Print

Chest Pain ရင်ဘတ်အောင့်ခြင်း

  30-Oct-2016
Preview Image

ရင်ဘတ်အောင့်ခြင်း (Chest Pain) သည် ရင်ဘတ်အလယ်တည့်တည့်နေရာ တစ်ခုတည်း၌ အောင့်ခြင်းကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခုလုံးသာမက ရင်ဘတ်နှင့် ဆက်စပ်လျက်ရှိသည့် တခြား အစိတ်အပိုင်းများအထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်းအားလုံးကို ဆိုလိုပါသည်။ ရင်ဘတ်အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြားသတ်မှတ်ခြင်း (Diagnosis) ကိုလုပ်ပြီးမှသာ မည်သည့်ရောဂါ အမျိုးအစား ဖြစ်သည်ကို သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

သို့သော်လည်း ရင်ဘတ်အောင့်သည့် ဝေဒနာကို မကြာခဏ ခံစားနေရသူ တချို့သည် ရောဂါကိုဆရာဝန်နှင့် ပြပြီး ရောဂါအဖြေမရှာပဲ မိမိကိုယ်မိမိ နှလုံးရောဂါ (သို့) အစာအိမ်ရောဂါ စွဲကပ်နေသည်ဟု ထင်မှတ်နေကြပြီး ပတ်ဝန်းကျင်မှ အကြံပေးသည့် မိမိ သန်ရာ နည်းများဖြင့် ကုသနေကြသည်ကို မကြာခဏကြားသိနေရပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်သည့် ဝေဒနာကို ခံစားနေသူများ အားလုံးအတွက် ဗဟုသုတလို့ငှာDr Warwick Carter ရေးသားသည့် Home Doctor ထဲမှ ကောင်းနိုးရာများကိုကောက်နှုတ်၍ ပြုစု တင်ပြလိုက်ပါသည်။

 

စမ်းသပ်တွေ့ရှိမှု

-----------------

ရင်ဘတ်အောင့်ခြင်းသည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီးသဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံအကူအညီကို ချက်ချင်းလိုအပ်နိုင်ပါသည်။ တခြားအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အစာပြွန်၊ ရင်အုံအရိုး၊ နံရိုး၊နှလုံးသွေးလွှတ်ကြောမကြီး၊ သွေးလွှတ်ကြောငယ်များ၊ သွေးပြန်ကြောနှင့် နာ့ဗ်ကြောများ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင် ့ကျောရိုးဆစ်များ စသည့် အစိတ်အပိုင်းတခုခုတွင်ပြဿနာရှိပါကလည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အကြောင်းရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေအနေများမှာလည်း စူး၍အောင့်ခြင်း၊ ကိုက်၍အောင့်ခြင်း၊ပျော့လွန်းမပြင်းလွန်းအောင့်ခြင်းနှင့် ဖြိကပ်၍အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ်မကြာခဏ အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကြောင့် စအောင့်နိုင်ပြီးအောင့်သည့်အချိန်တွင် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားဝင်ခြင်း၊ ပါးစပ်ပျက်ခြင်း စသည့် လက္ခဏာများ တွဲပါလာနိုင်ပါသည်။ ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါခွဲခြားသတ်မှတ်ပေးမှသာ ရောဂါကို အမျိုးအစားကို မှန်ကန်စွာ သိရှိနိုင်မည်ဖြစ်သည်။

 

ရောဂါ စစ်ဆေးသတ်မှတ်ခြင်း (Diagnosis)

-----------------------------------------------

ဆရာဝန်သည် ရောဂါကို အတိအကျ သိရှိရန်အတွက် အရိုးကိုကောင်းစွာ စစ်ဆေးနိုင်သည့် ဓါတ်မှန်ရိုက်ခြင်း၊ အရိုးနှင် ့တချို့ တစ်ရှူးများကိုပါ မြင်တွေ့နိုင်သည့်CT scan, နှလုံးအလုပ်လုပ်ပုံကို ကောင်းစွာမြင်တွေ့နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ်အလုပ်လုပ်နိုင်မှုကို စမ်းသပ်စစ်ဆေးသည့်သည့် Lung Function Test, ခန္ဓာကိုယ်ထဲသို့ ပါးစပ်မှတဆင့် ကင်မရာထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါ၀င်နိုင်သည့် စမ်းသပ်မှုကို တခု (သို့) တခုထက်ပို၍ှ ပြုလုပ်ပြီး သတ်မှတ်လေ့ရှိပါသည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့်ရောဂါ ဇက်မြစ်ကို အတိအကျသိမှသာ ထိရောက်သည့် ကာကွယ်ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။

 

ရင်ဘတ်အောင့်ခြင်းကို အဖြစ်များစေသည့် အကြောင်းရင်းများ

------------------------------------------------------------------

 

(၁) Injury

ရင်ဘတ်ဒါဏ်ရာ ရရှိသောအခါ ရင်ဘတ်၌အညိုအမဲစွဲ၍ နံရိုးကျိုးခြင်း၊ ကြွက်သား (သို့) အရွတ်များ စုတ်ပြဲခြင်း စသည့် တခုခုကြောင့် ရင်ဘတ် နေရာ အနံ့ပြားကို အောင့်စေပြီး လှုပ်ရှားပါက ပိုဆိုးပါသည်။

 

(၂) Viral infection

ဗိုင်းရပ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် များသော အားဖြင့် ကြွက်သားများကို ရောင်စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ်အပွား များကို ကိုက်ခဲ နာကျင်စေပါသည်။

 

(၃) Arthritis

ကျောရိုးဆစ်၌ အရိုးကြေပြီး နာ့ဗ်ကြောများအား ဖိညှပ်ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမကပဲ နာ့ဗ်ကြောများ ပြန့်န့ံသည့် ဘေး တဖက်တချက် နှင့် အရှေ့ဘက် အထိနာကျင်စေနိုင်သည်။ ကိုယ်အနေအထား ပြောင်းပါက ပိုမိုနာကျင်စေပါသည်။

 

(၄) Myocardial Infaction

နှလုံးရောဂါသည် ကော်လက်စထရောလ် ကြောင့် ဖြစ်ပေါ်လာသည့် အဆီဖတ်များမှနှလုံးကြွက်သားအား သွေး ထောက်ပံ့ပေးနေသည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသောအခါ ဖြစ်စေပါသည်။ နှလုံးသည် ခန္ဓာကိုယ် တစ်ခုလုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ပေးနေသော အင်္ဂါဖြစ်ပါသည်။ ထိုအခြေအနေတွင် နှလုံးကြွက်သားကိုယ်တိုင်မှာပင် အောက်စီဂျင်နှင့် အာဟာရ မရတော့ သောကြောင့် ကျံု့လိုက် ကြွလိုက် မလုပ်နိုင်တော့သောအခါသွေးကို ခန္ဓာကိုယ်တခုလုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင်တော့ပဲ နှလုံးရော ခန္ဓာကိုယ်ပါ အောက်စီဂျင်ပြတ်လပ်ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ နှလုံးကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်းသည် လည်ပင်း၊ မေး (သို့) လက်မောင်း (ဘယ်ဘက်၌ ပိုဖြစ်သည်) စသည့် ရင်ဘတ်နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန်အားဖြင့် ဘယ်ဘက်ရင်ဘတ်၊ အရှေ့ဘက်လည်ပင်းအောက်၊ရင်ဘတ်အလယ်တည့်တည့် နှင့် ပုခုံးအရှေ့ခြမ်းတို့၌ အဖြစ်များပါသည်။အောင့်သည့်ပုံစံမှာ စူး၍ အောင့်ခြင်းမျိုးမဟုတ်ပဲ ဖိနှိပ်ပွတ်တိုက်ခံရခြင်း (သို့) အလွန်အမင်း ကိုက်ခဲစေသည့် အောင့်ခြင်းမျိုးကို ခံစားရသည်။ ထို့အပြင် နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အနေအထားပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုးခြင်း ကြောင့် ပိုမိုနာကျင်စေခြင်း မရှိပါ။ နှလုံးကြောင့်ဖြစ်သည်ဟုယူဆပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူအညီ အရေးပေါ်လိုအပ်နိုင်ပါသည်။

 

(၅) Angina

ရင်ကြပ်လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ်ခံထားရသည့် အောင့်ခြင်းမျိုးကို ခံစားရပါသည်။ များသောအားဖြင့် ရင်ဘတ်် အလယ် တည့်တည့်တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစားလုပ်နေချိန်နိုင် ရုတ်တရက်ဖြစ်လာနိုင်ပြီး အနားယူလိုက်ပါကသက်သာ သွားလေ့ရှိသည်။

 

(၆) Pneumonia

အဆုပ်ပွခြင်း သည် အဆုပ်ကို အဓိကဖွဲ့စည်းထားသည့် လေအိတ်အသေးများ ( Alveoli) တွင် ဘတ်တီးရီးယား ကူးစက်ရောဂါပိုးများ ၀င်ရောက်နေသည့် ရောဂါဖြစ်ပါသည်။နှာခေါင်းမှ ရှူသွင်းလိုက်သော အောက်စီဂျင်များကို အဆုပ်လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ပို့ဆောင် ရပြီး နှလုံးမှတဆင့် အောက်စီဂျင်ကိုသွေးက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါလေအိတ်များတွင် ဘတ်တီးရီးယားကြောင့် လေအိတ်တခုလုံး (သို့) လေအိတ်နံရံရှိဆံချည်မျှင် သွေးကြောများ ပျက်စီးနိုင်ပြီး အဆုပ်ပုံမှန် အလုပ်မလုပ်နိုင်ပဲ အဖျားဝင်ခြင်း၊ချောင်းဆိုးခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ဖြစ်စေပါသည်။ မကုသပါကဘတ်တီးရီးယားများ အဆုပ်တခုလုံးပြည့်သွားနိုင်သောကြောင့် လေအိတ်များပျက်စီးပြီး ခန္ဓာကိုယ်အား အောက်စီဂျင် မပေးနိုင်သောကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။

 

(၇) Pleurisy

အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ်အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေနိုင်၍ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် လှုပ်ရှားခြင်း တို့ကြောင့် ပိုအောင့်နိုင်ပါသည်။

 

(၈) Reflux oesophagitis

အစာအိမ် ရောဂါတခုခုကြောင့် ရင်ဘတ်အောင့်နိုင်ပါသည်။ အစာအိပ်တွင် ဟိုင်ဒရိုကလိုရစ် အက်ဆစ်ပါရှိပြီး အစာအိမ်အား ထူထဲသော အချွဲများဖြင့် ကာကွယ်ထားပါသည်။ အကယ်၍ အစာအိမ်ရောဂါ ရှိသူများတွင် အစာအိမ် ပုံမှန်အလုပ်မလုပ်နိုင်သောကြောင့် ယင်းအား အစာအိမ်နံရံရှိ ချွဲများမှ ကာကွယ်မှု မပေးနိုင်သည့်အခါ အက်ဆစ်များမှ အစာအိမ်နံရံသို့ ရောက်ရှိလောင်ကျွမ်းနိုင်ပြီးပူ၍နာကျင်ခြင်းနှင့် အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

 

(၉) Tietze syndrome

ရင်အုံရိုး အနောက်ဘက်ရှိ နံရိုးနှင့်ဆက်ထားသော အရွတ်တခု (သို့) တစ်ခုထက် ပို၍ ရောင်ခြင်းကို ဖြစ်စေပြီး ပူ၍နာကျင်ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်းကိုဖြစ်စေပါသည်။

 

(၁၀) A blood clot

သွေးခဲ တခုခုသည် သွေးကြောအတွင်း၌ မျောပါနေလျင် ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းတွင်မဆို ပိတ်ဆို့နိုင်ပါသည်။ ထို သွေးခဲ သည် အဆုပ်တွင်းရှိ အဓိကသွေးလွှတ်ကြောတခုခုအား ပိတ်ဆို့သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ခံရသော အဆုပ် ၏ အစိတ်ပိုင်းကို ပျက်စီးစေခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေပါသည်။

 

ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများ

-----------------------------------------------------------------------

(၁) အဆုတ် အပြင်ဘက်ရှိ ရင်ဘတ်ထဲတွင် လေခိုနေခြင်း (Pneumothorax )၊

(၂) နာ့ဗ်ကြော၌ ဗိုင်းရပ်ပိုးဝင်ရောက်နေခြင်း (Shingles)၊

(၃) အဆုပ်ပျက်စီးခြင်း (Bronchiectasis)၊

(၄) နှလုံးကြွက်သားသို့ ပိုးဝင်ခြင်း (Myocarditis)၊

(၅) မွေးရာပါ နှလုံး၏ဖွဲ့စည်းပုံ ပုံမမှန်ခြင်း၊

(၆) နှလုံးအဆို့ရှင် အလုပ်မလုပ်ခြင်း ၊

(၇) အဆုပ်တွင်း တနေရာရာ၌ ကင်ဆာရှိနေခြင်း၊

(၈) နှလုံးရောဂါအတွက် အလွန်အမင်း စိုးရိမ်နေခြင်း (Cardiac neuroses)၊

(၉) ရင်ဘတ်နံရံ ရောင်ခြင်း၊

(၁၀) သည်းခြေအိတ်တွင် ရောဂါ၀င်၍ ရောင်ခြင်း (Cholecystitis) စသည်တို့ကြောင့်လည်း

ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေ နိုင်ပါသည်။

မည်သူမဆို မည်သည့်အကြောင်းကြောင့် ရင်ဘတ်အောင့်သည်ဖြစ်စေ ရင်ဘတ်အောင့်သည့် ဝေဒနာကို တစ်ကြိမ်ထက်မက ခံစားရပါက အန္တရယ်ရှိနိုင်သည်ကို နှလုံးမူ၍ ရောဂါကို အတိအကျသိရှိရန်နှင့် အချိန်မီကာကွယ်၊ ကုသနိုင်ရန် ဆရာဝန်နှင့် မဖြစ်မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ်ရောဂါ (သို့) နှလုံးရောဂါ ဖြစ်နေသည်ဟု ယူဆနေသူများအနေဖြင့်လည်း ထိုရောဂါများ အမှန်တကယ် ရှိနေပါက ဆရာဝန်ညွှန်ကြားချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲနေခြင်းသည် ရောဂါကို ပျောက်ကင်းစေမည် မဟုတ်သည့်အပြင် ပိုမို ပွားလာစေရန် မွေးထားသည်နှင့်ပင် တူနေသဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိပေးရင်း မိမိ၏ ကျန်းမာရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ကြပါရန်အကြံပြု တင်ပြအပ်ပါသည်။

 

Ref:

public health in Myanmar

Tuesday, August 19, 2008

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18