Print

အိမ်ထောင်သည်များ အသက်အရွယ်မရွေး ကျန်းမာနေစေမည့် စမတ်ကျသော နည်းလမ်း ၇ သ...

  07-Apr-2020
Preview Image

ပေါင်းသင်းခဲ့တဲ့ နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာခဲ့၊ ကြာခဲ့ တစ်ဦးနဲ့တစ်ဦး အချစ်မပြယ်ဘဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာနေစေမယ့် စမတ်ကျကျ နည်းလမ်းတွေရှိပါတယ်။

(
) ခါး အတိုင်းအတာကို စောင့်ကြည့်ပါ
အိမ်ထောင်သည် အများစုဟာ ခါးတုတ်ပြီး ဗိုက်ပူလာတတ်ပါတယ်။ ဒါကြောင့် အထွေထွေကျန်းမာရေး ထိခိုက်စေနိုင်သလို ဆွဲဆောင်မှုလည်း လျော့ကျတတ်ပါတယ်။ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ သင်အဝလွန်ရင် သင့် အိမ်ထောင်ဖက် အဝလွန်နိုင်ခြေ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့် နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ တို့လို နာတာရှည် ရောဂါတွေ ဖြစ်နိုင်ခြေ မြင့်မားတာကြောင့် အဝမလွန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို လိုက်နာသင့်ပါတယ်။

(
) ငွေရေးကြေးရေး အတွက် အစီအစဉ် ဆွဲထားပါ
အိမ်ထောင်သည် ၄၀ ရာခိုင်နှုန်း နီးပါးဟာ ငွေရေးကြေးရေး သုံးစွဲမှုထက် ဖြုန်းတီးမှုကို လုပ်လေ့ရှိကြကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဇနီးမောင်နှံတွေ ရန်ဖြစ်ကြတဲ့ နံပါတ်တစ် အကြောင်းရင်းဟာ ငွေကြေးဖြစ်နေပါတယ်။ ဒါကြောင့် မိသားစုဝင်ငွေ၊ ထွက်ငွေတွေကိုစာရင်း ပြုစုကာ စိစစ်သုံးစွဲတတ်တဲ့ အလေ့အထကို လိုက်နာသင့်ပါတယ်။

(
) မိသားစု စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်ပါ
ဇနီးမောင်နှံတွေက ပေါင်းသင်းပြီး အချိန် ၁၀-၁၅ နှစ်ကြာတဲ့အထိ မိသားစု စည်းမျဉ်းကို ဘယ်လို ချမှတ်သင့်တယ်ဆိုတာ အငြင်းပွားနေဆဲ ဖြစ်တတ်ပါတယ်။ မတူညီတဲ့ မိသားစုနှစ်ခုက ပေါက်ဖွားလာသူ နှစ်ဦး ပေါင်းဖက်ကြတာဖြစ်လို့ သဘောထားတွေက ကွဲလွဲနေတတ်ပါတယ်။ အိမ်သန့်ရှင်းရေး၊ ကလေးစောင့်ရှောက်မှု၊ ဟင်းလျာချက်ပြုတ် ပြင်ဆင်မှု စတဲ့ အချက်တွေမှာလည်း သဘောထား ကွဲလွဲနေနိုင်တာကြောင့် ကလေးကို ဘယ်သူက ဘယ်အချိန်မှာထိန်းမယ်၊ အိမ်အလုပ်ကို တာဝန်ခွဲဝေ လုပ်ဆောင်မယ် စသဖြင့် စည်းမျဉ်း ချမှတ်ထားသင့်ပါတယ်။

(
) Sex ကိစ္စကို မေ့မထားသင့်ပါ
လက်ထပ်ထားတဲ့ စုံတွဲတွေက ပျမ်းမျှအားဖြင့် တစ်နှစ်မှာ Sex ကိစ္စ ၅၈ ကြိမ်ရှိပြီး တစ်ပတ်တစ်ကြိမ်ထက် အနည်းငယ် ပိုတယ်လို့ သိရပါတယ်။ ရှစ်နှစ်ကြာ လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ လက်ထပ်ထားတဲ့ စုံတွဲပေါင်း ၉၀ ရာခိုင်နှုန်းဟာ သားဦးကလေး မွေးပြီးချိန်မှာ Sex ကိစ္စ စိတ်ပါဝင်စားမှု လျော့ကျသွားလေ့ရှိကြောင်း သိရပါတယ်။ တကယ်တော့ သင်တို့ စုံတွဲ အနေနဲ့ တစ်ပတ်မှာ Sex ငါးကြိမ် ရှိတာပဲဖြစ်ဖြစ်၊ တစ်နှစ်မှာ Sex ငါးကြိမ်ရှိတာပဲဖြစ်ဖြစ် သင်တို့ နှစ်ဦးစလုံး ပျော်ရွှင်ကျေနပ်နေဖို့ပဲ အရေးကြီး ပါတယ်။ ၂၀၀၈ ခုနှစ် လေ့လာမှု တစ်ရပ်အရ အိမ်ထောင်သည်တွေမှာ လက်ချင်း ဆုပ်ကိုင်တာကနေ Sex ကိစ္စအထိ ထိတွေ့မှုကြောင့် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းထွက်နှုန်း လျော့ကျတာကို တွေ့ရှိရကြောင်း သိရပါတယ်။

(
) အဆင်ပြေအောင် နေထိုင်ပါ
အသက် ၂၀-၃၀ အရွယ်မှာ တစ်ကိုယ်တည်း နေထိုင်ရာမှ အိမ်ထောင်ပြုလိုက်တဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဈေးဝယ်ထွက်တာ၊ အိမ်သန့်ရှင်းရေး လုပ်ရတာ၊ ဟင်းလျာချက်ပြုတ် ပြင်ဆင်ရတာ စတဲ့ တောက်တိုမယ်ရ အလုပ်တွေကို ချောမွေ့နေအောင် လုပ်ဆောင်ရပါတယ်။ အဲဒီအခါ ပင်ပန်းနွမ်းနယ်မှုနဲ့ အဆင်မပြေမှုတွေကြောင့် တစ်ဦးနဲ့တစ်ဦး အငြင်းပွား ရန်ဖြစ်ရတာတွေ ရှိတတ်ပါတယ်။ အကြံပေးသူ ဒေါက်တာ ဂိုးစတိန်းကအိမ်ထောင်ရေးမှာ သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ မခွဲခြားသင့်သလို သူ့တာဝန်၊ ကိုယ့်တာဝန် မခွဲခြားဘဲ အတူတူ ကူညီလုပ်ဆောင် သင့်ပါတယ်လို့ ဆိုပါတယ်။

(
) အသက်ကြီးလာချိန်မှာ တက်တက်ကြွကြွ နေထိုင်ပါ
ကလေးတွေရလာပြီး အသက်ကြီးလာတဲ့အထိ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ စုံတွဲတွေက အိမ်ထောင်ရေးမှာ ပိုမိုစိတ်ကျေနပ်မှု ရရှိတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ မိသားစုလိုက် ကစားရတဲ့ တောင်တက်တာ၊ ပြေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ အသင့်အတင့်လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

(
) ရင်းနှီးသော အိမ်ထောင်သည်များနှင့် စကားစမြည် ပြောဆိုပါ
သင်တို့ စုံတွဲကြားမှာ အဆင်မပြေတဲ့ အဖုအထစ်တွေ ရှိနေလို့ပဲဖြစ်ဖြစ် ရင်းနှီးတဲ့ အိမ်ထောင်သည်တွေကို ရင်ဖွင့်ပြောဆိုလိုက်ပါ။ သူတို့ကလည်း သူတို့ကြားက အဆင်မပြေတဲ့ အခက်အခဲတွေကို ပြန်လည်ပြောပြပါ လိမ့်မယ်။ အဲဒီအခါ ဘယ်အိမ်ထောင်ရေးပဲဖြစ်ဖြစ် အသေးအမွှား ပြဿနာတော့ ရှိတတ်တယ်ဆိုတာ နားလည်ပြီး စိတ်ပေါ့ပါးသွားမှာ ဖြစ်ပါတယ်။

Credit : 
ကေအမ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18