Print

အပူရှပ်ခြင်းကို ကုသခြင်း

  12-Dec-2021
Preview Image

 အပူရှပ်တာ ဘာကြောင့်ဖြစ်ရသလဲ

          ဖြစ်ရတဲ့အကြောင်းရင်းက နေအပူခံရတာနဲ့ ကိုယ်အပူရှိန်တက်လာတဲ့အခါ အဲဒီအပူတွေနဲ့ ကိုယ်ခန္ဓာဇီဝကမ္မစနစ်က ထွက်လာတဲ့ အပူတွေကို ပြန်ကျသွားအောင် ထိန်းပေးတဲ့ Thermo – regulation စနစ်ပျက်ယွင်းသွားတဲ့အတွက်ကြောင့် ကိုယ်တွင်းအင်္ဂါတွေပါ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ အသက်ဘေးကြုံတွေ့ရတယ်။


အပူရှပ်လက္ခဏာများ 

          နေပူထဲက ပြန်လာသူတွေမှာ ရုတ်တရက် ကိုယ်တွေပူလာတာ၊ ၁၀၅.၁ ံ F အထိ (၄၀. ၆ ဒီဂရီ စင်တီဂရိတ်) နဲ့ အထက်အထိ ပူခြစ်နေတယ်။ ချွေးက တစ်စက်မှမထွက် ပူလောင်နေတဲ့အရေပြားနဲ့ ကယောင်ကတမ်းပြောသံတွေနဲ့အတူ သတိလစ်လာတတ်ပါတယ်။ တချို့လူနာမှာတော့ ချွေးထွက်များနေပေမယ့် အပူကြီး အဖျားတက်နေတာက လျော့မသွားဘူး။ အသက်ငယ်တဲ့လူတွေမှာဆိုရင် တက်ချက်တာဖြစ်လာကြတယ်။ ကုသမှုနောက်ကျရင် အရေးကြီးအင်္ဂါတွေ အလုပ်မလုပ်နိုင်တော့ဘဲ သွေးလန့်မှု၊ မေ့မြောမှုနဲ့အတူ အသက်သေဆုံးရတယ်။ 

          လူတိုင်းလူတိုင်း နေပူဒဏ်ခံစားရတဲ့ လက္ခဏာတွေဖြစ်တဲ့ မူးဝေထိုင်းမှိုင်း၊ ချွေးထွက်များရာက ချွေးငုတ်သွား၊ ကိုယ်အပူတက်တာ၊ ရေငတ်၊ ဆီးနည်း၊ ဆီးအဝါရင့်ရောင်သွား၊ မောပန်းနုံးချည့် ကယောင်ချောက်ချားစတဲ့ လက္ခဏာတွေခံစားလာရရင် အချိန်မဆိုင်းဘဲ ရေများများ၊ ဓာတ်ဆားရည်များများသောက်ရင်း ဆေးရုံဆေးခန်းအမြန်ဆုံးပြသဖို့ အထူးသတိထားသင့်တယ်။

 အပူရှပ်တာ ကုသခြင်း 

          ဆေးရုံမသွားသေးခင် အရင်ဆုံးလုပ်သင့်တာတွေက လူနာကို အရင်ဆုံးအေးတဲ့နေရာ အရိပ်ထဲနဲ့ ဖြစ်နိုင်ရင် လေအေးပေးစက်ရှိတဲ့နေရာ ရွှေ့ပြီး ရေအေးအဝတ်နဲ့ တစ်ကိုယ်လုံး ရေဖတ်တိုက်ပေးသင့်တယ်။ အမြန်ဆုံးကျလာစေတဲ့နည်းကတော့ ရေအေးအေးကန်ထဲမှာ လူနာကို စိမ်ပေးတာ (သို့) ရေအေးအေးနဲ့ ရေချိုးပေးနိုင်တယ်။ရေအေးအဝတ်တွေ ရေစိုတဘက်တွေနဲ့ လူနာကို ခြုံထား၊ ပတ်ထားတာကတော့ မလုပ်သင့်ဘူး။ ကိုယ်အပူချိန်ကို မြန်မြန်ပြန်တက်စေနိုင်လို့ ရေချိုးပေးတာ၊ ရေပတ်တိုက်ပေးတာက အကောင်းဆုံးပါပဲ။

           ရေဓာတ်ခန်းခြောက်ခြင်းက အပူရှပ်တာကို ပိုဆိုးစေတဲ့အတွက် သတိရနေတဲ့လူနာဆိုရင် အရည်များများ ခဏခဏသောက်ပေးသင့်ပါတယ်။ ဓာတ်ဆားရည်က အကောင်းဆုံးဖြစ်ပေမယ့် အားကစားသမားတွေ သောက်ကြတဲ့ Sport Drink တွေကိုလည်း အစားထိုး သောက်ပေးနိုင်ပါတယ်။ အားကစားလုပ်လို့ (သို့) နေပူမိလို့ ရေဓာတ်ဆုံးရှုံးတာဆိုရင် ရေများများပြန်သောက်တာက အလက်ထရိုလိုက်တွေ မညီမျှဘဲ နဂိုကဖြစ်နေတာကို ပိုဆိုးစေပါတယ်။ အဲလိုလူနာမျိုးဆိုရင် ဓာတ်ဆားရည်နဲ့ ဟိုက်ပါတိုနစ် (Hypertonic Drink) တွေ သောက်သုံးစေပါတယ်။ သတိလစ်နေသူတွေ၊ ကမူးရှူးထိုးနဲ့ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသူတွေအတွက် အကြောဆေး ပုလင်းချိတ်တာက အကောင်းဆုံးအသက်ကယ်နည်းဖြစ်လို့ ဆေးရုံဆေးခန်းအမြန်ဆုံး ပို့သင့်ပါတယ်။ အသက်အန္တရာယ်အလွန်နီးကပ်တာကြောင့် တတ်ယောင်ကားတွေ၊ ရမ်းကုတွေနဲ့ ပြီးစလွယ်ရမ်းမကုသင့်ပါဘူး။ သိပ်ဆိုးရွားလွန်းတဲ့ လူနာတွေမှာ သွေးလန့်တာ အလက်ထရိုလိုက်မညီမျှတာ၊ ရေဓာတ်ဆုံးရှုံးတာတွေကြောင့် နှလုံးခုန်ရပ်တန့်ကာ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်တာတွေ ဖြစ်လာနိုင်လို့ အသည်းအသန်လူနာခန်းထဲမှာ အချိန်တိုင်း စောင့်ကြည့်ကြပ်မတ်ကုသပေးဖို့ လိုအပ်တယ်။

 

Credit : ဒေါက်တာ အေးမြချယ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18