Print

ဘယ်သန်များအကြောင်း သိကောင်းစရာ

  22-Mar-2020
Preview Image

          လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းက ဘယ်သန်တွေ ဖြစ်ကြပါတယ်။ ဘယ်သန်ဖြစ်တာကြောင့် ညာသန်တွေနဲ့မတူဘဲ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ ဘယ်သန်၊ ညာသန်တွေ ဖြစ်ရတာက သန္ဓေသားရဲ့ အစောဆုံးအဆင့် ဖွံ့ဖြိုးမှုမှာကတည်းက ဖြစ်ပေါ်တတ်ပြီး တခြားလွှမ်းမိုးတဲ့ အကြောင်းတွေလည်း များစွာရှိနိုင်တယ်လို့ တက္ကဆက်တက္ကသိုလ်မှ စိတ်ပညာဆရာဝန်က ပြောပါတယ်။ သင်က ဘယ်သန်တစ်ယောက်ဖြစ်တာကြောင့် အားနည်းချက်၊ အားသာချက် ဘာတွေရှိလဲဆိုတာ သိရှိစေဖို့ ရေးသားလိုက်ပါတယ်။


မျိုးရိုးဗီဇသက်ဆိုင်ခြင်း

          ဘယ်သန်တွေဖြစ်တာက မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှု ရှိ၊ မရှိကို ဆေးပညာရှင်တွေက အတိအကျဖော်ထုတ်နိုင်မှုမရှိပေမယ့် ၂၅ ရာခိုင်နှုန်းက မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အများစုကလည်း ဘယ်သန်ဖြစ်ရတာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နိုင်တယ်ဆိုတဲ့ အချက်ထက် အရပ်မြင့်တာ၊ ဉာဏ်ကောင်းတာစတဲ့ အချက်တွေကိုသာ သတိထားမိတတ်ကြပါတယ်။


တွေးခေါ်မှုများ ကွဲပြားခြင်း

          ဘယ်သန်တွေနဲ့ ညာသန်တွေမှာ တွေးခေါ်မှုတွေလည်း ကွဲပြားကြတယ်လို့ ၂၀၁၉ ခုနှစ်က စတန်းဖို့တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ဘယ်သန်တွေနဲ့ ညာသန်တွေကို စာတစ်ပိုဒ်အတူတူပေးဖတ်လိုက်ပြီးနောက် သူတို့နားလည်သလို ပြန်ရှင်းပြခိုင်းတာ၊ မေးခွန်းမေးမြန်းတာတွေ ပြုလုပ်တဲ့အခါ ဘယ်သန်တွေနဲ့ ညာသန်တွေရဲ့ အတွေးအခေါ် မတူတာကို တွေ့ရပါတယ်။


အမြွှာကလေးများတွင် ပိုတွေ့ရခြင်း

          အမြွာကလေးအများစုက ရုပ်ချင်းအတော်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် တချို့ အမြွာတွေမှာ ရုပ်ချင်းဆင်တူတယ်။ မှဲ့ပါတာချင်းလည်းတူတယ်။ ဒါပေမယ့် တစ်ယောက်က ဘယ်ဘက်ပါးမှာမှဲ့ရှိပြီး နောက်တစ်ယောက်က ညာဘက်ပါးမှာမှဲ့ရှိနေတတ်တယ်။ တချို့အမြွာတွေက တစ်ယောက်က ဘယ်သန်ဖြစ်ပြီး တစ်ယောက်က ညာသန်တာမျိုးလည်းတွေ့ရပါတယ်။ ၁၉၉၆ ခုနှစ်က ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့ လေ့လာမှုအရ အမြွာကလေးတွေရဲ့ တစ်ဝက်လောက်က ဘယ်သန်တွေဖြစ်ကြပြီး ၂၁ ရာခိုင်နှုန်းက ဘယ်ရော၊ ညာပါ အသုံးပြုတတ်ကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။


အားကစားဘက်တွင် ထူးချွန်ခြင်း

          ဘယ်သန်အများစုက တင်းနစ်ကစားတာ၊ လက်ဝှေ့ထိုးတာ၊ ဘေ့စ်ဘောကစားတာတွေမှာ ညာသန်တွေထက် ပိုထူးချွန်ကြပါတယ်။ နှစ်ဖက်စလုံး အသုံးပြုနိုင်သူတွေကို နည်းပြတွေက လေ့ကျင့်ရာမှာ ညာသန်တွေထက် နှစ်ဆပိုမိုအဆင်ပြေတယ်လို့လည်း သိရပါတယ်။


ပညာရေးအပေါ် သက်ရောက်ခြင်း

          သြစတြေးလျသုတေသီတွေ ၂၀၀၉ ခုနှစ်က အသက် ၁၁ နှစ်အရွယ်ကလေးတွေမှာ ပြုလုပ်တဲ့အလေ့လာမှုအရ ဘယ်သန်ကလေးတွေက ပုစ္ဆာတွက်ချက်မှု၊ စကားလုံးကြွယ်ဝမှု၊ စာဖတ်စွမ်းရည်၊ စာရေးစွမ်းရည်စတာတွေမှာ ညာသန်ကလေးတွေလောက် ထူးချွန်မှုမရှိတာကို တွေ့ရပါတယ်။ ဘယ်ရော၊ ညာပါ နှစ်ဘက်စလုံးအသုံးပြုနိုင်တဲ့ကလေးတွေက ဘယ်သန်ကလေးတွေလောက် ထူးချွန်မှုမရှိဘူးလို့ သိရပါတယ်။ ဘယ်သန်ကလေးနဲ့ နှစ်ဖက်စလုံး အလုံးပြုနိုင်တဲ့ ကလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းအရည်က ညာသန်တွေနဲ့မတူ ကွဲပြားတာကြောင့် စာပေသင်ယူရာမှာ အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ လေ့လာမှုမှာ ပါဝင်တဲ့ လီရိုကပြောကြားပါတယ်။ နှစ်ဖက်စလုံးအသုံးပြုနိုင်တဲ့ ကလေးတွေက စာရေးရာမှာ ဘယ်လက်အသုံးပြုရမလား၊ ညာလက်အသုံးပြုရမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ဦးနှောက်က ချမှတ်ဖို့ အမြဲလွန်ဆွဲရပါတယ်။ ဘယ်သန်ကလေးတွေက ညာသန်ကလေးအများစုကြားမှာ အမြဲတွေဝေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် သင့်ကလေးက ဘယ်သန် ဒါမှမဟုတ် နှစ်ဖက်စလုံး အသုံးပြုနိုင်သူဖြစ်ပါက စာရေးတာကို ဘယ်လက်နဲ့ အသုံးပြုမလား၊ ညာလက်နဲ့ အသုံးပြုမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ငယ်စဉ်ကတည်းက ချမှတ်ပြီး သင်ကြားပေးပါ။

Credit : ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18