Print

နှာခေါင်းသွေးယိုရောဂါနဲ့ ကလေးများ

  27-Feb-2017
Preview Image

နှာခေါင်းသွေးယိုစေသော အကြောင်းအမျိုးမျိုး
အဖြစ်အများဆုံးကတော့ လက်ညိုး၊ လက်ချောင်းတစ်ခုခုနဲ့ (သို့) အရာဝတ္ထု တစ်ခုခုနှင့် ထိုးမိတိုက်မိတာကြောင့် သွေးယိုရပါတယ်။တချို့ကလေးတွေမှာ ဆော့ရင်းနှာခေါင်းပေါက်ထဲ ကစားစရာ သေးသေးလေးတွေ နှာခေါင်းထဲထည့်ကြရင်း ပြန်ထုတ် ဖို့ကြိုးစားရင်း သွေးယိုလာတတ်တယ်။ နှာစေးနေတဲ့အချိန်၊ ချောင်းဆိုး (URTI) နေတဲ့ အချိန် လေအေး (သို့) ခြောက်သွေ့ပူးပြင်းတဲ့ ပြင်ပလေနဲ့ ထိတွေ့မိရင်လည်း မထိခိုက် ဘဲနဲ့လည်း သွေးတွေစီးကျလာပါတယ်။ နေ့မအိပ်၊ ညမအိပ် စာကြိုးစားတဲ့ (သို့) အလုပ်တအားကြီးကြိုးစားတဲ့ ဇာတ်ဆောင်တွေ နှာခေါင်းသွေးစီးကျလာတာကို ကိုးရီးယားတွေမှာ ခဏခဏ တွေ့ဖူးကြမှာပါ။ 

 

ဓာတ်မတည့်လို့ နှာခေါင်းတွင်း အမြှေးပါးတွေ ရောင်ရမ်းတဲ့အခါနဲ့ နှာခေါင်း ပတ်လည်မှာရှိတဲ့ လေအိုး (Sinus) တွေ ပိုးဝင်ရောက်တဲ့ အခါမှာလည်း နှာခေါင်းသွေး ယိုတတ်ပါသေးတယ်။ ရောဂါကြောင့် နှာခေါင်းသွေးယိုနိုင်တာကတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါနဲ့ သွေးတွင်းသွေးဥများ (Platelets) နည်းပါးတဲ့ရောဂါတွေ ဖြစ်တဲ့အခါမှာ မထိခိုက်မိဘဲနဲ့ကို အလိုလိုသွေးယိုလာနိုင် ပါတယ်။ တခြားရောဂါ အများအပြားရှိ ပါသေးတယ်။

 

တွေ့ရတဲ့လက္ခဏာတွေ
နှာခေါင်းသွေးယိုရင် ရုတ်တရက် နာကျင်ကိုက်ခဲတာမရှိဘဲ နှာခေါင်းပေါက် တစ်ဖက်ဖက် (သို့) နှစ်ဖက်လုံးကနေ ယိုစီးကျလာတယ်။ ၂ ဖက်လုံးထက် တစ်ဖက်ထဲ က သွေးယိုတာက အဖြစ်ပိုများပါတယ်။ တချို့ကလေးတွေကျတော့ အတွင်းထဲမှာ အလုံး၊ အဖု (Nasal Polyp) နဲ့ နှာခေါင်းတွင်းရောင်ရမ်းတာ (သို့) အနာတွေရှိနေရင် ကစားခုန်စား ကြမ်းတမ်းစွာလုပ်ရုံနဲ့ နှာခေါင်းသွေးယိုလာတတ်ပါတယ်။ နှာခေါင်းသွေးယိုတာ များပြား ရင် သွေးတွေက နောက်တစ်ဖက်ပါ စီးသွားတာဆိုတော့ ဗိုက်ထဲမျိုချမိတတ်ပါတယ်။ 

 

အဲဒီအခါ ကလေးအန်ရင်၊ ဝမ်းသွားရင် အန်ဖတ်နဲ့ ဝမ်းတွင်းမှာ သွေးတွေပါ တတ်ပါတယ်။ အန်ဖတ်ဟာ အညိုရောင်၊ အမည်းရောင်ဖြစ်နေပြီး ဝမ်းသွားတဲ့အခါလည်း ဝမ်းမည်းမည်းနဲ့ ကတ္တရာစီးလို စေးပျစ်နေတတ်တယ်။ နှာခေါင်းသွေးထွက်တဲ့နေရာ က ဖြစ်နေရင် အန်တဲ့အခါ သွေးစိမ်းရှင်ရှင် လတ်လတ်ဆတ်ဆတ်တွေ ပါလာနိုင်ပါတယ်။

 

အကောင်းဆုံးနည်းကတော့ ကလေးကို ခေါင်းနည်းနည်းငုံ့ပြီး မတ်မတ်ထိုင်ခိုင်း ထားတာ၊ နှာခေါင်းနှစ်ဖက်လုံးကို ခပ်တင်းတင်း ဖိပိတ်ထားပေးရင်းနှင့် ပါးစပ်ကလည်း ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အသက်ရှူခိုင်း၊ ငြိမ်ငြိမ်လေးနေခိုင်းလိုက်ရင် နှာခေါင်းသွေးယိုတာ တိတ်သွားတတ်ပါတယ်။ နှာခေါင်းကို တစ်သမတ်ဖိအားနဲ့ ဖိထားဖို့လိုပြီး ခဏခဏ ပိတ်လိုက်ဖွင့်လိုက်တော့ မလုပ်သင့်ပါ။ အဲဒီလိုလုပ်နေတုန်း ပါးစပ်က အသက်ရှူခိုင်း ထားတော့ အသက်ရှူမဝတာလည်း မဖြစ်တော့ပါဘူး။

 

နှာခေါင်းပေါ် ရေအေးဝတ် (သို့) ရေခဲအိတ် တင်ပေးထားနိုင်ပါတယ်။ အဲဒီလိုပြု လုပ်ရင် အတော်အတန် သွေးယိုမှုကတော့ ခဏလေးအတွင်း ပိတ်ဆို့ရပ်တန့်သွားပါတယ်။ 


သွေးခဏခဏယိုလို့ သွေးအားနည်းလွန်းရင် သွေးသွင်းကုသမှုပါ လိုအပ်နိုင်တာမို့ အကြောင်းရင်းခံရောဂါကို တွေ့ရှိအောင် ရှာဖွေသင့်ပါတယ်။ သွေးခဲပစ္စည်း ချို့တဲ့ရောဂါ ဆိုရင် သွေးခဲပစ္စည်းတွေ (Clotting factor) ပါပေးပြီး ကုသဖို့ လိုအပ်ပါတယ်။ သွေးလွန် တုပ်ကွေးရောဂါကြောင့် နှာခေါင်းသွေးယိုတယ်ဆိုရင်လည်း ကလေးအသက်အန္တရာယ် နီးကပ်တာမို့ ဆေးရုံသို့ အမြန်ဆုံးတက်ရောက် ကုသသင့်ပါတယ်။ သွေးယိုတာက များပြားပြီး မကြာခဏနဲ့ နှာခေါင်းသွေးယိုတတ်တယ်ဆိုရင် နှာခေါင်းအတွင်း အလုံးအကျိတ် တစ်ခုခုများရှိနေတာလား သိနိုင်ဖို့ နှာခေါင်းတွင်းကြည့်တဲ့ ကိရိယာနဲ့ စစ်ဆေးဖို့ မျက်စေ့၊ နား၊ နှာခေါင်းဆေးရုံ ENT သို့ သွားရောက်ပြသသင့်ပါတယ်။

 

ကာကွယ်ခြင်း
ရာသီဥတုနဲ့ ကိုက်ညီအောင် အေးတဲ့ရာသီ နွေးအောင်၊ ပူတဲ့ရာသီအေးအောင်ပြုပြင်နေထိုင်သင့်ပါတယ်။ နှာခေါင်းထဲ လက်ချောင်းအပါအဝင် ကစားစရာတွေ ထည့်သွင်းဆော့ကစားခြင်းမှ ရှောင်ကြဉ်စေခြင်း၊ နှာစေး၊ ချောင်းဆိုးရင် ချက်ချင်း ကုသမှုခံယူခြင်း၊ အသား၊ အသီးအရွက်၊ အသီးအနှံစတဲ့ အာဟာရအားလုံး ပြည့်ဝစွာ စားသုံးပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်း၊ နှာစေး၊ ပါးစပ်အပါအဝင် တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုစိုက်ခြင်း စသဖြင့် လိုက်နာသင့်ပါတယ်။

 

ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ စတီးရွိုက်ရှူဆေးကို မလိုအပ်ဘဲ အကြာကြီးစွဲမသုံးသင့်ပါ။ နှာခေါင်းသွေးခဏခဏယိုပြီး သာမန်ကုသမှုနဲ့လည်း မသက်သာဘူးဆိုရင် နှာခေါင်းတွင်းကင်ဆာနဲ့ သွေးရောဂါ အမျိုးမျိုးကြောင့် နှာခေါင်းသွေးယိုတာလားဆိုတာ ကွဲပြားစွာသိရှိပြီး ထိရောက်စွာကုသမှု ခံယူနိုင်ဖို့ မပေါ့ဆဘဲ ဆောလျင်စွာ ပြသသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြမြချယ်
(ကလေးအထူးကုဆရာဝန်ကြီး)
Ziwaka magazine, January 2014, Pg. 69-70



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18