Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ရှိသူများ သားသမီး ရယူခြင်း

  14-Apr-2020
Preview Image

ကလေးရယူလိုတဲ့ HIV ပိုးရှိတဲ့ မိဘများဟာ ဒီကလေး ရယူခြင်းနှင့်ဆိုင် တဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းကို ကျွမ်းကျင်ပြီး အတွေ့အကြုံ ရှိသူများနှင့် ပြုလုပ် ဖို့လိုပါတယ်။ ကလေး မယူခင် ကလေးယူရင် ဘယ်လိုအကျိုးအပြစ်တွေရှိတယ်။

ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရနိုင်တယ်။ ရင်ဆိုင်ရရင် ဖြေရှင်းဖို့ ဘယ်လို နည်းလမ်းတွေ ရှိတယ်။ ဘာတွေလဲဆိုတာတွေကို ဝေဒနာရှင်တွေအနေနဲ့ ရှင်းရှင်း လင်းလင်း သိထားသင့်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သိပြီးမှသာ ကလေးယူရန် ဆက်လက်လုပ်ဆောင်ဖို့ သင့်၊ မသင့်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

HIV ပိုးရှိသူတွေအနေနဲ့ ကလေးရယူဖို့ ကြိုးစားရာမှာ တတ်နိုင်သလောက် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ အလေးထား အကြံပေးလေ့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဖြင့် HIV ပိုးမရှိသေးတဲ့ အိမ်ထောင်ဖက်မှာ HIV ပိုးကူးသွားနိုင်သလို၊ ကလေးမှာလည်း HIV ပိုး ကူးသွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးယဉ်ပါးတဲ့ HIV ပိုးတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ARV ဆေးသောက်နေတဲ့သူရဲ့ ကိုယ်ထဲက HIV ပိုးဟာ ARV ဆေးမသောက်သေး တဲ့ အိမ်ထောင်ဖက်ရဲ့ ကိုယ်ထဲကို ရောက်ရှိသွားတဲ့အခါ ARV ဆေးပြတ်သလိုဖြစ်ပြီး ဒီ HIV ပိုးဟာ ARV ဆေးဒဏ်ကိုခံနိုင်တဲ့ ဆေးယဉ်ပါး HIV ပိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ လိုပါတယ်။

HIVပိုးရှိသူများဟာ ကလေးရဖို့အတွက် ကြိုးစားရာမှာ ကျန်းမာရေးဆိုင်ရာ
ပြဿနာ တွေက ရှိတတ်သလို၊ ငွေကုန်ကြေးကျ များတာ၊ ကြိုးစားမှု အောင်မြင်ခြင်း မရှိတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်သောကများကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့လို့ တချို့ဆေးပညာရှင်များအနေနဲ့ ကလေး မွေးစားခြင်းကသာ HIV ပိုးရှိ ဝေဒနာရှင်တွေရဲ့ ကလေးရရှိဖို့ အကောင်းဆုံးနည်းလမ်းဟု ဆိုကြပါတယ်။ ဒါပေမဲ့ မိမိရဲ့ သွေးမဟုတ်လို့ တချို့သူများကတော့ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။

တချို့ကတော့ အမျိုးသမီး သားဥကြွေစဉ်ကာလကို သေချာစွာ လေ့လာတွေ့ချက်ပြီး အဲဒီအချိန်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့ နည်းလမ်းကို သုံးကြပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကြောင့် HIV ပိုးမရှိသေးတဲ့ အိမ်ထောင်ဖက်မှာ HIV ပိုးကူးစက်သွားရစေနိုင်တဲ့ ဆိုးကျိုးရှိနေပါတယ်။ HIV ပိုးကူးစက်ခံရသူဟာ ယောကျ်ားလား၊ မိန်းမလား၊ နှစ်ယောက် စလုံးလားဆိုတဲ့အပေါ် မူတည်ပြီး သုံးစွဲရမည့် နည်းလမ်း ကွဲပြားခြားနားစွာ အသုံးပြုကြ ပါတယ်။

၁။ အမျိုးသမီးဟာ HIV ပိုးရှိပြီး ယောကျ်ားမှာ HIV ပိုးမရှိတဲ့ စုံတွဲတွေမှာ မိမိဘာသာ၊ သို့မဟုတ် အကူအညီ ရယူပြီး သုက်သွေးသွင်းတဲ့၊ နည်းလမ်းကို သုံးကြပါတယ်။ ဒီစုံတွဲတွေဟာ သားဥကြွေချိန်ကို စနစ်တကျ သိရှိအောင်လုပ်ပြီး (ဥပမာ-ဆီးစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း။) သားဥကြွေချိန်မှာ သုက်ပိုးသေစေတဲ့ ဆေးမပါတဲ့ ကွန်ဒုံးကို သုံးပြီး လိင်ဆက်ဆံရပါတယ်။ ပြီးမှ ထွက်လာတဲ့ သုက်ရည်ကို မိန်းမကိုယ်ထဲကို ထည့်သွင်းရပါတယ်။ ဒါမှမဟုတ် ယောကျ်ားအနေနဲ့ ကိုယ့်ဟာကိုယ် သုက်ထွက်ရှိအောင် Masturbation လုပ်ပြီး ထွက်ရှိလာတဲ့ သုက်ရည်ကို ဆေးထိုးပြွန်နဲ့လုပ်ပြီး မိန်းမကိုယ်အင်္ဂါ ထဲ ထည့်ပေးလို့လည်း ရပါတယ်။

၂။ ယောကျ်ားမှာ HIV ပိုးရှိပြီး အမျိုးသမီးမှာ HIV ပိုးမရှိတဲ့စုံတွဲတွေမှာတော့ ရောဂါပိုးမရှိတဲ့ သုက်ပိုးကို သန့်စင်ရွေးချယ်ပြီး သန္ဓေတည်အောင် ကူညီလုပ်ဆောင်ပေးရပါတယ်။ သုက်ရည်မှာ သုက်ကောင်၊ အရည်ကြည်နဲ့ တခြားဆဲလ်တွေ ပါဝင်ပါတယ်။ HIV ပိုးဟာ သုက်ရည်ရဲ့ အရည်ကြည်နဲ့ တခြားဆဲလ်တွေထဲမှာ သာရှိပြီး တစ်ခါတစ်ရံမှသာ လှုပ်ရှားမှု မရှိတဲ့ သုက်ကောင်တွေထဲမှာ ပါတတ်ပါတယ်။ ဒါကြောင့်မို့ မျိုးအောင်နိုင်တဲ့ လှုပ်လှုပ်ရှားရှား သုက်ကောင်တွေမှာ HIV ပိုးပါဖို့ အခွင့်အလမ်းနည်းပါတယ်။

HIV ပိုး ကူးစက်ခံထားရတဲ့ အမျိုးသားရဲ့ သုက်ရည်ထဲက လှုပ်ရှားနေတဲ့ သုက်ကောင်ကို ပြုလုပ်နေကျ နည်းလမ်းနဲ့ ခွဲထုတ်ရပါတယ်။ ခွဲထုတ်လို့ရတဲ့ သုက်ကောင် ကို ဆေးရည်နဲ့ ဆေးကြောပြီး HIV ပိုး ရှိမရှိကို မျိုးရိုးဗီဇ စစ်တဲ့နည်းနဲ့ စစ်ဆေးပြီး HIV ပိုးမရှိတဲ့ သုက်ကောင်ကို ရွေးယူရပါတယ်။ ရရှိလာတဲ့ ရောဂါကင်တဲ့ သုက်ကောင်ကို ဇနီးအား ကိုယ်ဝန်ဆောင်စဉ်ဖို့အတွက် သုံးစွဲကြပါတယ်။ ကလေး မယူခင် ဘယ်လိုအကျိုး အပြစ်တွေ ရှိတယ်။ ဘယ်လိုပြဿနာကို ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရရင် ဖြေရှင်းဖို့ ဘယ်လို နည်းလမ်းတွေရှိတယ်။ ရရှိလာတဲ့ သုက်ကောင်ကို အောက်ပါ နည်းလမ်း သုံးခုထဲက သင့်လျော်တဲ့ နည်းလမ်းကိုသုံးပြီး သန္ဓေတည်စေဖို့ ကြိုးပမ်းရပါတယ်။

1.Intrauterine Insemination
2. In-Vitr-Fertilization
3.Intracytoplasmic Sperm

၃။ လင်မယား နှစ်ယောက်စလုံး HIV ပိုး ကူးစက်ခံထားရတဲ့ သူတွေမှာတော့ ကိုယ်ဝန်ဆောင်နိုင်မယ့် သားဥကြွေချိန်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို နည်းလမ်းတစ်ခု အနေနဲ့ သုံးစွဲကြပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ဆေးယဉ်ပါးတဲ့ HIV တွေ တစ်ယောက်မှ တစ်ယောက်ကို ကူးစက်စေနိုင်တဲ့အတွက် သတိထားဖို့ လိုပါတယ်။

Credit : ဒေါက်တာအောင်စန်း M.B.B.S (YGN)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18