Print

ဗီတာမင်အေ လွန်ကဲခြင်းနှင့် အန္တရာယ်

  04-May-2017
Preview Image


 ဗီတာမင်အေကို ခန္ဓာကိုယ်ထဲတွင် ကြာရှည်သိုလှောင်ထားနိုင်ခြင်း၊ ခန္ဓာကိုယ်မှ စွန့်ထုတ်ရန် ခက်ခဲခြင်းတို့ကြောင့် စားသုံးမှုများလွန်းပါက ဗီတာမင်အေ လွန်ကဲသည့်အခြေအနေ (hyper – vitaminosisi) သို့ ရောက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အစားအစာမှ ဗီတာမင်အေ စားသုံးမှုသည် လွန်ကဲစရာအကြောင်း မရှိသော်လည်း ဗီတာမင်အေဆေးလုံးများ၊ အထူးသဖြင့် အင်အားပြည့် ဗီတာမင်အေ  ဆေးလုံးများကို လိုသည်ထက်ပို၍ စားသုံးခြင်းဖြင့် ဗီတာမင်အေ လွန်ကဲသည့်အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း သတိပြုသင့်ပါသည်။ 


 ဗီတာမင်အေကို အလွန်အမင်း အများအပြား စားသုံးခြင်းကြောင့် ဖြစ်ရသည့် ရုတ်တရက် လွန်ကဲခြင်း (acute hyper – vitaminosis) ၏ ထင်ရှားသည့် လက္ခဏာမှာ ဦးခွံရိုးအတွင်း ဖိအားများလာပြီး ငယ်ထိပ်မပိတ်သေးသည့် ကလေးများတွင် ငယ်ထိပ်ဖောင်းလာခြင်း၊ ငယ်ထိပ်ပိတ်ပြီးသော ကလေးများတွင် အဆက်မပြတ်အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရာဝတ္ထုတစ်ခုကိုကြည့်လျှင် နှစ်ခုမြင်ရခြင်း (diplopia) စသည်တို့ဖြစ်ပါသည်။ ဗီတာမင်အေကို စားသုံးသင့်သည်ထက် တစ်နေ့လျှင် နည်းနည်းပို၍ ကာလကြာရှည်စွာ စားသုံးခြင်းကြောင့် တဖြည်းဖြည်းလွန်ကဲခြင်း (chronic hyper-vitaminosis) ဖြစ်လာပါက ခံတွင်းပျက်ခြင်း၊ အရိုးများတွင် နာခြင်း၊ ဖုလာခြင်း၊ အရေပြားခြောက်၍ အက်ကြောင်းများဖြစ်လာခြင်း၊ လက်သည်းများ ကျွတ်ဆတ်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသည်းကြီးခြင်း၊ စသည်လက္ခဏာများကို တွေ့ရတတ်ပါသည်။


 ကိုယ်ဝန်ဆောင်မိခင်များ လနုစဉ် ဗီတာမင်အေ အများအပြားစားသုံးပါက သန္ဓေသားကို ထိခိုက်နိုင်ပါသည်။ မွေးရာပါ ကိုယ်အင်္ဂါချွတ်ယွင်းမှုများ ဖြစ်လာနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်သည် နေ့စဉ် ဗီတာမင်အေအားဆေး မှီဝဲပါက တစ်နေ့လျှင် ဗီတာမင်အေ ယူနစ်တစ်သောင်း (၃၀၀၀ မိုက်ခရိုဂရမ် RE) ထက်ပို၍ မစားသင့်ပေ။ ကယ်ရိုတင်းများကို ခန္ဓာကိုယ်၏ အဆီပြင်တွင် သိုလှောင်ထားနိုင်ပါသည်။ ကယ်ရိုတင်း စားသုံးမှုများသဖြင့် အဆီပြင်တွင် ကယ်ရိုတင်းသိုလှောင်မှု များလွန်းလျှင် အသားသည် ဝါနေတတ်၏။ အထူးသဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများသာဝါနေပြီး မျက်ဖြူသားဝါခြင်မရှိပေ။ (အသည်းရောင်အသားဝါ ရောဂါနှင့် ကွာခြားသည့်အချက်ဖြစ်ပါသည်။ 


Credit:

ဒေါက်လှကြည် (အာဟာရဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18