Print

အပူရှိန်ပြင်းခြင်းကြောင့် ကြုံတွေ့ နိုင်သော ကျန်းမာရေး ပြဿနာများ

  09-Mar-2019
Preview Image

ပတ်ဝန်းကျင်အပူချိန်ကို Temv(Environmental temperature)လို့ မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့ အပူချိန်ကို Tcore (Body Core Temperature) လို့ မှတ်ရပါမယ်။ အဲ့ဒီ Tcore ဟာ 37 ံC မှာ ငြိမ်နေအောင် ထိန်းထားနိုင်ရပါမယ်။ ပတ်ဝန်းကျင် အပူချိန် တက်လာလေလေ၊ Tcore ကို 37 ံC ဖြစ်အောင် ခန္ဓာကိုယ်က ကြိုးစားရလေလေပါပဲ။ ဒီတာဝန်ကို ဦးနှောက်ထဲက Hypothalamus ဆိုတဲ့ အစိတ်အပိုင်းတစ်ခုက လုပ်ပေးပါတယ်။

Temv 32.5 ံC ကျော်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ချွေးထွက်လာရမည်။ အပူတွေထွက်အောင်လုပ်ပေးပြီး Tcore ကို ထိန်းထားနိုင်ရပါမယ်။ အဲဒီလိုမှ မလုပ်ပေးနိုင်ရင် Tcore အလွန်အကျွံတက်လာပြီး ခန္ဓာကိုယ်ရဲ့ Enzymes စနစ်တွေ ပျက်စီးသွားပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ Heat Stroke လို့ခေါ်ကြတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရပါလိမ်မယ်။

အပူရှိန် ပြင်းတာကြောင့် ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာများ

နွေရာသီမှာ ပူပြင်းမှုကြောင့်ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတွေကို -
(၁) Heat rash
(၂) Heat cramps
(၃) Heat illness
(၄) Heat stroke ဆိုပြီး အကြမ်းဖျင်းလေးမျိုး ခွဲလို့ရပါတယ်။

(၁) Heat rash - မြန်မာလို အနီးစပ်ဆုံးတော့ ‘ မိတ် ’ ပေါက်တယ်လို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။ ချွေးထွက်တဲ့ ဂလင်းတွေ (Glands) ပိတ်ကုန်ပြီး အဖုအပိမ့်တွေ အင်ပျဉ်ထွက်သလို ထွက်လာ တတ်လာမျိုးပါ။

(၂) Heat cramps - ဆိုတာမျိုးကတော့ ပူအိုက်တဲ့ရာသီဥတုမှာ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ ကြွက်သားတွေ (အထူးသဖြင့် ခြေသလုံးရဖို့ ကြွက်သားတွေ) နာကျင်ကိုက်ခဲတာမျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်တဲ့အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကို ပိုဖြန့်မိတဲ့အခါ ( ဥပမာ - ချွေးထွက်များတဲ့အခါ ဓာတ်ဆားဖျော်ရည် မသောက်မိဘဲ ရေပဲ သောက်နေမိတဲ့အခါ) မျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေတွေအထိ Tcore က မတက်သေးဘဲ ပုံမှန်ပဲ ထိန်းသိမ်းထားပါသေးတယ်။

(၃) Heat illness - ဆိုတာမျိုးကတော့ Tcore 37 ံC ထက်ကျော်လာပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ နုံးခွေနေတာ၊ ခြေမသယ်ခင်လက်မသယ်ချင်ဖြစ်တာ၊ မူးဝေလာတာနဲ့ သတိလစ်တာတွေပါ တွဲဖြစ်လာတာမျိုးကို ခေါ်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံး အခြေအနေဖြစ်တဲ့ Heat stoke ရဖို့ အခွင့်အလမ်း အရမ်းများနေပြီဖြစ်တဲ့အတွက် စနစ်တကျ မြန်မြန်ဆန်ဆန် ကုသဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်အပူချိန် (Temv) ကို မြန်မြန် ချပေးရပါမယ်။ လေအေးပေးစက် တပ်ထားတဲ့ အခန်းထဲမှာ ထားဖို့လိုပါတယ်။ ရေဖတ်ရွှဲနစ်နေအောင် တိုက်တာ၊ ပန်ကာဖွင့်အခြောက်ခံတာတွေလုပ်ပြီး အပူတွေထွက်အောင် လုပ်ပေးရပါမယ်။


အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ

Tcore 41 ံC ထက်ကျော်သွားပြီဆိုရင်တော့ အသက်အန္တရယ် ဆုံးရှုံးဖို့ လက်တစ်ကမ်းသာ လိုတော့တဲ့ Heat Stroke လို့ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ပြောပြခဲ့ပြီးတဲ့ လက္ခဏာတွေအပြင် လူနာဟာ တစ်ဖန်ပြန်မနိုးတော့တဲ့ Coma လို့ ခေါ်တဲ့ အခြေအနေနဲ့ ရက်ပေါင်း၊ လပေါင်း များစွာ နေထိုင်သွားရတတ်ပါတယ်။


Heat Stroke ဖြစ်နိုင်ခြေများသူများ

ဒီလို Heat stroke ဆိုတဲ့ အခြေအနေမျိုးဟာ အသက်အရွယ်ကြီးရင့်သူတွေ၊ ဆီးချိုဝေဒနာရှင်တွေ၊ အရက်သောက်သုံးသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာဆေးသောက်သုံးနေရသူတွေ၊ ဆီးဆေးသောက်နေရသူတွေနဲ့ အရမ်းပူတဲ့အချိန်မှာ အဝတ်အစားထူထူဝတ်ပြီး အားကစား လေ့ကျင့်ခန်းလုပ်မိသူတွေ၊ အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့ အပြင်ထွက်သူတွေမှာ ပိုဖြစ်လေ့ရှိပါသည်။


ကုသမှု

ကုသမှုအပိုင်းအနေနဲ့ကတော့ အတွင်းလူနာအဖြစ် အရေးပေါ်ကြပ်မတ်ကုသခန်းလိုမျိုးမှာ စနစ်တကျ ကုသမှုခံယူဖို့ လိုပါတယ်။ Tcore 41 ံC ထက် ကျော်နေတာတောင်မှ အချိန်မီကုသလိုက်နိုင်ရန် ပြန်ကောင်းပါတယ်။ အရေးအကြီးဆုံးကတော့ အချိန်မီဆေးရုံကို ရောက်ဖို့ပါပဲ။


အပူရှိန်ပြင်းတဲ့အချိန်မှာ လိုက်နာသင့်တဲ့ ကာကွယ်မှုအပိုင်း

ဒီတော့ အပူကြောင့် ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလက္ခဏာတွေကို သိရှိနားလည်ထားရပါမယ်။ အခြေခံအားဖြင့် Common Sense လို့ခေါ်တဲ့ နေပူထဲ ထွက်ရင် ထီး၊ ဦးထုပ်ဆောင်းရမယ် ဆိုတာမျိုး၊ အဝတ်အထည်ချည်ထည်လို ပါးပါးဝတ်ရမယ်ဆိုတာမျိုး၊ လေဝင်လေထွက်ကောင်းအောင် ထားရမယ်ဆိုတာမျိုး၊ အရိပ်ထဲ နေရမယ်ဆိုတာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆားသောက်ပေးရမယ် ဆိုတာမျိုး၊ မိတ်ထွက်လာရင် အေးနေအောင် ထားရမယ်ဆိုတာမျိုး (ပျစ်ချွဲစေးကပ်သော Cream များ မလိမ်းရပါ) ဒီလိုမျိုး Common Sense တွေလည်း ရှိနေဖို့ လိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း Media မျိုးစုံကနေ ပြည်သူလူထု သေသေချာချာ နားလည်သဘောပေါက်လာအောင် (တစ်နေ့နှစ်ကြိမ်လောက်၊သတင်းအပြီး ဖတ်ပြတာမျိုးမဟုတ်ဘဲ) ထဲထဲဝင်ဝင် အသိပညာပေးနေဖို့ လိုအပ်ပါသည်။

Credit : ဒေါက်တာဟိန်းရာဇာအောင်
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18