Print

မွေးကင်းစကလေးများ အသက်မရှူနိုင် ဖြစ်ရခြင်း

  15-Mar-2019
Preview Image

မွေးကင်းစကလေးငယ်များမှာ အသက်ရှူရန် ခက်ခဲခြင်းကြောင့် စက်ဖြင့်အားကူ၍ အသက်ရှူရန်လိုအပ်လာနိုင်တဲ့ အခြေအနေများ ရှိလာနိုင်ပါတယ်။အသက်ရှူရခက်ခဲတာကို ဘယ်လိုသတ်မှတ်မလဲဆိုရင် တစ်မိနစ်မှာ ၆၀ ကြိမ်ထက်ပိုပြီး အသက်ရှူရခြင်း ၊ အသက်ရှူစဉ် ရင်ဘတ်နှင့် နံရိုးများပါချိုင့်ဝင်၍ အားစိုက်ရှူရခြင်း၊ ညည်းညူသံကြား၍ အသက်ရှူခြင်းတွေကို မွေးပြီးလေးနာရီမှ ခြောက်နာရီအတွင်းမှာ တွေ့ရတဲ့ အတွက်မကောင်းဘူးလို့သတ်မှတ်ပါတယ်။


အောက်ဆီဂျင်ရှူလို့မရနိုင်တာနဲ့ ကလေးဟာ ချက်ချင်းပြာနှမ်းလာနိုင်ပါတယ်။ ချက်ချင်းဆေးရုံကိုပို့ပြီး ဓာတ်မှန်ရိုက်ကြည့်ဖို့လုပ်ရမှာ ဖြစ်ပါတယ်။ အချိန်ဆွဲလို့ မရပါဘူး။ နေ့ရွှေ့ ညရွှေ့ အဆင်မပြေသေးလို့ ခဏစောင့်ကြည့်ကြဦးစို့ဆိုတာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။


အဆုတ်ထဲကို လေဝင်မဝင်ဆိုတာ မွေးကင်းစမှာ နားကြပ်နဲ့ နားထောင်ပြီး ဆုံးဖြတ်ဖို့ဆိုတာ အထူးကျွမ်းကျင်မှု လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ အောက်ဆီဂျင် မဝင်တာ ဘယ်လောက်နည်းနေသလဲဆိုတာ ဆေးရုံမှာ စက်တွေနဲ့ စမ်းသပ်လို့ ရပါတယ်။ ၉၀ ရာခိုင်နှုန်းအောက်ဆီဂျင် ရှိမနေဘူး၊ အသက်ရှူတာလည်း အားစိုက်နေရတဲ့ လက္ခဏာတွေ ရှိနေရင် ဓာတ်မှန်ထဲမှာ ကြည့်လိုက်မှ အဆုတ်ထဲလေဝင်တဲ့ အခြေအနေ ၊ ဘယ်လေအိတ်တွေက ပိတ်နေသလဲဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ လေမဝင်တဲ့ အဆုတ်ဟာ ပုံမှန်ထက်  ဖြူနေခြင်း၊ အဖြူရောင်အမျှင်ငယ်များ များလွန်းခြင်းဖြင့် သုံးသပ်ကြလေ့ရှိပါတယ်။


လေမဝင်ရတဲ့ အဓိက အကြောင်းအရာတွေထဲမှာ ပုံမှန်ထက်စောပြီး လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေ ပါဝင်ပါတယ်။ အပတ် ၃၀ ထက်စောပြီး မွေးတဲ့ကလေးရဲ့ ထက်ဝက်ဟာ အဆုတ်အားမကောင်းဘဲ ဖြစ်နေတတ်ပါတယ်။ ၃၆ ပတ် ဝန်းကျင်မွေးတဲ့ ကလေး ၁၀၀ မှာလည်း နှစ်ယောက်မှာ အဆုတ်အားမကောင်းဘဲဖြစ်နေမှာပါ။ ဒါ့ကြောင့် ၂၈ ပတ်နဲ့ ၃၄ ပတ်ကြားမှှာ မွေးသမျှကလေးတွေကို အသက်ရှူနိုင်၊ မရှူနိုင် ပထမ လေးနာရီမှ ခြောက်နာရီအတွင်း အထူးဂရုတစိုက် စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒီကလေးတွေရဲ့ လေအိတ်တွေဟာ ပျော့ပျောင်းစွာ ဆန့်ထွက်နိုင်ခြင်းမရှိသလို လေအိတ်အတွင်း အမြှေးပါးတွေကလည်း ပုံမှန်တာဝန်ဖြစ်တဲ့ အောက်ဆီဂျင်လဲလှယ်မှုကို ရာနှုန်းပြည့် လုပ်ဆောင်ဖို့ အဆင်သင့်မဖြစ်ခြင်းဆိုတဲ့ အခက်အခဲတွေရှိနေလို့ အောက်ဆီဂျင်များများပေးထားရုံနဲ့ မလုံလောက်နိုင်ဘဲ အဆုတ်ကို အားကူရမယ့် ပစ္စည်းတွေနဲ့ပါ တွဲစပ်ပြီး ကုသရမှာ ဖြစ်လို့ ဒီကလေးတွေဟာ ဆေးရုံမှ ရက်ရှည်လများ ကုန်ကျစရိတ်ကြီးမားစွာဖြင့် ကုသကြရခြင်းဖြစ်ပါသည်။


စောမွေးတဲ့ ကလေးတွေဟာ ပုံမှန်မွေးလမ်းကြောင်းမှ တွန်းထွက်မွေးရတာကိုလည်း ခံနိုင်ရည်မရှိပါ။ အအေးဓာတ်လွန်ကဲစွာ ထိတွေ့ခြင်း၊ သွေးလှည့်ပတ်မှု နှေးကွေးခြင်းတွေပါ ထပ်ပြီး ပေါင်းဆုံလိုက်တဲ့ စောမွေးတဲ့ ကလေးတွေရဲ့ အဆုတ်ဟာ အလွန်အားနည်းပြီး အသက်ရှူရန် ပိုခက်ခဲသွားနိုင်ပါတယ်။ ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် စာရင် ပိုပြီး အသက်ရှူရ ခက်ခဲတာကို တွေ့ရတတ်ပါတယ်။ အသားအရောင်အနေနဲ့ ဖြူတဲ့ ကလေးတွေဟာ မည်းတဲ့ကလေးတွေထက် ပိုဖြစ်တတ်တယ်လို့ သုတေသနပြုချက်များက ဆိုထားပါတယ်။ ရိုးရိုးမမွေးဘဲ အချိန်မရောက်သေးခင် ခွဲစိတ်မွေးတဲ့ ကလေးတွေမှာလည်း အသက်ရှူရခက်တဲ့ ပြနာကို ပိုတွေ့နိုင်ပါတယ်။


မွေးကင်းစကလေးတွေမှာ အကြောင်းတစ်စုံတစ်ရာကြောင့် ပထမ ထွက်လေဝင်လေအစဉ်မပြေဖြစ်ခဲ့ရင် စစချင်း အသက်ရှူချက်များ အားနည်းခဲ့ရင် သွေးထဲမှာ အောက်ဆီဂျင် သိသာစွာလျော့နည်းပါတယ်။ ကလေးကြီးတွေမှာ ရုတ်တရက် လျော့နည်းတာကို အတိုင်းအတာတစ်ခုထိ ခံနိုင်ပါတယ်။ သို့သော်မွေးကင်းစကတော့ ပထမလူလောကထဲ ဝင်ရောက်တဲ့ ၁၀ မိနစ်အတွင်းမှာ အောက်ဆီဂျင်တို့ ၊ ဒါမှမဟုတ် လေကို ကိုယ်ကိုယ်တိုင် အားစိုက်ရှူရမယ့် အခိုက်အတံ့ ဒီတင်္ဂ ၁၀ မိနစ်လေးအဆင်မပြေတာဟာ ဦးနှောက် ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ အူလမ်းကြောင်း. . . . စတဲ့ အတွင်းအင်္ဂါတွေကို အားလုံးထိခိုက်နိုင်ပါတယ်။


မွေးကင်းစ လေမဝင်ခြင်း၊ မရှူနိုင်ခြင်းကြောင့်အဆုတ်ထဲမှ အောက်ဆီဂျင်တွေ များများပြန်ဝင်လာသည့်တိုင် ဒီဒဏ်ဖြစ်တဲ့ သွေးကြောဟာ ပုံမှန်တာဝန်ယူဖို့ အဆင်မပြေ ဖြစ်နေဆဲဖြစ်သွားတာ တွေ့ရပါတယ်။



မိခင်မှာ ထိန်းထားလို့မရတဲ့ ဆီးချိုဝေဒနာပါနေတဲ့ ကလေးကိုလည်း အဆုတ်အား မပြည့်စုံဘဲ မွေးနိုင်ခြေ ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ မွေးကင်းစရဲ့ သိုင်းရွိုက်ဂလင်း အားနည်းရင်လည်း အသက်ရှူဖို့ အားနည်းနေနိုင်ပါတယ်။ မျိုးရိုးှဗီဇအရလည်း အဆုတ်အားနည်းတဲ့ သဘာဝရှိလို့ မိသားစုဆွေမျိုးထဲမှာ  မွေးမွေးချင်း အသက်ရှူရခက်တဲ့ ကလေးရှိရင် ပိုပြီး သတိထားဖို့ လိုမှာဖြစ်ပါတယ်။


မွေးကင်းစကလေးတွေကို ပထမ သုံး၊လေးရက်မှာ နွေးနွေးထွေးထွေး ထားပေးမယ်ဆိုရင် အဆုတ်မှ လုပ်ငန်းတာဝန်များ ပိုမိုဆောင်ရွက်နိုင်ရန် အားဖြည့်ပေးသလို ဖြစ်ပါတယ်။ မိခင်က ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး အာဟာရချို့တဲ့ ကြုံလှီ နေခဲ့ရင်လည်း ကလေးမှာ အထွေထွေ အားနည်းမှုနဲ့အတူ အသက်ရှုရ ခက်ခဲခြင်းဆိုတာ ရှိနိုင်ပါတယ်။ မွေးရာပါ သွေးအားနည်းရောဂါ ၊ သွေးဥနီ ပျက်စီးခြင်းရောဂါ ၊ နှလုံးအားနည်းခြင်းရောဂါတွေမှာလည်း အသက်ရှူရ ခက်ခဲခြင်းကို တွေ့နိုင်ပါတယ်။


 အကြောင်းတစ်စုံတစ်ရာကြောင့် စောမွေးကြရတဲ့ ကလေးများအတွက် မိခင်ဟာ စတီးရွိုက်ထိုးဆေးကို ကြိုတင်ရယူပြီး ကလေးအဆုတ်အားကောင်းလာဖို့ စီစဉ်သင့်ပါတယ်။ ဒီလိုထိုးထားပြီးတိုင်းလည်း စိတ်မချရသေးလို့ မွေးပြီး လေးနာရီမှ ခြောက်နာရီအတွင်း အမြဲစောင့်ကြည့်မယ့် မွေးကင်းစ ကျွမ်းကျင်သူ ဆရာဝန်ကြီးများ ၊ သူနာပြုများ ၊ စက်ပစ္စည်းများရှိရာ ဆေးရုံမှာ ထားသင့်ပါတယ်။ နောက်ထပ် စိုးရိမ်စရာ အခြအနေ ကတော့ မွေးကင်းစဟာ ရေမြွှာထဲထွက်ကျလာတဲ့ ငယ်ချေးများပါတဲ့ ရေမြွှာရေကို ရောရှူမိပြီး ရေမွန်းသွားခြင်းကြောင့် အသက်ရှူရခက်ခဲခြင်း ရှိတတ်ပါတယ်။ ဒီလိုကလေးတွေဟာ အောက်ဆီဂျင်ကို စနစ်တကျပေးဖို့ လိုတာကြောင့် ဆေးရုံမှာ လေး၊ငါးရက်လောက်ထားဖို့ ဖြစ်ပါတယ်။


 အဆုတ်တစ်ခု လေဝင်ဖို့ အဟန့်အတားဖြစ်စေတဲ့ အဆုတ်အပြင်ဘက်မှာ အပိုပေါက်ထွက်သွားတဲ့ လေအိတ်၊ အရည်တွေ စုသွားတဲ့နေရာ ၊ အူတွေ  ရင်ခေါင်းထဲ လမ်းမှားပြီး ကျွံဝင်လာတာ စတဲ့ရောဂါတွေကို ခွဲခြားသိနိုင်ဖို့ ကျွမ်းကျင်မှုရှိသော ကလေးဆရာဝန်များ၏ စမ်းသပ်ချက်နှင့်အတူ ပုံရိပ်ဖော် အဖြေရှာသော ဓာတ်မှန်ဆရာဝန်များ၏ ဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်

မွေးရာပါ အဆုတ်၏ ဖွဲ့စည်းပုံ မဟုတ်ခြင်းဟာလည်း ဓာတ်မှန်ရိုက်ကြည့်လိုက်မှ ပိုပြီး အဖြေဖော်ထုတ်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။


နောက်ဆုံးပြနာ တစ်ခုကတော့ အဆုတ်ချွဲပိတ်ပြီး လေဝင်၍မရခြင်း၊ အဆုတ်ထဲ ဗက်တီးရီးယားပိုးများ ဝင်ပြီး ရောင်ရမ်းသွားသဖြင့် လေဝင်၍ မရတော့ခြင်းတို့ ဖြစ်ပါတယ်။ပျော့ဖတ်ပြီး အင်အားချည့်နှဲ့စွာ မွေးလာသောကလေး ၊ အစာအိမ်အဝင်လမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်း ဆက်နေသောကလေး၊ အစာအိမ်အဝင်လမ်း မလုံသော ကလေးတွေမှာ ပိုပြီး ချွဲပိတ်လွယ်တာ တွေ့ရပါတယ်။


ရေမွှာစောစောပေါက်သွားပြီး အဖျားဝင်သွားတဲ့ မိခင်မှ မွေးလာတဲ့ ကလေးတွေမှာ ဗက်တီးရီးယား အဆုတ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။ ခံနိုင်ရည်စွမ်းမရှိတဲ့ မွေးကင်းစအတွက် အလွန်စိုးရိမ်ရတဲ့ အသက်အန္တရာယ်ရှိသော ရောဂါဖြစ်ပါတယ်။ လိုအပ်သောပိုးသတ်ဆေးများကို သံသယဖြစ်သည့်အချိန်မှ စ၍ ခြောက်နာရီမှ ရှစ်နာရီအတွင်း စတင်၍ အကြောဆေးဖြင့် ထိုးသွင်းပေးရန် လိုအပ်ပြီး အနည်းဆုံး တစ်ပတ်ခန့်အထိ ဆက်တိုက်ကုသမှသာ ပိုးကင်းသော အဆုတ်သည် ပုံမှန်လေဝင်လေထွက်ကို လုပ်ဆောင်မှာဖြစ်ပါတယ်။


ဖော်ပြခဲ့တဲ့ အကြောင်းတွေကတော့ မွေးကင်းစကလေး အသက်မရှူနိုင်ဖြစ်ရတာ ဘာကြောင့်လဲဆိုတာရယ်၊ ဒီအခြေအနေဟာ အမြဲတမ်း စိတ်ပူဖို့လိုပြီး ဆေးရုံမှာပဲ ကုသရမယ်၊ စောင့်ကြည့်ရမယ်၊ အောက်ဆီဂျင်ရှိရမယ်။ ဓာတ်မှှန်လည်း ခဏခဏလိုရင် ရိုက်ရမယ်။ ကုသရမယ့်ကာလကလည်း အနည်းဆုံး တစ်ပတ်အထိ ကြာနိုင်တယ်။ စက်ပစ္စည်းကိရိယာလည်း လိုပြီး ကျွမ်းကျင်စွာ ပြုစုကုသမှုလည်း အရေးကြီးပါကြောင်း မိဘများသိရှိကြစေဖို့ ရေးသားလိုက်ရပါတယ်။


Credit : ပါမောက္ခ ဒေါက်တာ ကေသီထွန်း( ကလေးအထူးကု ဆရာဝန်ကြီး)





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18