Print

Optic Neuritis (မျက်လုံးကြော ရောင်ရမ်းခြင်း)

  22-Jun-2017
Preview Image


မျက်လုံးမှ ဦးနှောက်သို ့အမြင်ဆိုင်ရာ သတင်းအချက်အလက်များ ပို ့ပေးသော(Optic nerve) အမြင်အာရုံကြောများ ရောင်ရမ်းကာ နာကျင်မှုနှင့် ယာယီ အမြင်အာရုံဆုံးရှံူးခြင်းများ ဖြစ်ပေါ်လာခြင်းကို မျက်ကြောရောင်ခြင်းဟု ခေါ်သည်။


လက္ခဏာများ

မျက်ကြောရောင်ခြင်း၏ ရောဂါ လက္ခဏာများ အနေဖြင့် မျက်လုံးနာကျင်ခြင်းနှင့် အမြင်အာရုံ ယာယီဆုံးရှံူးခြင်းနှင့် တစ်ချို ့လူနာများတွင် ရာသက်ပန် အမြင်အာရုံ ဆုံးရှံူးခြင်းအထိ ဖြစ်နိုင်ပါသည်။ ထို ့ပြင် အရောင် မခွဲခြားနိုင်ခြင်းနှင့် ပြိုးပြိုးပြက်ပြက် မြင်နေခြင်းများ စသော လက္ခဏာများ ပြတတ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

မျက်ကြောရောင်ခြင်းကို အဓိက ဖြစ်ပွားစေသော အကြောင်းအရာကို မသိရှိသေးသော်လည်း လူ ့ခန္ဓာကိုယ်၏ ခုခံအားက Optic nerve ကိုဖုံးအုပ်ထားသော Myelin ကို မှားယွင်းစွာ သွားတိုက်ခိုက်၍ Myelin ရောင်ရမ်းကာ ပျက်စီးသွားခြင်းကြောင့် မျက်ကြောရောင်ခြင်းရောဂါ ဖြစ်သည်ဟု ယူဆကြသည်။မျက်ကြောရောင် ရောဂါနှင့် တွဲ၍ ဖြစ်တတ်သော ရောဂါများ အနေဖြင့် Multiple sclerosis နှင့် Neuromyelitis optica များ ဖြစ်တတ်ပါသည်။ Neuromyelitis optica ကြောင့် မျက်ကြောရောင်ခြင်း ဖြစ်ပါက ပိုမို၍ ပြင်းထန်တတ်ပါသည်။ ထို ့ပြင် - Sarcoidosis (အရေပြားထူရောဂါ) နှင့် Systemic lupus erythematosus (အရေပြား လေးဖက်နာ) ရောဂါများ

- ဘက်တီးရီးယားများကြောင့် ဖြစ်သော Lyme disease နှင့် ကာလသားရောဂါများ

- ဝက်သက်၊ ပါးချိတ်ရောင်ခြင်းနှင့် ရေယုန်ရောဂါများဖြစ်စေသော ဗိုင်းရပ်စ်ပိုးများ

- တီဘီရောဂါ ကုသရာတွင် သုံးသော Ethambutol ကြောင့်လည်း မျက်ကြောရောင်ရောဂါ ဖြစ်ပွားစေနိုင်ပါသည်။


နောက်ဆက်တွဲ ရောဂါလက္ခဏာများ

မျက်ကြောရောင် ရောဂါ၏ နောက်ဆက်တွဲ ရောဂါများ အနေဖြင့် Optic nerve ရာသက်ပန် ပျက်စီးသွားခြင်း၊ အရောင်မခွဲခြားနိုင်ခြင်းနှင့် အမြင်အာရုံဆုံးရှံူးခြင်းများအပြင် ကုသမှုများကြောင့်လည်း ခုခံအားကျဆင်းကာ လွယ်လွယ်ကူကူ ပိုးဝင်ရောက်နိုင်ခြင်းနှင့် အရိုးပွရောဂါများ ဖြစ်စေနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

မျက်ကြောရောင်ခြင်းသည် မကုသဘဲ ထားပါက အမြင်အာရုံဆုံးရှံူးခြင်း အထိ ဖြစ်နိုင်သည့်အတွက် ရောဂါ လက္ခဏာများကို သတိထားမိသည်နှင့် နီးစပ်ရာ ကျန်းမာရေးဆေးခန်း သို ့သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

စစ်ဆေးမှုများ အနေဖြင့် 

- မျက်လုံးကို အမြင်နှင့် အရောင်များ ခွဲနိုင်မခွဲနိုင် စမ်းသပ်ခြင်း၊ 

- Ophthalmoscopy ဟုခေါ်သော ခေတ်မီ စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ 

- MRI scan (သံလိုုက်ဓာတ်မှန်) ရိုက်ခြင်းနှင့် 

- သွေးစစ်ခြင်းများ ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

မျက်ကြောရောင်ခြင်းသည် ကုသမှုခံယူစရာ မလိုပဲ ပြန်ကောင်းတတ်သော်လည်း တစ်ချို ့လူနာများတွင် ကုုသမှု ခံယူရန် လိုအပ်ပေသည်။ ကုသမှုများ အနေဖြင့် Steroid ဆေးများကို သောက်ဆေး/ထိုးဆေး အဖြစ် ကုသနိုင်ပါသည်။ သို ့သော် ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ကိုယ်အလေးချိန် တက်လာခြင်း၊ ဗိုုက် မအီမသာဖြစ်ခြင်း၊ ညဖက် အိပ်မပျော်ခြင်းနှင့် စိတ်ခံစားမှု ပြောင်းလဲခြင်းများ ဖြစ်စေနိုင်ပါသည်။လူအများစုသည် မျက်ကြောရောင်ခြင်း ဖြစ်ပြီး ၁၂လ အကြာတွင် မူလအမြင် ပြန်ရနိုင်သော်လည်း ပြန်ဖြစ်နိုင်သည့် အတွက် သတိထားရန် လိုအပ်ပါသည်။


ကာကွယ်ခြင်း

မျက်ကြောရောင် ရောဂါ မဖြစ်စေရန် ကာကွယ်မှုများ အနေဖြင့် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကြောင့် ဖြစ်သော အထက်ပါ ရောဂါများ မဖြစ်စေရန် ကာကွယ်ရန် လိုအပ်ပေသည်။


PTA

7887 ကျန်းမာရေး Call Center / Healthcare.com.mm

Ref: Mayo Clinic



Related Articles


Advertisment 18