Print

မလိုအပ်ဘဲ ဆေးထိုးခြင်း

  19-Apr-2020
Preview Image

ဆေးခန်းပြရင် ဆေးထိုးလိုက်မှာပဲဆိုတာ လူနာအတော်များ သိပြီးဖြစ်ပါတယ် ။ ဆေမထိုးဘဲ ကုချင်တယ်လို့ ငြင်းဆိုတဲ့လူနာလည်း အလွန်ရှားပါတယ်။ ဆေးထိုးပြီးကုမှ ဆရာဝန်ရဲ့ တာဝန်ကျေပွန်မှာလား၊ လူနာတွေအဖို့ ဆေးထိုးတာက မဖြစ်မနေ လုပ်ရမယ့် တစ်ခုတည်းသော ကုထုံးလို့ ထင်နေသလား။ တခြား ဆေးမထိုးဘဲ ကုလို့ မရနိုင်ဘူးလို့ ယူဆသလား။ ဆေးခန်းသွားရင် ဆေးထိုးဖို့ သွားတာ၊ သောက်ဆေးပဲပေးရင် ဒီဆေးတွေနေရာတကာ ဝယ်သောက်လို့ ရသားပဲ။ ဆရာဝန်စမ်းသပ်ခ ထပ်ကုန်တာပဲ အဖတ် တင်တယ်။ လူနာတော်တော်များများက ဒီလိုပဲ ယူဆနေကြတာ တွေ့ရှိရပါတယ်။

ဒါက အစွဲအလမ်းအစဉ်အလာ တစ်ခုလိုဖြစ်နေပါတယ်။ တချို့ လိုအပ်လို့
ဆေးထိုးရတာရှိသလို တချို့က မလိုအပ်ဘဲ ဆေးထိုးတာရှိပါတယ်။ လူနာက လိုလားလို့ ဒါမှမဟုတ် ဆရာဝန်က လိုလားလို့ ထိုးဖြစ်ကြပါတယ်။ ဆေးခန်းမှာ ဆေးထိုးတာနဲ့ ပတ်သက်တဲ့ ဆေးလောက ဗဟုသုတလေးတွေကို ပြောပြပါမယ်။

ဒီနေ့ ဒေါ်ကြည် ဆိုတဲ့ ဆီးချိုသွေးချိုရောဂါ လူနာတစ်ဦး ပြင်ပလူနာဌာနမှာ
သွေးချိုမထိန်းနိုင်တော့လို့ ချိန်းရက်မရောက်သေးဘဲ အရေးပေါ် ပြန်လာပြပါတယ်။

ခါတိုင်း ကျွန်မရဲ့ သွေးချိုအမှတ်တွေက ဆရာမတို့ ကျစေချင်တဲ့ အမှတ်ထိ အမြဲရောက်နေတာ အခုတလော အစားလည်းမမှားဘဲ ဘာကြောင့် အဲဒီလောက် တက်နေတာလဲ မသိတော့ပါဘူး”လို့ ဒေါ် ကြည်က ဇဝေဇဝါဖြစ်ပြီး မေးလာပါတယ်။

သွေးချိုမှတ်တမ်းလေးပြပါဦး.”ဆိုပြီး ဆရာမမှတ်တမ်း ယူကြည့်လိုက်တော့
သွေးချိုတက်နေတာ တွေ့ရပါတယ်။

အင်း . . သွေးချိုက နံနက်စောစောတွေမှာ အမြဲတမ်း ၁၂၀ က နေ ၁၃၀
လောက်ပဲရှိနေရာက အခု ဒီ ၃၀ရက်နေ့ ရောက်တော့မှ ရုတ်တရက် ၂၀၀ ကျော်သွားတာ သဘာဝမကျဘူး။ စားပြီးများတာက အစားမှားတာကြောင့် ဆိုပြီး ပြောလို့ရပေမယ့် နံနက်စောစောမှာ သဘာဝအလျောက် အခုလို ပြောင်းလဲဖို့အနည်းဆုံး ၂ နှစ်လောက်
စောင့်ရမယ်။ ဒါကြောင့် တစ်ရက်အတွင်း သွေးချိုမြင့်တက်သွားစေတဲ့ အကြောင်းရင်းတွေ ရှာကြည့်ဖို့ လိုပါတယ်။ ဒေါ်ကြည် ဒီတလော ဖျားသေးလား . .ပြီးတော့ ဆေးများ ထိုးမိသေးသလား . .”လို့ မေးလိုက်တော့-

နှာစေးပြီးတစ်ရက်ပဲဖျားတာ ဆေးထိုးလိုက်တာနဲ့ ချက်ချင်းအဖျားကျသွားပြီး
နေကောင်း သွားပါပြီ ဆရာမ”လို့ ဒေါ်ကြည်က ပြန်ဖြေပါတယ်။

ဒါဆိုရင်ထိုးဆေးမှာ အရောင်ကျတဲ့ဆေးနဲ့ အဖျားကျစေတဲ့ဆေး၊ အကိုက်ခဲ
ပျောက်ဆေးတွေ ရောစပ်ထိုးလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီထဲမှာ အရောင်ကျဆေး ဒက်ဆာမီသာစုံးပါမိရင် သွေးချိုတစ်ဟုန်ထိုး တက်သွားစေနိုင်တယ်”လို့ ဆရာမက ရှင်းပြလိုက်တော့-

အင်း ဟုတ်နိုင်တယ် ဆရာမ။ ထိုးပြီး ချက်ချင်း အဖျားက လုံးဝပြန်မတက်တော့ ဘူး။ တော်တော် ထိရောက်တာပဲ။ ဒီဆေးက သွေးချို တက်တတ်မှန်း မသိခဲ့ဘူး။ ဒါဆို သွေးချိုဆေး တိုးသောက်ရမလား ဆရာမ”လို့ ဒေါ်ကြည်က ဆိုပါတယ်။

ခဏ စောင့်ကြည့်လိုက်ပါဦး . .နောက်တစ်ပတ်လောက်ဆို သူ့အလိုလို
သွေးချိုတွေ ပြန်ကျလာမှာ . . သွေးချိုဆေးတိုးလိုက်မိရင်လည်း သွေးချို အကျလွန်တာဖြစ် တတ်တယ်။ နောက်တစ်ပတ်မှာ မကျရင်တော့ဆေးတိုးပေးတာပေါ့။ ဖျားရင် ဆေးထိုး ဖို့ မဖြစ်မနေလိုမှ ထိုးသင့်ပါတယ်။ ရောဂါတွေဟာ အများအားဖြင့် ဆေးမထိုးဘဲ ကုသလို့ ရပါတယ်”

မသိလို့ပါ ဆရာမ . .ကျွန်မတို့က ဆေးမထိုးရင် ရောဂါမပျောက်ဘူးလို့ ထင်မိတာ။ ငယ်ငယ်က တည်းက နေမကောင်းရင် အမြဲဆေးထိုးပြီး ကုရတာ ဆိုတော့ ဆေးထိုးတာကို ပဲ အားသန်ကြတယ်။ ဆေးမထိုးပေးဘဲ ကုနေတဲ့ဆရာဝန်ကိုလည်း သိပ်မကြိုက်ကြ ဘူး”လို့ ဒေါ်ကြည်က သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောပြပါတော့တယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် တုပ်ကွေးရောဂါ ဆိုတာ တစ်ရက်-နှစ်ရက် အပြင်းဖျားလေ့ ရှိပြီး ဘာဆေးမှ မသောက်ရင်လည်း သုံးရက်ကျော်တာနဲ့ အလိုအလျောက် အဖျားကျသွား ပါတယ်။ တုပ်ကွေးမှန်ရင်ပေါ့လေ။ အကိုက်အခဲပျောက်ဆေး အဖျားကျဆေးတွေကို ဖျားနေစဉ် ဝေဒနာသက်သာဖို့အတွက် ပေးရတာပါ။

ထိုးဆေးနဲ့ဖြစ်ဖြစ်၊ သောက်ဆေးနဲ့ဖြစ်ဖြစ် နှစ်ရက်-သုံးရက်ကတော့ ဖျားမှာပဲ ဖြစ်ပါ တယ်။ တုပ်ကွေးပိုးသတ်တဲ့ဆေးကို သုံးလေ့မရှိပါဘူး။ အမြန်အဖျားကျတာကို လိုလား သူတွေအတွက် အဖျားကျဆေးအပြင် အရောင်ကျဆေးတွေ ထည့်ထိုးမိရင် သွေးချို တက် တဲ့အပြင် တခြားဆိုးကျိုးတွေ ရရှိနိုင်ကြောင်း သတိပြုဖို့ လိုပါတယ်။

Credit : ပါမောက္ခဒေါ်သန်းသန်းအေး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18