တုပ်ကွေးရောဂါ. . .

လူတော်တော်များများ နားယဉ်နေကြတဲ့ ရောဂါတစ်ခု၊ ကလေးတွေမှာလည်း ဖြစ်သည်။ လူကြီးတွေမှာလည်းဖြစ်သည်။ များသောအားဖြင့်တော့ ကလေးတွေ အဖြစ်များကြသည်ပေါ့။ မိုးတွင်းတွင်အဖြစ်များလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်သလဲ ဆိုသည်ကိုသိချင်ကြသည်။


သွေးလွန်တုပ်ကွေးရောဂါသည် Flari virus (DHF virus) ကြောင့်ဖြစ်ရခြင်းဖြစ်သည်။ DHF virus တွင် Serotype 1, 2, 3, 4 ဟူ၍ Serotype ၄ မျိုးရှိသည်။နေ့ခင်းဘက်ကိုက်တတ်သော ခြင် Day biter ဟုခေါ်သည့် (Aedes aegypti) ခြင်ကျားကိုက်၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ခြင်ကိုက်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ရန် ကြာမြင့်ချိန်မှာ ငါးရက်မှ ရှစ်ရက်အတွင်းဖြစ်သည်။ ဖျားသည်။


အဖျားတက်လျှင် မိဘများက ကလေးများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်မည်ကို စိုးရိမ်ကြသည်။ “ ကလေးကိုယ်တွေ အရမ်းပူတယ်။ ရေပတ်တိုက်မှပြန်ကျသွားတယ်။ ” ဟုဆိုကာ လာပြတတ်ကြသည်။ရေပတ်ဝတ်တိုက်ပေး၍ ကိုယ်ပူကျပြီး သက်သာသွားသည်ဆိုလျှင် ကိစ္စမရှိ၊ တစ်ချို့ကျ မက်ကလောင်ဖောက်ကြသည်။ ကလေးကို မြန်မာဆေးများ၊ စပ်ဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများ တိုက်ကြသည်။ မက်ကလောင်ဖောက်ခြင်းမှစ၍ မြန်မာဆေး၊ စပ်ဆေး၊ အကိုက်အခဲပျောက်ဆေးများတိုက်ခြင်း သည် အလွန်အန္တရာယ်များသော ကိစ္စရပ်များဖြစ်သည်။ ဖျားသောအခါ အစားအသောက်ပျက်သည်။ ခံတွင်းပျက်သည်။ အန်လည်းအန်တတ်သည်။ အန်သောအခါ သတိထားကြည့်သင့်သည်။ စားပြီးအစားအစာများသာ ပြန်အန်ခြင်းလား၊ သွေးပါသေးလား၊ ကော်ဖီရောင်အန်သေးလားဆိုသည်ကို သတိထားသင့်သည်။ ကော်ဖီရောင်အန်ခြင်းသည် သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာ တစ်ရပ်ဖြစ်သည်။


အချို့ ကလေးများတွင် သူတို့၏ ခြေ၊ လက်များကို သတိထားကြည့်ပါက အနီစက်လေးများကို  တွေ့ရတတ်သည်။ တချို့ နှာခေါင်းသွေးလျှံသည်။ သွားဖုံးသွေးယိုတတ်သည်။ အချို့ကျ ဆေးရုံ၊ ဆေးခန်းများကို ရောက်မှသာ သွေးပေါင်ချိန်တိုင်း ကိရိယာနှင့် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိသည်ဟု သိတတ်ကြသည်။ ထိုသွေးပေါင်ချိန်တိုင်း ကိရိယာနှင့် တစ်ခါအစမ်းသပ်ခံဖူးသောကလေးများသည် နောက်တစ်ကြိမ် အစမ်းသပ်ခံရမည်ကို ကြောက်ကြပါသည်။ ငါးမိနစ်တာ Pressure တင်၍ ပတ်ထားရသောကြောင့် ငိုသောကလေးများလည်း ရှိပါသည်။ ဗိုက်နာသည်ဟုဆိုကာ နာသောနေရာကို ထိုးပြတတ်သော ကလေးများလည်းရှိပါသည်။ ကလေးများတွင်ဖြစ်လျှင် လက်ဖျား၊ ခြေဖျား၊ လက်ဖျံ၊ ခြေဖျားများ အေးစက်သွားခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း ၊ ကလေးမှန်းသွားခြင်း၊ ဆီးသွားနည်းခြင်းများ ဖြစ်ပေါ်လာပါက ကလေးကို နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အလျှင်အမြန်ပို့သင့်ပါသည်။နောက်ကျတွန့်ဆုတ်မနေသင့်ပါ။


သွေးလွန်တုပ်ကွေးရောဂါ တစ်ခါဖြစ်ပြီးလျှင် နောက်တစ်ကြိမ် ပြန်မဖြစ်ဟု ဘယ်သူမှ အာမခံမပေးပါ။ တစ်ခါဖြစ်ပြီးသော်လည်း နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါသည်။ နောက်တစ်ကြိမ်ပြန်ဖြစ်၍ အခန့်မသင့်လျှင် Immune Enhancement Reaction ဖြင့် Dengue Shock Syndrome ဖြစ်ကာ ပိုဆိုးတတ်ပါသည်။ ကလေး၏ ကိုယ်ခံအားကောင်းလျှင် ကောင်းသလို Antigen Antibody Reaction ဆိုးဆိုးဝါးဝါးဖြစ်ကာ ကလေးပိုခံရပါသည်။


သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမည်နည်း။ သွေးလွန်တုပ်ကွေးရောဂါသည်ခြင်ကြောင့်  ဖြစ်ရခြင်းဖြစ်သဖြင့် ခြင်မကိုက်အောင် ဂရုစိုက်နေထိုင်သင့်သည်။ ခြင်ဆေးခွေထွန်းခြင်း ၊ ခြင်မကိုက်ရန်ဆေးလိမ်းခြင်း ၊ ခြင်ထောင်ထောင်အိပ်ခြင်းဖြင့် ကာကွယ်သင့်သည်။ သွေးလွန်တုပ်ကွေးဖြစ်စေသောခြင်သည် ရေကြည်ရေသန့်တွင်ပေါက်သဖြင့် “ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊မြှုပ် ၊ ရှင်း၊ မှုတ် ” စသည်ဖြင့် ရေစည်ရေအိုးများကို ဖုံးအုပ်ထားခြင်း ၊ ဘုရားပန်းအိုးများ ပုံမှန်လဲပေးခြင်း၊ ရေဝပ်နိုင်သော အိုးခြမ်းပဲ့၊ တာယာကွင်းများကို ရှင်းလင်းခြင်း၊ ပိုးလောက်လန်းများတွေ့လျှင် ရေစစ်နှင့် စစ်ခြင်း၊ ခြင်ဆေးမှုခြင်းများကို ပြုလုပ်နိုင်ပေသည်။


အိမ်ပတ်ဝန်းကျင်တွင် ရေဝပ်နိုင်သော ၊ ချုံနွယ်ပိတ်ပေါင်းများ ထူထဲစွာ ပေါက်နေသော နေရာများကိုလည်း ဂရုစိုက်ရှင်းလင်းသင့်ပေသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်ဟုဆိုထားသည် မဟုတ်ပါလော။ အိမ်ပတ်ဝန်းကျင် ၊ ကျောင်းရှိသူငယ်ချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ကြသည်ဆိုလျှင် ပို၍အလေးထားကာ ခြင်ကိုက်မခံရအောင် ဂရုစိုက်နေထိုင်သင့်သည်။ သွေးလွန်တုပ်ကွေးအလေးပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ခြင်းကြောင့် သောကရောက်စရာမလိုတော့ဘဲ ကျန်းမာပျော်ရွှင်သောနေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မည် ဖြစ်ပေတော့သည်။

Credit ပိုင်(ဆေး- ၁)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18