Print

အတက်ရောဂါနှင့် အိမ်တွင်းပြုစုနည်း

  12-May-2018
Preview Image

လူအများစုက လူတစ်ယောက်လမ်းမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် တက်နေပြီဆိုရင် အထူးတဆန်း ဝိုင်းကြည့်တာမျိုးတွေ ရှိကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်များ တက်နေပြီဆိုရင်တော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပါးစပ်ထဲဇွန်းထည့်တာမျိုး တစ်ခါတစ်လေ ကလေးကတက်လို့ အဖေလုပ်သူက ပါးစပ်ထဲ လက်ထည့်တာမျိုးတွေအထိ ကြုံဖူးပါတယ်။ ကလေးက အဆက်လည်းကျရော ဇွန်းကိုက်မိလို့ သွားကျိုးတာမျိုး၊ အကိုက်ခံရလို့ လက်တွေပေါက်ပြဲ သွေးထွက်တာမျိုးတို့ ဆိုတာ ခဏခဏကြုံရပါတယ်။ အခု ဒီဆောင်ပါးလေးကို ဖတ်ပြီးရင်တော့ လူတစ်ယောက် ကိုယ့်ပတ်ဝန်းကျင်မှာ တက်နေပြီဆိုရင် ဘာတွေလုပ်ရမလဲဆိုတာ အနည်းငယ်လောက်တော့ သိသွားနိုင်ပါပြီ။


အကယ်၍ သင်ဟာ လူတစ်ယောက်တက်နေတာကို မြင်တဲ့သူဆိုရင် ဆရာဝန်တွေရဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုမှာ အကူအညီပေးနိုင်ပါတယ်။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ လူတစ်ယောက်တက်နေစဉ်နဲ့ အတက်ပြန်ကျသွားတဲ့အချိန် ဘာတွေဖြစ်သလဲဆိုတာ နီးနီးကပ်ကပ် အာရုံစိုက်ကြည့်ပါ။


လူတစ်ယောက်တက်နေစဉ်တွင် ထိုသူအားထိခိုက်ဒဏ်ရာမရစေရန် ကာကွယ်ပါ။


• ဖြစ်နိုင်မယ်ဆိုရင် လဲကျမသွားအောင် ထိန်းထားပေးပါ (သို့) ကြမ်းပြင်ပေါ်ကို ညင်သာစွာလဲလျောင်းနိုင်အောင် ထိန်းပေးပါ။


• အကယ်၍ တက်နေတဲ့လူက သင်ရောက်သွားတဲ့အချိန် မြေပြင်ပေါ်မှာ လဲနေတယ်ဆိုရင်တော့ သူ့ကို ဘေးစောင်းပေးပါ။ ဒါမှသာ သူ့ပါးစပ်ထဲက အရည်တွေအပြင်ကို ကျလာမှာပါ။ သတိထားရမှာကတော့ သူ့ကိုမဖိမိပါစေနဲ့။


• ပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့ (သင့်လက်တွေ အပါအဝင်ပေါ့) သူ့ပါးစပ်ထဲကို တစ်ခုခုထည့်ပေးခြင်းက သူ့ကိုသွားကျိုးတာတို့ မေးရိုးကျိုးတာတို့အထိ အနာတရ ဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် သင်တောင် အကိုက်ခံရနိုင်ပါတယ်။


• သူ့ကို အခြားနေရာပြောင်းရွေ့တာ၊ ဖိအားချုပ်ထားတာမျိုး မလုပ်ပါနဲ့။ အဲ့လိုလုပ်တာက ပခုံးအဆစ်လွဲတာ အစရှိတဲ့ ထိခိုက်ဒဏ်ရာတွေ ရနိုင်ပါတယ်။


တက်နေစဉ်အတွင်းမှာလဲ သေချာဂရုတစိုက်ကြည့်ပေးနေခြင်းဖြင့် ဆရာဝန်များကို ရောဂါရာဇဝင်ပြောရာမှာ အထောက်အကူဖြစ်ပါတယ်။


• သူ့ကိုယ်ခန္ဓာ ဘယ်လိုလှုပ်ရှားသွားတယ်။


• တက်တာက ဘယ်လောက်ကြာတယ်


• မတက်ခင်မှာ သူဘယ်လိုအပြုအမူတွေလုပ်တယ်။


• တက်ပြီးသွားတဲ့အခါမှာရော သူချက်ချင်း ဘယ်လိုအပြုအမူတွေ လုပ်တယ်။


• တက်နေတုန်းက ဘယ်လိုထိခိုက်ဒဏ်ရာတွေ ရခဲ့သလဲ ဆိုတာမျိုးတွေကို သတိထားကြည့်ရပါမယ်။

တက်ပြီးသွားပြီဆိုရင်တော့

• ဒဏ်ရာအနာတရတွေရသေးလားလို့စစ်ဆေးပါ။


• အကယ်၍ တက်နေတုန်းမှာ သင်ကသူ့ကို ဘေးမစောင်းပေးနိုင်ဘူးဆိုရင်တော့ သူအတက်ကျသွားချိန်၊ တောင့်တင်းတာတွေ လျော့သွားချိန်မှာ ဘေးစောင်းပေးနိုင်ပါတယ်။


• အကယ်၍ လူနာက သက်ရှူရခက်ခဲနေတာမျိုးရှိရင် သင့်လက်ချောင်းကို သုံးပြီး သူ့ပါးစပ်ထဲက အန်ဖတ်တို့ အချွဲတို့ကို ဖယ်ထုတ်ပေးရပါမယ်။


• လူနာက ကောင်းကောင်းမနိုးသေးရင် (သို့) သတိမရသေးရင် ရေ (သို့) အစာဘာမှမကျွေးပါနဲ့။


• လူနာကောင်းကောင်းသတိရသည်အထိ (သို့) လူနာကပတ်ဝန်းကျင်ကို သိရှိလာသည်အထိ သူနဲ့နေပေးပါ။ လူအများစုက တက်ပြီးရင် မှေးနေတာ (သို့) ကယောင်ကတမ်းဖြစ်တာမျိုးတွေ ရှိပါတယ်။


အတက်ရောဂါရှိသူတွေ၊ တစ်ခါတက်ဖူးသူတွေဟာ ကားမောင်းတာ၊ ရေကူးတာ၊ လှေကားအမြင့်တက်တာ၊ စက်ပစ္စည်းကိုင်တွယ်တာတွေ မလုပ်ခင် ဆရာဝန်နဲ့ပြသစစ်ဆေး စမ်းသပ်ပြီး ဆရာဝန်ခွင့်ပြုချက်ရမှသာ လုပ်သင့်ပါတယ်။

အိမ်မှာစောင့်ကြည့်ရင်း သတိထားသင့်သော လက္ခဏာများ


အိမ်မှာစောင့်ကြည့်ရင်းနဲ့ အောက်ပါလက္ခဏာများရှိရင် ဆရာဝန်ကို ချက်ချင်းပြသသင့်ပါတယ်။


• အတက်ရောဂါရှိပြီး အရင်တက်နေကျပုံစံမဟုတ်သော တက်ခြင်းမျိုး


• ရောဂါလက္ခဏာများ ပိုမိုဆိုးလာခြင်း (သို့) ခဏခဏ တက်လာလျှင် ဆရာဝန်နှင့် ချက်ချင်းပြပါ။


Credit: Healthwise for every health decision

Dr. Tun



Related Articles


Advertisment 18