Print

ကိုယ်ဝန်ဆောင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ

  13-Aug-2018
Preview Image

အန္တရာယ်ကင်းတဲ့ မိခင်ဘဝ (Safe motherhood)

ကိုယ်ဝန်ဆောင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ၏ အဓိကရည်ရွယ်ချက်ကတော့ အန္တရာယ်ကင်းတဲ့မိခင်ဘဝရရန် ရည်ရွယ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် မွေးဖွားခြင်းတို့ကြောင့် မည့်သည့်မိခင်၊ ကလေးကိုမှ မထိခိုက်ရအောင် ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။ ကိုယ်ဝန်စောင့်ရှောက်မှု၊ မွေးဖွားပေးစဉ် စောင့်ရှောက်မှု၊ မွေးဖွားပြီးချိန်စောင့်ရှောက်မှုနှင့် မွေးကင်းစကလေးစောင့်ရှောက်မှု အားလုံးပါဝင်ပါတယ်။ အားလုံးသည် မိခင်နှင့်ကလေး ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုလျော့ကျအောင် ရည်ရွယ်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်။


ကိုယ်ဝန်မဆောင်ခင်ပြင်ဆင်ခြင်း(Pregnancy care and counselling)

× ကိုယ်ဝန်ယူဖို့သင့်တော်သောအချိန်ကို ဇနီးမောင်နှံနှစ်ဦး တိုင်ပင်ရွေးချယ်ပြီး ဆုံးဖြတ်ပါ။

× ကိုယ်ဝန်တကယ်မယူခင် ၃လခန့်ကြိုတင်အချိန်ယူပြင်ဆင်ပါ။

× ရွေးချယ်တဲ့ အချိန်ထက် အနည်းဆုံး ၃လလောက်ကြိုပြီး လက်ရှိသုံးနေတဲ့ သားဆက်ခြားဆေးများကို ရပ်ထားပါ။ ရပ်ထားစဉ်ကာလမှာ ကွန်ဒုံးသုံးနေသင့်ပါတယ်။ တစ်ကြိမ်တော့အနည်းဆုံး ပုံမှန်ရာသီပြန်ဆင်းသင့်ပါတယ်။အချို့သားဆက်ခြားဆေးများသည် ဆေးဖြတ်ပြီးရာသီပုံမှန်ပြန်လာရန် အချိန်အတိုင်းအတာတစ်ခုထိ ကြာတတ်ပါတယ်။အဲဒီလို ရာသီလာတာပုံမမှန်သေးတဲ့အချိန်မှာ ကိုယ်ဝန်တည်မိသွားရင် ကလေးဘယ်တော့မွေးမလဲဆိုတာကို ခန့်မှန်းရခက်ပါတယ်။

× အမျိုးသမီးက ကိုယ်ဝန်မဆောင်ခင် ၁လအလိုခန့်ကစပြီး ဖောလစ်အက်ဆစ်အားဆေးကို ၁နေ့၁လုံးစသောက်သင့်ပါတယ်။ သွေးအားနည်းပါက သံဓါတ်ဆေးပြားလည်း ကြိုသောက်ထားသင့်ပါတယ်။

× အမျိုးသားရော အမျိုးသမီးပါ ကာလသားရောဂါပိုး၊ HIVရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး လိုအပ်ပါက ကုသမှု ခံယူထားသင့််ပါတယ်။ တွေ့ဆုံဆွေးနွေးမှု ခံယူသင့်ပါတယ်။

× ဇနီးမောင်နှံနှစ်ယောက်လုံး အရက်၊ဆေးလိပ်၊မူးယစ်ဆေးဝါးဖြတ်ပါ။

×အမျိုးသမီးက ဝနေရင် ကိုယ်အလေးချိန်လျှော့ချပါ၊ အာဟာရ မျှမျှတတစားရန် လိုအပ်ပါတယ်။

×သင်နှင့်သင့်အမျိုးသား၊ သင်နှင့်သင့်အမျိုးသား၏ မိဘ၊အဖိုးအဖွားများတွင် မျိုးရိုးလိုက်တတ်သောရောဂါ တစ်မျိုးမျိုးရှိနေပါက ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်း၊ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

×အိမ်နှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ အန္တရာယ်ဖြစ်စေနိုင်သောဓါတုပစ္စည်းများရှိခဲ့လျှင် ထိတွေ့မှု၊ရှူရှိုက်မှုမရှိစေရန် သတိထားပါ။


ကိုယ်ဝန်ရှိခြင်း၏လက္ခဏာများ

× ရာသီထိန်ခြင်း

× ပျို့အန်ခြင်း၊အစားအသောက်ပျက်ခြင်း

× ရင်သားကြီးလာ၊တင်းလာခြင်း

× နို့သီးခေါင်းများ ကြီးလာ၊မဲလာခြင်း

× မကြာခဏဆီးသွားလိုခြင်း

× ဝမ်းချုပ်လာခြင်း

× မိန်းမကိုယ်မှ အဖြူဆင်းများခြင်း

× မောပန်းနွမ်းနယ်တတ်ခြင်း

× အိပ်ငိုက်ခြင်း


ကိုယ်ဝန်အပ်ခြင်း

ကိုယ်ဝန်ရှိပြီလို့သိသိချင်းပြသသင့်ပါတယ်။ကိုယ်ဝန်ပထမ၃လအတွင်းပြနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။

အနည်းဆုံးမမွေးမီမှာ (၄)ကြိမ်တော့ ပြသသင့်ပါတယ်။(၄)ကြိမ်က 

  *ပထမအကြိမ်- ပထမကိုယ်ဝန် (၃)လအတွင်း

  *ဒုတိယအကြိမ်- ကိုယ်ဝန် (၆)လ၊ (၇)လမှာ

  *တတိယအကြိမ်- ကိုယ်ဝန် (၈)လမှာ

  *စတုတ္ထအကြိမ်-ကိုယ်ဝန်(၉)လမှာဖြစ်ပါတယ်။

ဖြစ်နိုင်ရင်ကိုယ်ဝန်ကို အကြိမ်စိပ်စိပ်ပြနိုင်ရင်အကောင်းဆုံးပါ။

  *ပထမ (၇)လမှာ တစ်လတစ်ကြိမ် - (၇)ကြိမ်

  *(၇)လမှ(၈)လခွဲအထိ နှစ်ပတ်တစ်ကြိမ် - (၃)ကြိမ်

  *(၈)လခွဲမှ မွေးဖွားပြီးသည့်အထိ တစ်ပတ်တစ်ကြိမ် - (၃)ကြိမ်

စုစုပေါင်း (၁၃)ကြိမ်လောက်ပြနိုင်ပါတယ်။

သင့်ကိုယ်ဝန်နှင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အကြိမ်များများပြဖို့လိုအပ်ပါကပြသရပါမယ်။


×ပထမအကြိမ်ကို ကိုယ်ဝန်ပထမ ၃လအတွင်းစောနိုင်သမျှစောစောပြသရန်လိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနှင့် မွေးဖွားခြင်းဆိုင်ရာ ရာဇဝင်တွေကို အဓိကထားပြီး စစ်ဆေးပေးမှာဖြစ်ပါတယ်။

×ဒုတိယအကြိမ်ကိုတော့ ကိုယ်ဝန် ၆လခွဲလောက်မှာပြဖို့ဖြစ်ပါတယ်။ကိုယ်ဝန်ရဲ့ ကြီးထွားမှုအဆင့်နဲ့ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေကို စမ်းသပ်ကြည့်ရှူပေးမှာဖြစ်ပါတယ်။

×တတိယအကြိမ်ကို ကိုယ်ဝန် ၈လခန့်မှာပြသင့်ပါတယ်။မွေးဖွားစဉ်မှာ ကိုယ်ဝန်ဟာအမွှာဟုတ်မဟုတ် စမ်းသပ်တာတွေ၊လိုအပ်တဲ့ညွှန်ကြားချက်တွေ၊အကြံဉာဏ်တွေကို အဓိကပေးမှာဖြစ်ပါတယ်။

×စတုတ္ထအကြိမ်ကိုတော့ကိုယ်ဝန် ၉လနှင့် ၉လခွဲအကြားရမှာစောင့်ရှောက်မှုခံယူသင့်ပါတယ်။ဒီအခါမှာ သန္ဓေသားရဲ့ဦးတိုက်ပိုင်းကို သေချာစွာစစ်ဆေးပါ၊ဗိုက်နာလာလျှင် ဘယ်လိုလုပ်ရမလဲ၊ဘယ်သူကိုခေါ်ရမလဲ ဘယ်နေရာသွားရမယ်စတဲ့ ကြိုတင်ပြင်ဆင်အကြံပေးမှာဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းပြုလုပ်ရမည့်စစ်ဆေးမှုများ

×သွေးစစ်ခြင်း(CP-အထူးသဖြင့် သွေးအားနည်းခြင်းရှိမရှိစစ်ဆေးခြင်း၊သွေးအမျိုးအစားနှင့်အုပ်စုခွဲခြင်း၊ကာလသားရောဂါပိုးစစ်ဆေးခြင်း၊HIVပိုး၊အသည်းရောင်အသည်းဝါ ဘီပိုး၊စီပိုးစစ်ဆေးခြင်း၊သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း)

×ဆီးစစ်ခြင်း(အသားဓာတ်စစ်ဆေးခြင်းနှင့်ပုံမှန်စစ်ဆေးခြင်း)

×Ultrasound(တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း ဖြင့် ကိုယ်ဝန်အသက်၊ကလေးအနေအထား၊အချင်းအနေအထား၊ရေမွှာရည်ပမာဏ၊ကိုယ်လက်အဂါၤချို့တဲ့မှုရှိမရှိ၊မွေးဖွားမည့်ရက်များကိုခန့်မှန်းနိုင်ပါတယ်)


**ကိုယ်ဝန်ဆောင်မိခင်တွင်ရှိသော ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်ပါက ထပ်ဆောင်း စစ်ဆေးမှုများပြုလုပ်ရတတ်ပါတယ်။


မေးခိုင်ကာကွယ်ဆေး

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မေးခိုင်ကာကွယ်ဆေး (၂)ကြိမ်ထိုးရပါမယ်။ကာကွယ်ဆေးတစ်ကြိမ်နဲ့တစ်ကြိမ် (၄)ပတ်ခြားပြီးထိုးရပါမယ်။ကျန်းမာရေးဋ္ဌာနတွေမှာ ပထမဆုံးကိုယ်ဝန်စပြရင်မေးခိုင်ကာကွယ်ဆေး (၁)ကြိမ်ထိုးပါတယ်။နောက်(၄)ပတ်ကြာတဲ့အခါ နောက်(၁)ကြိမ်ထပ်ထိုးပါတယ်။


အသက်အန္တရာယ်ရှိသောကိုယ်ဝန်ဆောင်များကို ဆေးရုံများသို့လွှဲခြင်း

အောက်ဖော်ပြပါအခြေအနေရှိသူများသည် ဖြစ်နိုင်ပါက ဆေးဝါး၊ဆေးကိရိယာ၊သားဖွားမီးယပ်အပြည့်အစုံရှိသည့် ဆေးရုံများတွင်သာ ကိုယ်ဝန်အပ်နှံသင့် ၊မွေးဖွားသင့်ပါတယ်။

×အသက်၁၈နှစ်အောက် နှင့် အသက် ၃၅နှစ်အထက်ကိုယ်ဝန်ဆောင်သူများ

×သက်ဦးကိုယ်ဝန်ဆောင်သူများ နှင့် ၅ယောက်နှင့် ကိုယ်ဝန်ဆောင်သူများ

×အရပ် ၄ပေ ၁၀လက်မအောက်ရှိသူများ

×ကိုယ်အလေးချိန် ၁၀၀ကီလိုဂရမ်နှင့်အထက်ရှိသောဝလွန်းသူများ၊ ၄၅ကီလိုဂရမ်အောက်ရှိ ပိန်လွန်းသူများ

×ရာသီပုံမှန်မလာထားသူများ(နောက်ဆုံးရာသီလာထားတဲ့ရက်ကို မသိသောသူများ)

×အိမ်ထောင်သက်တမ်းကြာမှ ကိုယ်ဝန်ဆောင်သူများ၊ အကူနည်းလမ်းဖြင့်ကိုယ်ဝန်ဆောင်သူများ(Assisted fertilization)

×နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လည်ပင်းကြီးအကျိတ်ရောဂါ၊အတက်ရောဂါ၊ကျောက်ကပ်ရောဂါ၊ သွေးရောဂါများ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ အသည်းရောင်ရောဂါ၊ အရင်ကိုယ်ဝန်ဆောင်စဉ်က  ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်ဖူးသူများ၊ သွေးပြန်ကြောပိတ်ခြင်းရောဂါရှိဖူးသူများစသည်ဖြင့်

×သားအိမ်အသားလုံးခွဲစိတ်ထားသောသူများ၊ပထမကိုယ်ဝန်ကိုခွဲမွေးထားသည့်သူများ၊မွေးဖွားပြီးသွေးသွန်ခြင်း၊အချင်းကျန်ခြင်း၊လမစေ့ဘဲမွေးထားခြင်း၊ညှပ်ဆွဲ၊လေစုပ်၍မွေးထားရသူများ

×ကလေးအသေမွေးခြင်း၊မွေးပြီး၁ပတ်အတွင်းသေဆုံးခြင်း၊ ပေါင်မပြည့်သောကလေး သို့မဟုတ် ၄.၅ ကီလိုဂရမ်အထက်ရှိသောကလေးမွေးဖွားဖူးသူများ


ကိုယ်ဝန်ဆောင်နှင့်အာဟာရ

ကိုယ်ဝန်ဆောင်ချိန်တွင် အစားရှောင်စရာမလိုပါ။အစားရှောင်ရင် လိုအပ်တဲ့အာဟာရဓာတ်များ မပြည့်ဝတော့တဲ့အတွက် ကလေးဖွံ့ဖြိုးမှုမကောင်းပါ။မိခင်ရဲ့ ခွန်အားကိုလည်းဆုတ်ယုတ်စေပါတယ်။မွေးဖွားရာမှာ ပိုမိုခက်ခဲလာတတ်တာကို တွေ့ရပါတယ်။ 

နေ့စဉ်စားနေကျအစာတွေထဲမှာပါတဲ့ အစာအုပ်စု (၃)ခုက အစာတွေကို မျှမျှတတပါဝင်အောင် စားသုံးရမှာဖြစ်ပါတယ်။ 

အစာအုပ်စုများမှာ

၁။အင်အားကိုဖြစ်စေသောအစာအုပ်စု--ထမင်း၊ထမင်းရည်၊ပေါင်မုန့်၊ဂျုံနှင့့်ပြုလုပ်သောအစားအစာများ၊မပြည့်ဝဆီများ စသည်တို့ကိုပုံမှန်အတိုင်းစားသောက်ပါ။

၂။ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်စေသောအစာအုပ်စု--အသား၊ငါး၊ဥ၊ပဲအမျိုးမျိုး၊နို့နှင့်နို့ထွက်ပစ္စည်းများ စတဲ့အသားဓာတ်ပါသောအစားအစာများကိုပို၍စားပေးပါ။

၃။ရောဂါကာကွယ်စေသောအစာအုပ်စု--ဟင်းသီးဟင်းရွက်နှင့်အသီးအနှံအမျိုးမျိုးကို သေချာစွာဆေးကြော၍ စားနိုင်သလောက်များများစားပါ။

ဒါ့အပြင် ဗီတာမင်နှင့်သတ္တုဓာတ်များ လုံလောက်စွာ စားသုံးရန် လည်းလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အဓိကလိုအပ်တဲ့ သတ္တုဓာတ်ကတော့ သံဓာတ်နဲ့ကယ်လ်ဆီယမ်ဓာတ်တို့ဖြစ်ပါတယ်။

သံဓာတ်လိုအပ်ချက်ကို အသား၊အသွေး၊အသည်းတွေကရတဲ့ သံဓာတ်နဲ့ဖြည့်တင်းနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။အစိမ်းရောင်ဟင်းရွက်နှင့် ပဲမျိုုးစုံတွေကလည်း သံဓာတ်ကိုရရှိနိုင်ပါတယ်။

ကယ်လ်ဆီယမ်ဟုခေါ်သော ထုံးဓာတ်၏နေ့စဉ်လိုအပ်ချက်မှာ သာမန်အမျိုးသမီးတစ်ယောက်အတွက်  (၅၀၀)မီလီဂရမ်ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများကတော့တစ်နေ့ကို (၁၀၀၀)မီလီဂရမ်ခန့်လိုအပ်ပါတယ်။ ထုံးဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေက နို့နှင့်နို့ထွက်ပစ္စည်းများ၊ အရိုးပါဝါးစားလို့ရသောငါးကလေးများ၊ပုစွန်ဆိတ်၊နှမ်း၊ဒန့်သလွန်ရွက်၊ဟင်းနုနွယ်ရွက်၊ပေါက်ပန်းဖြူရွက်စသည်တို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အဓိကလိုအပ်တဲ့ ဗီတာမင်ကတော့ ဖောလစ်အက်ဆစ်ဖြစ်ပါတယ်။အသည်း၊ပဲမျိုးစုံနှင့်အစိမ်းရောင်ဟင်းရွက်များသည် ဖောလစ်အက်ဆစ်ကြွယ်ဝသောအစာများဖြစ်လို့ဂရုစိုက်စားသင့်ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်တွေကိုဝေတဲ့ သံဓာတ်နှင့် ဖောလစ်အက်ဆစ်ဆေးပြားများက ကိုယ်ဝန်ဆောင်နေတုန်း တစ်နေ့၁လုံးသောက်ထားသင့်ပါတယ်။ထိုသို့သောက်ခြင်းအားဖြင့်မိခင်မှာသွေးအားနည်းရောဂါနှင့် သန္ဓေသားမှာ မွေးရာပါ ဦးနှောက်နှင့်အာရုံကြောချို့ယွင်းမှုကို ကာကွယ်နိုင်မှာပါ။


ရှောင်ကြဉ်ရန်အစားအစာများမှာ--

-အရက်နှင့်မူးယစ်ဆေးဝါးများ

-ကော်ဖီနှင့်ကဖင်းဓာတ်ပါသောအစားအသောက်များ

-သကြားနှင့်အချိုဓာတ်များသောမုန့်များနှင့် အချိုရည်များ

-ချိစ်အပျော့များ

-မက်ကရယ်ငါးနှင့် အခြားပင်လယ်စာငါးများ

-ဆူရှီ နှင့်အသားစိမ်း၊ ငါးစိမ်းများ

-ကြက်ဥ၊ဘဲဥအစိမ်းများ

-တိုင်းရင်ဆေးများ

ဆရာဝန်ဆရာမများညွှန်ကြားထားသောဆေးများကလွဲ၍အခြားဆေးဝါးများကို မသောက်သုံးသင့်ပါဘူး။


အန္တရာယ်ရှိသောလက္ခဏာများ

အောက်ပါအခြေအနေများဖြစ်ပေါ်လာရင် နေ့၊ညမစောင့်ဆိုင်းဘဲ ဆေးရုံ၊ဆေးခန်းကို ချက်ချင်းသွားပြပါ။

-မိန်းမကိုယ်မှသွေးဆင်းခြင်း

-တက်ခြင်း

-သတိလစ်ခြင်း

-ခေါင်းပြင်းထန်စွာကိုက်ခြင်း

-အမြင်မှုန်ဝါးခြင်း

-ဖျားပြီး အိပ်ယာမှမထနိုင်လောက်အောင် အားနည်းခြင်း

-ဝမ်းဗိုက်အလွန်အမင်းနာခြင်း

-အသက်ရှူမြန်ခြင်း၊အသက်ရှူရန်ခက်ခဲခြင်း


အောက်ပါလက္ခဏာများရှိရင်လည်း ကျန်းမာရေးဋ္ဌာန၊ဆေးရုံ၊ဆေးခန်းများကို တတ်နိုင်သမျှအမြန်ဆုံးသွားပြပါ။

-မျက်နှာ၊လက်နှင့် ခြေများဖောယောင်လျှင်

-ဆီးနည်းသွားလျှင်

-ဖျားလျှင်

-ဗိုက်နာလျှင်

-နေမကောင်းဖြစ်လျှင်

-ရေမွှာပေါက်ပြီး (၆)နာရီကြာသည်အထိ ဗိုက်မနာလျှင်


မွေးဖွားရန်အတွက်ကြိုတင်ပြင်ဆင်မှုများ

အောက်ပါအချက်များကို တစ်ချက်ခြင်းစဉ်းစားစစ်ဆေးပြီး ပြည့်စုံအောင်စီမံထားသင့်ပါတယ်။

-ကလေးမွေးဖွားမည့် ခန့်မှန်းရက်

-ကလေးမွေးဖွားရန်သားဖွားကျွမ်းကျင်သူတစ်ဦးဦးကိုရွေးချယ်ထားခြင်း

-မွေးဖွားခြင်းနှင့်အရေးပေါ်ကိစ္စရပ်များအတွက် သွားရန် ဆေးရုံ၊ဆေးခန်းများကို ရွေးချယ်ထားခြင်း

-အရေးပေါ်ဖြစ်သည့်အချိန်တွင်  စောင့်ရှောက်နိုင်မည့် သူတစ်ယောက်ယောက်ရှိခြင်း

-အရေးပေါ်အခြေအနေတွင် လိုအပ်သောငွေ၊သယ်ယူပို့ဆောင်မှုများကိုကြိုတင်ပြင်ဆင်ထားခြင်း

-မွေးဖွားရန်အတွက် အခြေခံအကျဆုံးလိုအပ်သော ပစ္စည်းများကိုကြိုတင်ပြင်ဆင်ထားခြင်း

(-သန့်ရှင်းပြီးအနွေးဓာတ်ရှိသောအခန်းတစ်ခန်း သို့မဟုတ် အခန်း၏ထောင့်တစ်နေရာ

-ပိုးသန့်စင်ထားသည့်တစ်ခါသုံး မွေးဖွားအိတ်ငယ်တစ်ခု

-မိခင်နှင့်ကလေးအတွက် သန့်ရှင်းသောအဝတ်အစားများ

-သန့်ရှင်းသောအနှီးပိတ်များ၊ အိပ်ယာခင်းများ၊အဝတ်စများ)

-မွေးဖွားစဉ်နှင့် မွေးပြီးအနည်းဆုံး (၂၄)နာရီကြာသည့်အထိ အနီးတွင်နေပေးမည့်သူ

-အိမ်မှုကိစ္စနှင့် အခြားကလေးကိစ္စများကို ကူညီပေးမည့်သူ

-သံဓာတ်နှင့် ဖောလစ်အက်ဆစ်ဆေးပြားများ

-နောက်တစ်ကြိမ် ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန်အတွက် ရက်ချိန်း၊ကိုယ်ဝန်ဆောင်မိခင် လက်ဝယ်ထားရှိရမည့် မှတ်တမ်းစာအုပ်


Translated by Dr Khin Jyu Jyu Ko

Ref:NHS choices, Lecture notes on obstetrics မျိုးဆက်ပွားကျန်းမာရေး အမေး-အဖြေစာအုပ် 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18