Print

အမောပြဿနာ

  27-Feb-2017
Preview Image

မောတယ်ဆိုတာ တကယ်တော့ လူနာတွေရဲ့ ခံစားချက်တစ်ခုသာဖြစ်ပါတယ်။ လူတိုင်း အသက်ရှူနေရသော်လည်း မိမိကိုယ်ကိုယ် အသက်ရှူနေရမှန်း မသိရပါဘူး။ မိမိ၏ အသက်ရှူနေရခြင်းကို မိမိစိတ်ထဲက သိရှိနေရခြင်းသည်ပင် “မောနေတယ်” ဆိုတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ ရုတ်တရက် အမောဖောက်တာကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။ ချက်ချင်းထိရောက်အောင် မကုသနိုင်ရင် အသက်ဆုံးရှုံးတာဖြစ်တတ် လို့ပါပဲ။ ဥပမာ - နှလုံးအလုပ်မလုပ်နိုင်လို့ အဆုတ်လေအိတ်လေးတွေထဲ မှာ သွေးရည်ကြည်တွေနဲ့ ပြည့်လျှံသွားတဲ့ရောဂါ (Acute Pulmonary Oedema) ဟာ အဖြစ်များတဲ့ အဆိုးဆုံး အမောဖောက်ရောဂါတစ်ခုပါ။

 

အခြေခံအားဖြင့် မောတာကိုဖြစ်စေတဲ့ အဓိက ကိုယ်အင်္ဂါအစိတ်အပိုင်းကို စဉ်းစားရ ရင်တော့ နှလုံးအားနည်းတာ၊ အဆုတ်အားနည်းတာ၊ သွေးနီဥနည်းပြီး သွေးကျဲနေ တဲ့ရောဂါ ဒီသုံးခုလုံးကိုပဲ အာရုံစိုက်ရှာဖွေရမှာဖြစ်ပါတယ်။ မောတာနဲ့အတူ ချောင်းဆိုးတာ တွဲပြီးဖြစ်လေ့ရှိပါတယ်။ မောပြီးချောင်းဆိုးရင်တော့ အဆုတ်ရောဂါတစ်ခုခုကြောင့် ဖြစ်ဖို့ များပါတယ်။ ဒီနေရာမှာ နှလုံးကြောင့်မောရင်လည်း ချောင်းဆိုးတာရှိတတ်သည်ကို အသိပေးလိုပါတယ်။ 

 

ခွဲခြားနိုင်တဲ့အချက်နှစ်ခုကို မှတ်သားထားသင့်ပါတယ်။ ဒါကတော့ နှလုံးကြောင့် မောရင် လူနာကလုံးဝလှဲလို့ မရပါဘူး။ ထိုင်နေမှ ပိုသက်သာပါတယ်။ အဆုတ်ရောဂါ (Orthopnoea) ကြောင့် မောတာက သိပ်ဆိုးရင် လှဲအိပ်လို့မရပေမယ့် နည်းနည်း သက်သာရင်တော့ လှဲနေလို့ရပါတယ်။ ဒါကြောင့် လှဲနေစဉ် အရမ်းမောလာပြီး ထိုင်လိုက် တဲ့အခါ သိသိသာသာ သက်သာသွားရင် ဆရာဝန်များထံ သွားရောက်ရင် နှလုံးကို စစ်ဆေးကြည့်ဖို့ အလွန်အရေးကြီးပါတယ်။ 

 

ဒုတိယကွာခြားချက်က ချောင်းဆိုးလို့ ထွက်လာတဲ့သလိပ်က ရေလိုကျဲပြီး အမြှုပ်ထနေမယ်၊ တစ်ခါတစ်ရံသိပ်ဆိုးရင် သွေးရောင်နှောပြီး ပန်းရောင်ဖြစ်နေမယ် ဆိုရင် နှလုံးရောဂါလို့ ယူဆရပြီး၊ နှပ်လိုအချွဲတန်းဖြစ်နေရင် (သို့) ဝါညစ်ညစ်ဖြစ်နေ ရင်တော့ အဆုတ်ရောဂါကြောင့် မောတာဖြစ်ဖို့ များပါတယ်။ အရေးကြီးတဲ့အချက်လေး ၂ ခုဟာ သတိမမူရင် ဂူမမြင်သကဲ့သို့ ရှိနေတတ်ပါတယ်။ ဒီရောဂါနှစ်မျိုးကို မခွဲခြားနိုင်ရင် ရင်ခေါင်းဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။

 

သို့သော် ဓာတ်မှန်သည် အရိပ်သာဖြစ်ပြီး ဆင်တူယိုမှားရှိနိုင်သည်ကို သတိပြု ရပါမယ်။ ဆိုလိုသည်မှာ ဤပုံသဏ္ဍာန်အရိပ်မျိုးကို ပင်လျှင် ရောဂါ ၃-၄ မျိုးကြောင့် ဖြစ်စေ တတ်ပါတယ်။ ရောဂါ၏ရာဇဝင်မသိဘဲ ဓာတ်မှန်ကိုသာကြည့်ပြီး ဆုံးဖြတ်ချက်ချလျှင် မှားတတ်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေရဲ့ ဓာတ်မှန်တွေ့ရှိချက်တွေကို ဆက်စပ်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ဓာတ်မှန်ရဲ့အဖြေက တီဘီရောဂါရှိတယ်လို့ ကောက် ချက်ချလိုက်ရင် တကယ်တီဘီအစစ်အမှန် ဖြစ်ဖို့များပေမယ့် အချို့ကတော့ တီဘီ မဟုတ်တာတွေလည်းရှိတတ်ပါတယ်။ 

 

ဓာတ်မှန်က တီဘီနဲ့ ဆင်တူပေမယ့် ရောဂါရာဇဝင်အရ တီဘီရောဂါနဲ့ ကိုယ်ညီမှု မရှိရင် ပြန်စဉ်းစားသင့်ပါတယ်။ တီဘီမဟုတ်ဘူးလို့ ငြင်းဆိုနိုင်တဲ့ အထောက်အထား မရှိခဲ့ရင် (သို့) အခြားအဖြေတစ်ခုခု ရှာမတွေ့ခဲ့ရင် နောက်ဆုံးတီဘီရောဂါဘက်ကိုသာ ဦးစားပေးပြီး ကုရန်ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါကလည်း သတ်မှတ်ထားတဲ့ လမ်းညွှန်ချက် ကုထုံးတစ်ခုလို ဖြစ်နေပါတယ်။

 

တီဘီရောဂါကို မကုလိုက်ရလို့ အသက်ဆုံးရှုံး မခံ သင့်ပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာ တီဘီဆေးကလည်း ရက်ရှည် (၆ လခန့်) သောက်ရပြီး၊ ဓာတ်မတည့်တဲ့ဆိုးကျိုးတွေ ကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ဆေးကြောင့် အသည်းရောင် အသားဝါ လာရင် အသက်အန္တရာယ် ရှိတတ်ပါတယ်။ အဲဒါကြောင့် တီဘီမရှိဘဲ သံသယတီဘီအနေ နဲ့ ဆေးသောက်နေခဲ့ရလို့ မလိုလားအပ်တဲ့ဆိုးကျိုးကို ရရှိတာကိုလည်း မဖြစ်သင့်ပါဘူး။ ပိုပြီးတိကျတဲ့နည်းတွေနဲ့အထောက်အထား မရရအောင် ရှာဖွေသင့်ပါတယ်။ 

 

ဥပမာ တကယ်ဖြစ်တာက ကင်ဆာ၊ သံသယရှိလို့ ကုကြည့်တာက တီဘီရောဂါဖြစ် မယ်ဆိုခဲ့ရင် ကင်ဆာကလည်း ဆက်၍တိုးလာပါမယ်၊ တီဘီဆေးဒဏ်ကလည်း ထပ်ပြီး ဖိစီးလာပါမယ်။ လူနာက ဒဏ်နှစ်ခုပိလာလို့ အခြေအနေကောင်းမလာဘဲ ပို၍မြန်မြန် ဆိုးရွားလာတတ်ပါတယ်။ အဲဒီအခါမှာ တီဘီဆေးကြောင့် သေဆုံးရတယ်လို့ ထင်ခံရ တတ်ပါတယ်။ ဒါကြောင့် တီဘီပိုးမတွေ့ရင်၊ ရောဂါလက္ခဏာက တီဘီနဲ့မတူရင် ဓာတ်မှန်အဖြေတစ်ခုတည်းကြည့်ခြင်း (Bronchoscopy)၊ လိုအပ်ရင် အဆုတ်ကို အသားစယူခြင်း (Lung Biopsy) တွေကို ပြုလုပ်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ဒါတွေဟာ လက်တွေ့ဘဝမှာ ဆေးပညာသည် ခက်ခဲနက်နဲပြီး ဆင်တူယိုးမှားရောဂါတွေလို ခွဲခြားမရတဲ့အကြောင်းကို ဖြေပြလိုက်ရခြင်း ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါ်သန်းသန်းအေး
Ziwaka magazine, December 2014, Pg. 71-73


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18