Print

AIDS ရောဂါနှင့် ပတ်သက်သော အယူအဆအမှားများ

  08-Apr-2020
Preview Image

၁။ AIDS ရောဂါသည် ကုရာနတ္တိဆေးမရှိ၊ မုချသေရမည်

အထက်ပါ အယူအဆသည် မမှန်ပါ။ ရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေသော
ဆေးဝါးများ မပေါ်သေးသော်လည်း HIV ပိုး ပွားများမှုကို သိသာစွာ ထိန်းချုပ်နှိမ်နှင်းနိုင်သော Antiretroviral drug (ARV) ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ပြီး AIDS ရောဂါ ကုသရာတွင် တစ်ကမ္ဘာလုံးက လက်ခံကာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေပြီဖြစ်ပါသည်။

ARV ဆေးဝါးများကို လိုအပ်ပါက စောစီးစွာ မှီဝဲခြင်းဖြင့် ရောဂါတိုးတက်မှုကို ဟန့်တားနိုင်ပြီး သက်တမ်းရှည်စွာ နေထိုင်သွားစေနိုင်ပါသည်။ ဥရောပနှင့် အမေရိကန်နိုင်ငံများတွင် ပြုလုပ်ထားသော သုတေသနများအရ ARV ဆေးများကို မှီဝဲခြင်းဖြင့် AIDS ရောဂါကြောင့် သေဆုံးနှုန်းကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် AIDS သည် သေမိန့်တစ်ခု မဟုတ်တော့ဘဲ တစ်စုံတစ်ခုသော အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သော နာတာရှည်ရောဂါ (Chronic and manageable disease) တစ်ခုအဖြစ် တစ်ကမ္ဘာလုံးက လက်ခံလာကြပြီ ဖြစ်ပါ သည်။ မြန်မာနိုင်ငံ၌ ၎င်း ARV ဆေးဝါး ၄-၅ မျိုးကို အိန္ဒိယဆေးကုမ္ပဏီများက တင်သွင်းလာသောကြောင့် ဆေး ၂ မျိုးပေါင်းကို တစ်လလျှင် သုံးသောင်းခွဲ (သို့) သုံးမျိုးပေါင်းကို ငါးသောင်းခွဲခန့်ဖြင့် စားသုံးနိုင်ပြီ ဖြစ်ပါသည်။

၂။ လိင်ဆက်ဆံပြီး လိင်အင်္ဂါကို မဖောက်ထုံးရည်၊ ရှာလကာရည်ဖြင့် ဆေးကြောခြင်းဖြင့် HIV ပိုး ကူးစက်တာကို တားဆီးနိုင်ပါသည်။ လုံးဝ မမှန်ကန်ပါ။ လိင်အင်္ဂါကို ပိုမိုရောင် ရမ်းစေပြီး ရောဂါကူးစက်မှုကိုသာ ပိုမိုစေမည် ဖြစ်ပါသည်။

၃။ ကန်စွန်းရွက်စားခြင်းဖြင့် HIV ကူးစက်စေနိုင်သည်။ လုံးဝမမှန်ပါ။ HIV ပိုးမှာ အစားအသောက်ကြောင့် ကူးစက်ခြင်းမရှိပါ။

၄။ AIDS ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သည်။ မမှန်ပါ။ ယခုအချိန်ထိ တစ်ကမ္ဘာလုံးတွင် AIDS ရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေနိုင်သည့် ဆေးဝါးများ မပေါ်ပေါက်သေးပါ။ ရောဂါပိုးကို ထိန်းချုပ်နှိပ်နင်းနိုင်သော ARV ဆေးဝါးများ သည် ရောဂါတိုးတက်နှုန်းကို ဟန့်တားနိုင်ပြီး AIDS ရောဂါကြောင့် သေဆုံးနှုန်းကို သိသိသာသာ လျော့ချနိုင်သောကြောင့် တစ်ကမ္ဘာလုံးက လက်ခံသုံးစွဲနေသော တစ်မျိုးတည်းသော ဆေးဝါးအမျိုးအစား ဖြစ်ပါသည်။

ARV ဆေးများသည်သာ AIDS ဝေဒနာရှင်များအတွက် ယုံကြည်စိတ်ချစွာ အားထားစရာတစ်ခုတည်းသော ဆေးဝါးဖြစ်ပါသည်။ AIDS ရောဂါကို ပျောက်ကင်းအောင် ကုသပေးမည်ဟု ကြော်ငြာကာ ပိုက်ဆံမတန်တဆ တောင်းယူနေကြသူများ၏ လိမ်လည်မှုကို မခံရစေရန် မကုသမီ သေချာစွာ စုံစမ်းကြပါရန် တိုက်တွန်းအပ်ပါသည်။

၅။ တစ်ကြိမ်တစ်ခါ အပျော်အပါး လိုက်စားရုံဖြင့် HIV ကို မကူးစက်နိုင်ပါ။ မမှန်ပါ။ တစ်ကြိမ်တစ်ခါ အကာအကွယ်မဲ့ ရောဂါရှိသူနှင့် လိင်ဆက်ဆံမိပါက ရောဂါကူးစက်မှု အခွင့်အလမ်းမှာ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းရှိပါသည်။ ရောဂါရှိသူ၏ သွေးထဲတွင် HIV ပိုးများများပြားနေပါက(ဥပမာ-ရောဂါပိုးစတင်ဝင်ချိန်၊ ရောဂါ၏ နောက်ဆုံးအဆင့်) ရောဂါကူးစက်ဖို့ အခွင့်အလမ်းမှာ သာမန်ထက် အဆ ၁၀၀ မှ ၁၀၀၀ အထိ ပိုမိုများပြားစေပါသည်။

၆။ AIDS ရောဂါဆိုတာ ရောဂါပိုးဝင်ပြီး ၁၀ နှစ်ကြာမှ ပေါ်တာဆိုတော့ ငါတို့လို အသက်ကြီးတဲ့လူတွေအတွက် ဂရုစိုက်စရာမလို။ မမှန်ကန်ပါ။ ရောဂါတိုးတက်နှုန်းမှာ တစ်ဦးနှင့်တစ်ဦး မတူညီပါ။ တချို့တွင် ပိုးဝင်ပြီး နှစ်နှစ်၊ သုံးနှစ်အတွင်း AIDS အဆင့် သို့ ရောက်ရှိတတ်ပါသည်။ ထို့ပြင် ကလေးနှင့် အသက်ကြီးရင့်သူများ တွင် ရောဂါ တိုးတက်နှုန်းမှာ ပိုမိုမြန်ဆန်တတ်ပါသည်။ ထို့ကြောင့် အသက်ကြီးသော်လည်း ရောဂါ မရှိအောင် ရှောင်ကြဉ်သင့်ပါသည်။

Credit : ဒေါက်တာအောင်စန်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18