Print

ဗိုက်ပြဿနာအဖြေရှာ

  18-Mar-2019
Preview Image

အခုပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း Acute Abdominal Pain အကြောင်းပါ။ တစ်ခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့်ပြတတ်ပါသေးတယ်။အခု ဒီနေရာမှာ စအောင့်နေပေမယ့် ခဏကြာတော့ နေရာပြောင်း သွားတတ်တာလည်း ရှိပါတယ်။ ဥပမာ အူအတက်ရောင်လို့ ဗိုက်နာတယ်ဆိုရင် သူကညာဘက်အောက်ထောင့် မှာ ရှိနေပေမယ့် စစချင်းမှာ အစာအိမ်အောင့်သလိုမျိုးနဲ့ ခပ်ဆင်ဆင်နာပြတတ်ပါတယ်။ ရင်ညွန့် မှ စအောင့်ပြီး နာရိအနည်းငယ်အတွင်း ဒါမှမဟုတ် ရက်အနည်းငယ် တစ်ရက် နှစ်ရက် လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်းကို ရွှေ့ပြီး နေရာမှန်မှာ နာလာတတ်ပါတယ်။ အဲလိုနာတာအပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်းစတဲ့ လက္ခဏာတွေပါ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး Acute Abdomen ဆိုရင် အနီးကပ်စောင့် ကြည့်ခြင်း Close Observation က အရေးကြီးပါတယ်။ အဲဒီလို စောင့်ကြည့်နေစဉ်မှာ လူနာကို အစားအစာ၊ ရေ ဘာကိုမှ မပေးရပါဘူး။ တကယ်လို့ အူအတက်ရောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိတ်ကုသဖို့ လိုအပ်လာပါပြီ။


အလားတူစွာ ရွေ့သွားသော နာကျင်မှု (Refer Pain)များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ်။ဥပမာ- နှလုံးကြွက်သား သွေးမလုံလောက်လို့ ရင်ဘတ်အောင့်တဲ့အခါ တစ်ခါတစ်လေကျရင် ဘယ်ဘက်ပခုံးနဲ့ မေးရိုး၊ လည်ပင်း နေရာ များမှာလည်း အောင့်နေတတ်ပါတယ်။ အဲဒါတွေက ဘာကြောင့်ဖြစ်ရသလဲ ဆိုတော့ ဒီအင်္ဂံါအစိတ်အပိုင်း နှစ်ခုစလုံး အတွက်ထောက်ပံ့ထားတဲ့ အာရုံကြောက တစ်ခုတည်း ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။


အဲဒီအထဲမှာ အများဆုံး နာတတ်အောင့်တတ်ကြတာတွေကတော့(Epigastric) ရင်ခေါင်း ရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် အစာအိမ် Gastritis ၊ အူသိမ်ဦးပေါင်း ရောင်ရမ်းခြင်း (Duodenitis )၊ အနာပေါက်ခြင်း (Ulcer)၊ သည်းခြေ ရောင်ရမ်းခြင်း (Cholecystitis)(Cholangitis)၊ အသည်းရောင်ခြင်း (Hepatitis) ၊ သရက်ရွက်ရောင်ခြင်း (Pancreatitis)၊ သွေးယိုခြင်း စသဖြင့်ရှိတတ်ပါတယ်။


တချို့ ဖြစ်နိုင်ခြေ ရှိတာတွေကတော့ နှလုံးကြွက်သား အမြှေးပါးရောင်ခြင်း (Pericarditis Myocardial Infarct)၊ အဆုတ်၊ အမြှေးပါးရောင်ခြင်း (Pneumonia, Pleurisy, Pheomo Thorax) ၊ ရင်အုပ်နဲ့ ဝမ်းဗိုက်သွေးသွှတ်ကြောမကြီး အလွှာကွာပြီး ဖောင်းထွက်လာခြင်း (Dissecting aneurysm) စသည်ဖြင့်လည်း ရှိတတ်ပါတယ်။


ဗိုက်ဘယ်ဘက်အပေါ်မှာ အောင့်ခဲ့ရင် အစာအိမ်ရောင်ခြင်း အနာဖြစ်ခြင်းကြောင့် အဖြစ်များတတ်ပါတယ်။ မုန့်ချိုအိတ်(သရက်ရွက်) ရောင်ခြင်း၊ ကျောက်တည်ခြင်း၊ သွေးယိုခြင်း၊ ဘေလုံးကြီးခြင်း၊ ပေါက်ခြင်း၊ ပုပ်ခြင်း၊ ဘယ်ဘက်ကျောက်ကပ်ရောင်ခြင်း ၊Left Pleurisy, Pneumonia ဘယ်ဘက် အဆုတ်နဲ့ အမြှေးပါးရောင်ခြင်းစတာ တွေကြောင့် ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ထို့အပြင် ဝမ်းချုပ်တတ်သူများအတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများ တစ်ဆို့ခြင်းများလာရင် ဘယ်ဘက် ဝမ်းဗိုက်အပေါ်နဲ့ အောက်ပိုင်းတို့မှာလည်း အောင့်တတ်ပါတယ်။


ဗိုက်ညာဘက်အောက်မှာဖြစ်တတ်တာတွေက အူအတက်ရောင်ခြင်း၊ ပေါက်ခြင်း၊ တစ်ချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ ဆီးလမ်းကြောင်း၊ ကျောက်တည်ခြင်း၊ (ခါးနောက်ဘက်ပိုင်းမှ ရှေ့အောက်ဘက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ်။ )အူကျခြင်း (Hernia) စသည်ဖြင့် ဖြစ်တတ်ပါတယ်။ ဆီးစပ်အထက် (Suprapubic)နေရာမှာ အေင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ခြင်းရောင်ခြင်း၊ အူအတက်ရောင်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ အမျိုးသမီးများအတွက် မျိုးဥအိမ် ၊ဥပြွန်၊ သားအိမ်ရောင်ခြင်း၊ ပေါက်ခြင်း ၊ နေရာမှားပြီး သန္ဓေတည်ခြင်း၊ ရာသီလာ၍ အောင့်ခြင်း ဖြစ်နိုင်ပါသည်။


(Periumbilicus) ချက်ပတ်လည် နေရာမှာ အောင့်စေတာတွေက အူအိမ်ပိတ်ဆို့ ရောင်ရမ်းပုပ်ခြင်း၊ မုန့်ချိုအိတ် ရောင်ခြင်း၊ အူရှိ သွေးကြောများ ပိတ်ဆို့ခြင်း (Mesenteric Thrombosis, Dissecting Aortic Aneurysm) တို့ကြောင့် ဖြစ်တတ်ကာ အူအတက်ရောင်ခြင်းရဲ့ ဦးစွာ အချိန်မှာလည်း ဒီနေရာမှာ အောင့်တတ်ပါတယ်။


ဗိုက်ဘယ်ဘက်အောက်မှာပေါက်ရင် စဉ်းစားရမှာတွေကတော့ အူရောင်ခြင်း၊ အူပိတ်ခြင်း ဥပမာ - စမြင်းတုံး၊ အလုံးအကျိတ်၊ အနာပေါက်ခြင်း၊ အူကျုံ့ခြင်း ၊ ဘယ်ဘက်ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း ဖြစ်တတ်ပါတယ်။


အမျိုးသမီးတွေ အတွက်ကတော့ ဘယ်ဘက် သို့မဟုတ် ညာဘက်အောက်ပိုင်းမှာနာရင် မျိုးဥအိမ်(Ovary) နဲ့ ဥပြွန် (Fallopian tube) မှာ ဖြစ်တတ်တဲ့ ရောင်ခြင်း၊ အရည်အိတ်တည်ခြင်း၊ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း Ectopic / Tubal pregnancy၊ သားအိမ်ရောင်ခြင်းတို့လည်း ဖြစ်နိုင်ခြေ ရှိကြောင်းကို မမေ့သင့်ပါဘူး။


တစ်ခါက ကြုံခဲ့ဖူးပါတယ်။အမျိုးသမီးတစ်ယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက်အောက်ဘက်ပိုင်းမှာ သူကဝမ်းတွင်းကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိတော့ အစာအိမ်အောင့်တယ်လို့ ယူဆပြီး သူဟာ သူပဲ အစာအိမ်လေထိုး လေနာပျောက်ဆေးတွေ သောက်ပါတယ်။ သုံးရက်ကြာသွားတယ် ။ မသက်သာဘူးပေါ့။ ဒီလိုပဲ ဗိုက်ကြီးတစ်ပြင်လုံး မာတောင့်တောင့်နဲ့ မခံမရပ်နိုင်အောင်ဖြစ်ပြီး Shock ရလာတော့မှ ဆေးရုံရောက်လာတယ်။ကြည့်လိုက်ရင်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေ ပြလာလို့ အရေးပေါ် ခွဲစိတ်လိုက်ရတယ်။ ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝမှာ သန္ဓေတည်ခြင်းဖြစ်ပြီး ပေါက်သွားလို့သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့ Common Sense ရှိရင် သူ့ဟာသူ ဘာဖြစ်နိုင်သလဲဆိုတာ တွက်ဆလို့ရပါတယ်။ ဒါဆိုရင်လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီး ရယူနိုင်ပါတယ်။


ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာအများကြီးထဲမှာ ဘယ်နေရာကစပြီး ပြနာဖြစ်တာလဲ ဆိုတာကို  တစ်ခါတစ်ရံတော့လည်း သေချာအတိအကျ အဖြေမရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးရောင်ရမ်းပြီး (Peritonitis) ဗိုက်တစ်ပြင်လုံး ဂျပ်ခဲကြီး ဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်း သေချာမသိဘဲ သွေးဆိပ်တက်တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & Proceed ဆိုပြီး ဗိုက်ကိုအရင်ခွဲပြီးမှ ရောဂါရှာကုသရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။


နောက်ဆုံး ပြောပြလိုတာကတော့ ဗိုက်နာတာကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲ ကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နှိပ်နယ်ခြင်း မပြုသင့်ပါဘူး။ အစာအိမ်ရောင်ခြင်းကြောင့် အောင့်နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး။ ပိုပြီး ဆိုးရွားစေနိုင်ပါတယ် ။ တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသ သင့်ပါတယ်။

 

Ref : Internet

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18