Print

အရိုးတွင်ဖြစ်သောတီဘီရောဂါ

  20-Apr-2020
Preview Image

တီဘီရောဂါက ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။ လူအများစုက အဆုတ် တီဘီရောဂါပါပဲ သိတာများတဲ့အတွက် အရိုးတီဘီရောဂါအကြောင်း သိရှိမှုနည်းတဲ့အတွက် များသောအားဖြင့် နောက်ကျတဲ့ အဆင့်ရောက်မှသာ ဆရာဝန်ဆီကိုပြဖြစ်တာ များကြပါ တယ်။ ဒါ့ကြောင့် အရိုးတီဘီရောဂါနှင့် ပတ်သက်ပြီး အထွေထွေဗဟုသုတ ရှိစေဖို့နဲ့ မဖြစ်အောင် ကာကွယ်နိုင်ဖို့ရာ အတွက် အရိုးခွဲစိတ် ဆရာဝန်ကြီး ပါမောက္ခဦးနေဝင်း
နှင့် တွေ့ဆုံမေးမြန်ခြင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရိုးတီဘီအကြောင်း ရှင်းပြပေးပါဆရာ။

တီဘီက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် တီဘီဆိုတာက အဆုတ်ကနေဖြစ်တာ များပါတယ်။ တီဘီကအဆုတ်မှာလည်း ဖြစ်နိုင်သလို အရိုးမှာ လည်းဖြစ်နိုင်ပါတယ်။ အဆုတ်တီဘီက အများဆုံးဖြစ်နိုင်ပါတယ်။ လေထဲကနေလာတဲ့ တီဘီပိုးက အဆုတ်ကို အရင်ဆုံးရောက်ပြီးမှ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကို ရောက်သွားတာဖြစ်လေ့ရှိပါတယ်။

၂။ အရိုးတီဘီက ဘယ်နေရာတွေမှာ အများဆုံးဖြစ်တတ်ပါသလဲ ဆရာ။

အရိုးတီဘီ အဖြစ်အများဆုံး နေရာကတော့ ခါးရိုးပဲဖြစ်ပါတယ်။ ခါးရိုးတီဘီ လို့ပဲ ခေါ်ပါတယ်။ ခါးရိုးတီဘီဖြစ်ပြီဆိုရင် ခါးရိုးက ထိုးထိုးကိုက်တာတွေ၊ နာတာတွေ ဖြစ် ပါတယ်။ ရောဂါလက္ခဏာက ဖြည်းဖြည်းချင်းမှပေးလာတာ ဖြစ်ပါတယ်။ ခါးရိုးတီဘီဖြစ်ပြီ ဆိုရင် ခါးရယ်၊ ကျောရယ်၊ လည်ပင်းအဆစ်တွေမှာ တအားနာတာ၊ တအားကိုက် တာတွေ ဖြစ်ပါတယ်။

၃။ အရိုးတီဘီဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

အများအားဖြင့် အရိုးတီဘီဖြစ်ရင် လူနာတွေက စောစောစီးစီးရောက် မလာ တတ်ကြပါဘူး။ ပိုးက အရိုးတွေကို တအားကြီးစားသွားပြီး အရိုးတွေမှာ ဘုကြီး (Gippus) ဖြစ်လာတဲ့ အခါကျမှ ရောက်လာတာများပါတယ်။ တချို့ကျတော့ တီဘီပြည်ဖြစ် သွားပြီး အပြင်ဘက်အထိ ထွက်လာတတ်ပါတယ်။ ခါးတွေနဲ့ ကျောတွေမှာ ပြည်ဖုကြီး (Cold Abscess) အကြီးကြီးတွေ ထွက်လာတတ်ပါတယ်။

တခြားအကြောင်း ကြောင်းကြောင့်ဖြစ်တဲ့ ပြည်ဖုတွေဟာဆိုရင် ထိလိုက်ရင် နာနေတယ်၊ ကိုက်နေတယ်၊ ရောင်နေမယ်၊ ကိုယ်ပူလာတတ်တယ်၊ အဖျားတက်တတ် တယ် အစရှိတဲ့လက္ခဏာတွေဖြစ်ပါတယ်။ တီဘီကြောင့်ဖြစ်လာတဲ့ ပြည်ဖုတွေကတော့ ထိလိုက်ရင်လည်း သိပ်မနာပါဘူး. ပူလာတာလည်း မရှိပါဘူး၊ နွေးနွေးလေး ရှိနေတတ် ပါတယ်။ အဲဒီလိုမျိုး သိသိသာသာကြီး ပြည်ဖုအကြီးကြီးထွက်လာမှ လာပြကြတာ များပါတယ်။

ဒီထက်ဆိုးတဲ့ အခြေအနေမှာတော့ တီဘီပိုးတွေက အရိုးတွေကိုလည်း စားလာ တယ်။ တီဘီပြည်တွေလည်း ဖြစ်လာတယ်။ အဲဒီမှာ အရိုးတွေက ဆွေးပြီး အရိုးစတွေက အာရုံကြောတွေကို သွားထောက်မိပါတယ်။ အဲဒီလို ထိသွားရင် အောက်ပိုင်းတွေ မသန်တော့တာ၊ ခြေထောက်တွေ ထုံနေတာ၊ ကျဉ်နေတာ၊ လမ်းလျှောက်လို့ မရတော့ တာ၊ အောက်ပိုင်းသေတာ (potts Paraplegia) အထိပါ ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင်တော့ လူနာရောက်လာတာ အတော်နောက်ကျနေပြီလို့ ပြောရမှာပါ။

၄။ အရိုးတီဘီကို ဘယ်လိုကုသမှုပေးလေ့ရှိပါသလဲ ဆရာ။

ကုသမှုအနေနဲ့ ကတော့ တီဘီဆေးတွေကို ပေးရပါတယ်။ ဆရာတို့ကတော့
တီဘီဆေးကို တစ်နှစ်လောက် အထိပေးပါတယ်။ တချို့ကတော့ ခြောက်လအထိ ပဲပေးပါတယ်။ တီဘီဆေးကတော့ အခမဲ့ဌာနတွေအများကြီး ရှိတဲ့အတွက် အဆင်ပြေ ပါတယ်။ တီဘီဆေးသောက်ရင်တော့ အဆုံးထိပြီးပြတ်အောင် သောက်ရ ပါတယ် ။ ဖြတ်ထားလို့၊ နားထားလို့မရပါဘူး။ အဲလိုမျိုး ဆေးကိုရပ်လိုက်၊ နားလိုက်လုပ်ရင် တီဘီဆေးယဉ်သွားတတ်ပါတယ်။

အဲဒီအခါမှာ တီဘီဆေး ထပ်သောက်လည်း ဆေးမတိုးတော့ တာမျိုးတွေ ဖြစ် တတ်ပါတယ်။ တီဘီပိုးကုန်သွားရင် ပြည်ဖုပေါက်တာနဲ့ အရိုးနာတာတွေက ပြန်ကောင်း လာပါတယ်။ အရိုးတီဘီကလည်း ပျောက်ကင်းသွားနိုင်ပါတယ်။ အောက်ပိုင်းသေတယ် ဆိုတာကတော့ ပြည်တွေက အာရုံကြောမကြီးကို ဖိမိတာ၊ အရိုးစတွေက ဖိမိထား တာတွေကြောင့်ပါ။

တချို့လူနာတွေမှာ တီဘီဆေးပေးလိုက်တာနဲ့ အောက်ပိုင်းသေ =တာ ပြန်သက် သာသွားတာရှိပါတယ်။ ဒါပေမဲ့ အာရုံကြောကို ဖိမိတာများသွားရင်တော့ နောက်ပိုင်း ခွဲစိတ်ကုသ ရပါတယ်။ ပြီးတော့ လူကောင်းလို ပကတိပြန်ကောင်းလာနိုင်ဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။ အရိုးတီဘီဖြစ်ရင် ပထမဆုံး ခြောက်ပတ်လောက် ဆေးပေးကြည့် ပါတယ်။ ဆေးပေးပြီး အခြေအနေက ပြန်မကောင်းလာရင်၊ အောက်ပိုင်းသေတာ မကောင်းရင်တော့ ခွဲစိတ်ရပါတယ်။ ခွဲပြီးတော့ ဖိမိနေတဲ့ ပြည်တွေနဲ့ အရိုးစတွေကို ထုတ်ပစ်ရပါတယ်။ အဲဒီလိုဆိုရင်တော့ ပြန်ကောင်းလာနိုင်ပါတယ်။

၅။ အရိုးတီဘီက ကူးစက်နိုင်ပါသလားဆရာ။

တီဘီရောဂါကတော့ အဆုတ်ကနေတစ်ဆင့် ကူးနိုင်ပေမယ့် အရိုးကနေ တစ်ဆင့် ကတော့ ကူးနိုင်ပေမယ့် အရိုးကနေ တစ်ဆင့်ကတော့ မကူးနိုင်ပါဘူး။ အဆုတ် တီဘီနဲ့ ပူးတွဲဖြစ်နေမှသာ ကူးတတ်ပါတယ်။

၆။ အရိုးတီဘီရောဂါရှိသူတွေကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ခါးရိုးတီဘီဖြစ်တယ် ဆိုပေမယ့်လည်း ဆရာတို့က အိပ်ရာထဲမှာ အကြောကြီး မနေစေချင်ဘူး။

တတ်နိုင်သောသလောက် လှုပ်လှုပ်ရှားရှား နေစေရှင်ပါတယ်။
အောက်ပါသေနေတဲ့တိုင်အောင် ထိုင်နိုင်ရင် ထိုင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ အိပ်ရာထဲမှာနေနေရတဲ့အတွက် ဝင်လာနိုင်တဲ့ ဆိုးကျိုးတွေကအရမ်းများပါတယ်။
အဲဒါကြောင့် ဆေးကို မှန်မှန်သောက်ရမယ်။ ဆရာဝန်နဲ့လည်း မကြာခဏ ပြနေဖို့ လိုပါတယ်။ ဆရာဝန်ရဲ့ ကုသမှုကို ပုံမှန်လိုပါတယ်။

ဆရာဝန်နဲ့ပြမှသာ ရောဂါက သက်သာလာလား ၊ ပိုဆိုးလာလား၊ တခြားရောဂါ တွေရော ပူးတွဲဖြစ်နေလား ဆိုတာတွေ ဆက်လက်စစ်ဆေးရ မှာ ဖြစ်ပါ တယ်။ ဆေးသောက်နေ ရပြီဆိုရင် ရောဂါက ပိုပြီးတော့ကို သက်သာလာရမှာပါ။ မသက်သာလာဘူး ဆိုရင်တော့ သေချာစစ်ဆေးဖို့လိုပါတယ်။ တစ်နှစ်တီဘီ ဆေးသောက် ရမယ်ဆိုတာနဲ့ ဆရာဝန်နဲ့မပြတော့ဘဲ ကိုယ့်ဘာသာ ဆေးပဲသောက်နေတာမျိုးတော့ မဖြစ်ပါဘူး။

Credit : ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18